စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ အင်အား ၂၀၀ ခန့်နဲ့ အထိုင်ချတပ်စွဲနေတဲ့ စစ်ကော်မရှင်တပ်သားတွေ ရှိရာနေရာကို ၆၀ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ယောက် သေဆုံးကာ ၃ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ ထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက် ညနေ ၄ နာရီခွဲအချိန်နဲ့ ည ၈ နာရီအချိန် ချောင်းဦးမြို့နယ်က အမြင့်ခြံထဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ၆၀မမ၊ အဖူးရေ ၅၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“အစက အင်အားက ၂၀၀ မရှိဘူး… သူတို့ မုံရွာကနေပြီး အမြန်ယာဉ် ၂ စီးနဲ့ အင်အားလာဖြည့်သွားတဲ့ အနေအထားမျိုးဗျ။ အင်အားလာဖြည့်သွားတာကလည်း ၂ ပတ်ကျော် ၃ ပတ်လောက်တော့ ရှိပြီ” လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
အဲဒီ စစ်ကောင်စီတပ်တွေ အထိုင်ချတပ်စွဲနေတဲ့ အမြင့်ခြံမှာ တပ်စွဲထားတဲ့ စစ်သားတွေဟာ လမ်းသွားလမ်းလာ ပြည်သူတွေကို ခြိမ်းခြောက်ငွေတောင်းမှုတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
တော်လှန်ရေးရဲဘော်တွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုဟာ အဆိုပါ အမြင့်ခြံထဲကို တည့်တည့်ကျရောက် ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁ယောက် သေဆုံးကာ ၃ ယောက် အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
“ထိခိုက်သေဆုံးမှုကတော့ ၃ ယောက် အပြင်းအထန် ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ ပြီးတော့ စခန်းအတွင်းက အဆောင်တခု အမိုးတွေ ပျက်စီးသွားပြီး ၁ယောက် သေဆုံးတယ်လို့ သိရပါတယ်” လို့ အထက်ပါ တာဝန်ရှိသူကဆိုပါတယ်။
တိုက်ခိုက်မှုအပြီး စစ်ကော်မရှင်တပ်သားတွေက ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့နဲ့အတူ မုံရွာခရိုင်ပကဖ လက်ရုံးတပ်၊ မုံရွာခရိုင်- အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ (၃) လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင်- အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ (၄) မီးတောက်တပ်ခွဲ အပါအဝင် မဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

