မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က စစ်အုပ်စုအထိုင်ချရာ ရုံးစည်ကြီးရွာ တိုက်နယ်စခန်းကို တော်လှန်ရေးတွေ ဝင်ရောက်သိမ်းပိုက်မှုမှာ စစ်အုပ်စုဘက်က ၆ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူတွေလည်းရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ရက် မနက်အစောပိုင်းက တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာမှာရှိတဲ့ စစ်အုပ်စုစခန်းကို တော်လှန်ရေးတပ်ရင်းတွေက လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ရင်း မြေပြင်ကနေပါ စစ်ကြောင်း ၃ခု နဲ့ ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။
ရုံးစည်ကြီးစခန်းမှာ စစ်သားနဲ့ ပျူစောထီး ၆၀ ကျော်၊ ၇၀ နီးပါး တပ်စွဲထားတာဖြစ်ပြီး တော်လှန်ရေးတပ်တွေဟာ စခန်းသိမ်းတိုက်ပွဲအဖြစ် ဆင်နွှဲခဲ့တာပါ။

စခန်းအတွင်းနဲ့ စခန်းအနီးပတ်ဝန်းကျင်မှာရှိတဲ့ စစ်အုပ်စုတပ်စွဲရာ နေရာတွေ၊ ဘန်ကာတွေကို တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းနဲ့အတူ လက်ရုန်း Droneတပ်ဖွဲ့နဲ့ မဟာမိတ်တပ်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စခန်းပြင်ပနေရာတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် စစ်အုပ်စု အခိုင်အမာတည်ဆောက်ထားတဲ့ စခန်းအတွင်းကို အနီးကပ် ဆက်လက်တိုက်ခိုက်ရင်း ပွဲချိန်ကြာမြင့်လာမှုနဲ့အတူ ခဲယမ်းမလုံလောက်တာ၊ ဂျက်ဖိုက်တာ၊ စက်တပ်လေထီးစတဲ့ စစ်တပ်လေကြောင်းပစ်ကူတွေ ရှိလာတာတွေကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။
“စခန်းပေါက်ဝ ဘန်ကာတွေအထိ ရှင်းလင်းနိုင်ခဲ့တယ်။ အတွင်းထဲကိုတော့ လက်နက်ခဲယမ်း မလုံလောက်တာ၊ ရဲဘော်ကျတာတွေကြောင့် မရှင်းလင်းနိုင်ခဲ့ဘူး။ ဘန်ကာတွေကိုတော့ လက်ပစ်ဗုံးတွေထည့်ပြီး ခွဲနိုင်ခဲ့ပါတယ်။”လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ၆ယောက် နေရာမှာတင် သေဆုံးပြီး ထိခိုက်ဒဏ်ပြင်းထန်သူ ၄ယောက် ရှိခဲ့ကြောင်းနဲ့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း က တပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးကာ ၄ ယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့လည်းသိရပါတယ်။