စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အထိနာသွားတဲ့ စစ်အုပ်စုက ကျေးရွာ ၇ ရွာက နေအိမ်ပေါင်း ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယင်းမာပင်ခရိုင် ပကဖက သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းက မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ အင်အား ၁၅၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းဟာ အောင်ဇေယျအကျိုးကုန်းကတဆင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်း ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။
အကြမ်းဖက်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ခုခံတိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက် ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ယောက်လည်းကျဆုံးခဲ့ကြောင်း ယင်းမာပင်ခရိုင်ပကဖ ကထုတ်ပြန်ပါတယ်။
ကျဆုံးရဲဘော်တွေဟာ ယင်းမာပင်ခရိုင် အမှတ် ၁၇ တပ်ရင်း၊ B21 Kani PDF နဲ့ YMB Column တို့ကဖြစ်ကြောင်း မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်က ပြောပါတယ်။
အကြမ်းဖက်စစ်ကြောင်းကို ယင်းမာပင်ခရိုင် ပကဖစစ်ရေးတာဝန်ခံနဲ့အတူ ကနီ၊ ဆားလင်းကြီး၊ ယင်းမာပင်မြို့နယ် PDF၊ ပကဖ စစ်ကြောင်းတွေက ပူးပေါင်းခုခံ တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ခရိုင်/မြို့နယ်အုပ်ချုပ်ရေး အဖွဲ့တွေကလည်း လိုအပ်တာတွေ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အထိနာသွားတဲ့ အကြမ်းဖက်စစ်ကြောင်းရဲ့ မီးရှို့ဖျက်စီးမှုကြောင့် ကျောက်မှော်၊ ကျောက်ကုန်း၊ နှောပင်၊ ကျွန်းပေါ်၊ အင်းဘက်၊ ကြက်လျှာနဲ့ ပတိန်ပြင်စတဲ့ ကျေးရွာတွေက နေအိမ် အလုံး ၂၂၀ ကျော် မီးလောင်ပျက်စီးခဲ့ရပြီး အရပ်သား ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
“အခုလက်ရှိ မီးရှို့ခံရွာတွေက စစ်ရှောင်ပြည်သူတွေများပါတယ်” လို့ မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းကို ပြောပါတယ်။
ဒါ့အပြင် မီးဘေးသင့် ပြည်သူတွေအတွက် ဆက်သွယ်ကူညီလှူဒါန်းနိုင်တယ်လို့လည်း ယင်းမာပင်ခရိုင်ပကဖက အသိပေးထားပါတယ်။
အကြမ်းဖက်စစ်ကြောင်း မီးရှို့ခဲ့သည့် နေအိမ်များ (ဓာတ်ပုံ ဒေသခံပေးပို့) 






