ပဲခူးတိုင်း အုတ်ဖို့မြို့နယ်အတွင်း စစ်ဆေးရေးဂိတ်ကနေ ပေါ်တာဆွဲဖို့လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် ဇော်ထွန်းဝင်းအပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၁၉ ရက် ညပိုင်းက အုတ်ဖိုမြို့နယ် စစ်ဆေးရေးဂိတ်ကနေ ပေါ်တာဆွဲဖို့ ထွက်လာတဲ့ စစ် သားနဲ့ ရဲတွေကို ရန်ကုန်-ပြည်ကားလမ်းမပေါ်မှာ တော်လှန်ရေးရဲဘော်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ကျနော်တို့က သတင်းကြိုရထားတာပါ။ ဆိုင်ကယ်က ၅ စီး… အင်အားက ၁၀ ယောက်ဗျ” လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၅ မိနစ်ကြာဖြစ်ပွားခဲ့ပြီး ဒုရဲအုပ် ဇော်ထွန်းဝင်းအပါအဝင် တပ်သား ၄ ဦးနေရာမှာတင် သေဆုံးသွားပြီး နောက်ထပ် ၂ ဦးလည်း ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
“တိုက်ခိုက်မှုအပြီး မနက် ၇ နာရီခွဲ မိုးစင်စင်လင်းအချိန်မှာ သူတို့အလောင်းတွေကို လာကောက်တယ်။ နောက် ဒဏ်ရာပြီး ထွက်ပြေးသွားတဲ့ ၂ ယောက်ကလည်း ထပ်သေတယ် ဆေးရုံကျမှ။ ဆိုတော့ စုစုပေါင်း ၆ ဦး သေဆုံးဖြစ်သွားတယ်။ အနားမှာလည်း ပြည်သူအိမ်သိပ်မရှိတော့ ဟိုဖမ်း ဒီဖမ်းတော့ မရှိဘူး။ သေနတ်တွေတော့ ဖောက်တယ် ဒီလောက်ပါပဲ” လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားတွေထံက G3 သေနတ် ၂ လက်၊ G3 ကျည် (၂၅ တောင့်)၊ ကျည်ဘောက် ၂ ခု၊ ဓားမြှောင် ၁ ချောင်း၊ ဖျူ့စ် ၁ ချောင်း၊ မိုဘိုင်းဖုန်း ၁ လုံးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေက ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
Video – ပေးပို့