The Sentry နဲ့ Justice For Myanmar တို့ ပူးတွဲထုတ်ပြန်တဲ့ စာတမ်းအရ မြန်မာစစ်အုပ်စုဟာ သူတို့အပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်လွှဲဖို့နဲ့ နိုင်ငံရေးအရ တရားဝင်မှု အတုအယောင်ရရှိဖို့အတွက် အဖွဲ့အစည်းအမည်တွေကို ပြောင်းလဲခြင်းနဲ့ အမေရိကန်ပြည်ထောင်စုမှာ လော်ဘီတွေ ငှားရမ်းတာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စစ်အုပ်စုဟာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်မှာ ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ စစ်ကောင်စီ ခေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို ဖျက်သိမ်းပြီး စစ်ကော်မရှင်လို့ ခေါ်ကြတဲ့ နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင် (SSPC) အဖြစ် အမည်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အမည်ပြောင်းလဲလိုက်တဲ့ SSPC ဟာလည်း ယခင်စစ်ဗိုလ်ချုပ်ကြီးတွေကပဲ ဆက်လက်ထိန်းချုပ်ထားပြီး လုပ်ငန်းတာဝန်တွေမှာလည်း အပြောင်းအလဲမရှိဘဲ အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုနဲ့ အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်မှုတွေကို ဆက်လက် ကျူးလွန်နေဆဲဖြစ်တယ်လို့ စာတမ်းက ထောက်ပြထားပါတယ်။
“ခေါင်းစည်းစာသားကလွဲရင် ဘာအပြောင်းအလဲမှကိုမရှိတာ… စစ်အုပ်စုရဲ့ အမည်ပြောင်း လုပ်ရပ်ဟာ သူတို့တွေအနေနဲ့ အရပ်သားပြည်သူတွေကို ဘာအပြစ်ဒဏ်မှ မခံရဘဲ စိတ်တိုင်းကျ သတ်ဖြတ်နေတဲ့အချိန်မှာ၊ တဖက်ကလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ရှားနိုင်ဖို့နဲ့ သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် မဟုတ်မမှန် လုပ်ကြံဇာတ်လမ်းတွေ ဖန်တီးနိုင်ဖို့တွေ အတွက် ရည်ရွယ်လုပ်ဆောင်တဲ့ ကြိုးပမ်းမှုတစ်ရပ်သာ ဖြစ်ပါတယ်” လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုပါတယ်။
ဒါ့အပြင် အမည်ပြောင်းလဲပြီး ရက်ပိုင်းအတွင်းမှာပင် စစ်အုပ်စုဟာ အမေရိကန်အခြေစိုက် DCI Group AZ၊ LLC နဲ့ The McKeon Group လော်ဘီအဖွဲ့နှစ်ဖွဲ့ကို ငှားရမ်းကာ အမေရိကန်အစိုးရကို စည်းရုံးဖို့နဲ့ သူတို့ရဲ့ ပုံရိပ်ကို ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းလာနေတယ်လို့ သိရပါတယ်။
အခုလို နိုင်ငံရေးဝန်ဆောင်မှုတွေ ပေးအပ်တာဟာ စစ်ရာဇဝတ်မှုကျူးလွန်နေသူတွေကို အားပေးကူညီရာရောက်ပြီး ကြီးလေးတဲ့ ဥပဒေကြောင်းနဲ့ ကျင့်ဝတ်ဆိုင်ရာ အန္တရာယ်တွေရှိနေကြောင်းကိုလည်း The Sentry က သတိပေးထားပါတယ်။
The Sentry ရဲ့ အမှုဆောင်ဒါရိုက်တာ Justyna Gudzowska က “စစ်အုပ်စုဟာ ၎င်းတို့ရဲ့ပုံရိပ်ကို ပြန်လည်တည်ဆောက်နေပြီး၊ ၎င်းတို့အုပ်ချုပ်မှုကို ပုံမှန်အခြေအနေတခုလို ဖြစ်လာစေဖို့ နိုင်ငံရပ်ခြားက အားပေးကူညီသူတွေရဲ့ ပံ့ပိုးမှုကို ရယူ အသုံးချနေပါတယ်။ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် တာဝန်ရှိတဲ့စစ်အုပ်စုကို အကျိုးဖြစ်ထွန်းစေမယ့် နိုင်ငံရေးဝန်ဆောင်မှုတွေ ပေးအပ်ခြင်းဟာ ကြီးလေးတဲ့ ဥပဒေကြောင်းဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ၊ ဂုဏ်သိက္ခာဆိုင်ရာ အန္တရာယ်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်” လို့ ပြောပါတယ်။
ဒါကြောင့် အမေရိကန်၊ ယူကေ၊ ဥရောပသမဂ္ဂအပါအဝင် မိတ်ဖက်အစိုးရတွေအနေနဲ့ စစ်ကော်မရှင် SSPC ကို ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှာ ချက်ချင်းထည့်သွင်းပေးဖို့နဲ့ ဒဏ်ခတ်ပိတ်ဆို့မှု စနစ်ရဲ့ဟာကွက်တွေကို အမြန်ဆုံးပိတ်ဆို့ပေးဖို့ တိုက်တွန်းတောင်းဆိုလာတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်အုပ်စု ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို လူသိရှင်ကြားရှုတ်ချဖို့၊ ရလဒ်ကို ငြင်းပယ်ဖို့နဲ့ ပုဂ္ဂလိကကဏ္ဍအနေနဲ့လည်း စစ်အုပ်စုနဲ့ ပတ်သက်နေမှုတွေကို အမြန်ဆုံးဖြတ်တောက်ပေးဖို့ကို အလေးအနက်ထား တောင်းဆိုထားတာ ဖြစ်ပါတယ်။