တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ ၁၂ ယောက် သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက် ညနေပိုင်းက လောင်းလုံးမြို့ပေါ်ကနေ ညင်းမော်ရွာဘက်သို့ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးပြီး ပြည်သူ့နေအိမ်တွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် နိုဝင်ဘာလ ၁၂ ရက် မနက်မှာလည်း လောင်းလုံးမြို့နယ် ညင်းမော်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေ ရင်းဘုတ်ရွာ ဆီအုန်းတောသို့ ထွက်ခွာလာစဉ် တော်လှန်ရေးပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ အထိနာပြီး လောင်းလုံးမြို့ပေါ်သို့ ပြန်လည် ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၄ ရက် နံနက်ပိုင်းမှာလည်း လောင်းလုံးမြို့ပေါ်ကနေ စစ်ပြဲရွာ ဘုန်းကြီးကျောင်းအနီးသို့ ရောက်ရှိလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အထိနာပြီး လောင်းလုံးမြို့ထဲ ပြန်လည်ဆုတ်ပြေးသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ လောင်းလုံးမြို့ပေါ်ကနေ လက်သည်းရှည်တောင်ပေါ်သို့ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းကို တည့်တည့်ထိမှန်ကာ အထိနာပြီး လောင်းလုံးမြို့ထဲ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း အကြမ်းဖက်စစ်သား ၁၂ ယောက်ထက်မနည်း သေဆုံးကာ အများအပြားဒဏ်ရာရရှိသွားပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၃ ယောက် ကျဆုံးခဲ့သလို ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို လောင်းလုံး(ပကဖ) ထားဝယ်ခရိုင်တပ်ပေါင်းစုနဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ DNLA (ဒရုန်းအဖွဲ့) ၊ နွေဦးပြောက်ကျားတပ်ဖွဲ့၊ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့၊ ကျောင်းသား တော်လှန်ရေးတပ်ဖွဲ့ ၊ ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့နဲ့ ဒေါနတပ်ခွဲ ၇ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Video – လောင်းလုံးမြို့နယ်ပကဖ