စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ထိခိုက်သေဆုံးမှု များခဲ့ကြောင်း ယင်းမာပင်ခရိုင် ဗျူဟာ အမှတ် (၄၇) ထံက သိရပါတယ်။
ဒီဇင်ဘာ ၁၆ ရက်နေ့က ရွှေတောင်းဦး (အကျိုးကန်းကုန်း) က ဗိုလ်မှူး ဇေယျာဝင်း ဦးဆောင်တဲ့ စစ်အုပ်စုဟာ အင်အား ၂၀၀ ဝန်းကျင်နဲ့ စုန်းချောင်းရွာ၊ အင်းဖျားရွာတွေကတဆင့် ပန်းတိန်ပြင်ရွာနဲ့ ကျောက်မှော်ရွာတွေထဲကို စစ်ကြောင်း ၂ကြောင်းခွဲပြီး ဝင်ရောက်တပ်စွဲခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဒီဇင်ဘာ ၁၇ ရက်မှာ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အဆိုပါ ကျေးရွာတွေထဲကို ဝင်ရောက်တိုက်ခိုက်ရာ အပြန်အလှန် ထိတွေ့တိုက်ပွဲ ၂နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်အုပ်စုဘက်က နမခကနေ လက်နက်ကြီးပစ်ကူတွေ လေကြောင်းပစ်ကူတွေ အများအပြား လုပ်ဆောင်ခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ၉ ယောက် သေကာ ၁၆ ယောက် ဒဏ်ရာရခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၂ယောက်လည်း ကျဆုံးခဲ့ပါတယ်။
“ထိတွေ့မှုက ကျောက်မှော်မှာ ဖြစ်တာပါ။ ကာကွယ်ရေးအဖွဲ့ဘက်က ဒဏ်ရာရတဲ့ ရဲဘော်တွေလည်း ရှိပါတယ်။ မစိုးရိမ်ရပါဘူး။ စခတွေ သေဆုံးမှုက သူတို့မြှုပ်ထားတဲ့ ခွေးအလောင်းတွေ ရှိတယ်။ ချင်းတွင်းမြစ်ကို တစ်ဖက်ကမ်းသယ်သွားတဲ့ ဒဏ်ရာရခွေးတွေကို ပြည်သူတွေ တွေ့ရှိတာလည်း ရှိတယ်။ ရန်သူက ကျနော်တို့ စိုးမိုးနယ်မြေကို ကျူးကျော်လာရင်တော့ ကျနော်တို့က တိုက်ခိုက်ရမှာပဲ” လို့ ယင်းမာပင်ခရိုင် ဗျူဟာ (၄၇) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကော်မရှင်တပ်သားတွေက ကျောက်မှော်ရွာ၊ ကျောက်ကုန်းရွာ၊ နှောပင်ရွာ၊ အင်းဘတ်ရွာနဲ့ ကြက်လျှာရွာတွေက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်ကာ အိမ်ခြေ ၂၃၈ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီဇင်ဘာ ၁၉ ရက်မှာ နမခကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
“ပြည်သူလူထုရဲ့ နေအိမ်ကို မီးရှို့တာ သူတို့ရဲ့ နောက်ပိုင်းမှာ ပြန်လည်အသုံးပြုတဲ့ သူတို့ဗျူဟာလို့ ပြောရမလားပေါ့။ အခုနောက်ပိုင်း ပြည်သူတွေကို ပြန်ပြီးတော့ စိတ်ဓာတ်ကို ရိုက်သွင်းတာက ဒီ PDF အဖွဲ့တွေက ကျည်ပေါက်တာနဲ့ သူတို့နေအိမ်တွေကို မီးရှို့တယ်ဆိုတဲ့ သဘောမျိုး ပြန်သွင်းတဲ့ အနေအထားရှိတယ်။ ဒါပေမယ့် ကျနော်တို့ ဒီဘက်က ပြည်သူလူထုကလည်း စစ်တပ်ရဲ့ ယုတ်မာမှုကို မြင်ပါတယ်” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။
အထက်ပါ တိုက်ပွဲမှာ ယင်းမာပင်ခရိုင် ပူးပေါင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ YMB Column (ယင်းမာပင်မြို့နယ်စစ်ကြောင်း)၊ ယင်းမာပင်မြို့နယ် ပကဖလက်ရုံးတပ် ULF စစ်ကြောင်း၊ ကနီ9+စစ်ကြောင်း၊ ယင်းမာပင်ခရိုင် အမှတ် (၉) တပ်ရင်း၊ BNRA၊ ကနီမြို့နယ် ပကဖလက်ရုံးတပ်၊ ဆားလင်းကြီးမြို့နယ် ပကဖလက်ရုံးတပ်၊ ဘုတလင်တော်လှန်ရေးအင်အားစုနဲ့ ရတနာပုံကျောင်းသားတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။


