တနင်္သာရီတိုင်း၊ ပုလဲမြို့မှာ နေထိုင်တဲ့ CDM ကျောင်းဆရာမ ဒေါ်အေးသီအောင်နဲ့ ခင်ပွန်းဖြစ်သူကို သတ်ခဲ့တဲ့ တရားခံ ၄ယောက်ဟာ ပြည်သူ့စစ် တပ်သားဟောင်းတွေဖြစ်တယ်လို့ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။
ဒီဇင်ဘာ ၁၅ ရက် ညပိုင်းမှာ CDM ဆရာမနဲ့ ခင်ပွန်းဖြစ်သူတို့ သတ်ခဲ့တဲ့ တရားခံတွေဟာ KNDO တပ်ရင်း (၇) တပ်ခွဲ (၅) မှာ ချုပ်နှောင်ထားရာကနေ ထွက်ပြေးသွားတဲ့ အပြစ်သား ၄ယောက်ဖြစ်တဲ့ အောင်နိုင်ဦး၊ ဖြိုးဝေဦး၊ ဇော်ထိုင်နဲ့ ဝင်းစိုးတို့ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ ၄ယောက်ကို ပြန်လည်ဖမ်းမိခဲ့ပြီဖြစ်ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က မနေ့က ထုတ်ပြန်ပါတယ်။
“သူတို့က ထွက်ပြေးတဲ့အချိန်မှာ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ သိပြီး စပြီးတော့ လိုက်ရှာဖွေလိုက်တာပေါ့နော်။ ဒါပေမယ့် ၁ရက် ၂ရက် ၃ရက် ကြာတယ်ပေါ့။ ပြန်မိတဲ့အချိန်မှာ စုံစမ်းစစ်ဆေးတော့ သူတို့က CDM ဆရာမကို ခုတ်သတ်လိုက်တယ်။ ပြစ်မှုကျူးလွန်ခဲ့တာပေါ့” လို့ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက မောင်းကို ပြောပါတယ်။
ပြစ်မှုကျူးလွန်သူ တရားခံ ၄ယောက်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်သင်တန်းက ပြည်သူ့စစ် တပ်သားတွေဖြစ်ပြီး သင်တန်းကနေ ထွက်ပြေးကာ KNDO တပ်ရင်း (၇)ကို ရောက်ရှိလာပြီးနောက် အဲ့ကတဆင့် KNU တပ်မဟာ (၄) မှာ လာရောက် ပူးပေါင်းခဲ့တယ်လို့ ဆိုပါတယ်။
“သင်တန်းတက်ပြီး ထွက်ပြေးတယ်။ ထွက်ပြေးတော့ ကျနော်တို့ တပ်ခွဲ (၅) KNDO တပ်ရင်း (၇) ကို ရောက်လာတယ်။ ရောက်လာပြီးနောက်မှာ သူတို့ ကျနော်တို့အဖွဲ့နဲ့ လာပူးပေါင်းတယ်။ ဒါပေမယ့် သူတို့ အကျင့်မကောင်းဘူး။ ခိုးတယ်။ ဆေးသုံးတဲ့အတွက်ကြောင့် ကျနော်တို့ အချုပ်ခန်းထဲမှာ ထည့်တယ်။ ထည့်တဲ့အချိန်မှာ ထွက်ပြေးတယ်။ ထွက်ပြေးတဲ့အချိန်မှာ ပြစ်မှုကျူးလွန်တယ်” လို့ ပဒိုစောအယ်နားက ပြောပါတယ်။
အဆိုပါ တရားခံ ၄ယောက်ဟာ KNDO တပ်ရင်း (၇) တပ်ခွဲ (၅) မှာ ချုပ်နှောင်ခံထားရရာကနေ ဒီဇင်ဘာ ၁၃ ရက် မနက် ၄နာရီ ၅၀ မိနစ်အချိန်မှာ အကျဥ်းစခန်းကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းမှာ အပြစ်သားတစ်ယောက်ဖြစ်တဲ့ ဝင်းစိုးက ဗိုက်ဆာတယ်ဆိုပြီး CDM ဆရာမ ဒေါ်အေးသီအောင်ထံ ထမင်းတောင်းစားရာမှာ မပေးတဲ့အတွက် ဓားနဲ့ ခုတ်သတ်ခဲ့တာလို့ သိရပါတယ်။ အဲဒီနောက် အော်သံကြားလို့ ခင်ပွန်းဖြစ်သူက ထွက်ကြည့်ရာမှာ ကျန်တဲ့ ၃ ယောက်က ဒေါ်အေးသီအောင်ရဲ့ ခင်ပွန်းကို ဖမ်းချုပ်ထားပြီး ဝင်းစိုးက ထပ်မံ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
လူသတ်မှုကျူးလွန်ပြီးတဲ့နောက် နားကပ်၊ ဆွဲကြိုးနဲ့ လက်ကောက် စတဲ့ လက်ဝတ်ရတနာတွေကို ယူဆောင်ကာ ထိုင်းနိုင်ငံကို သွားဖို့ ကြိုးပမ်းချိန် ဒီဇင်ဘာ ၁၇ ရက်မှာ ၃ယောက်ကို ဖမ်းမိခဲ့ပြီး ကျန်တဲ့ ၁ယောက်ကို ၁၈ ရက်နေ့မှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
အခုလို နောက်ထပ်ပြစ်မှု ထပ်မံကျူးလွန်ခဲ့တဲ့ တရားခံ ၄ ယောက်ကို စုံစမ်းစစ်ဆေးပြီး KNU ရဲ့ ကော်သူးလေ တရားဥပဒေတွေနဲ့အညီ အပြစ်ပေး အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။