ပြီးခဲ့တဲ့ ရက်ပိုင်းက KNLA ရဲဘော်တွေနဲ့ အချင်းများရာကနေ PDF ရဲဘော်တွေ ဖမ်းဆီးခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေ ညှိနှိုင်းအဆင်ပြေကာ ဖမ်းဆီးခံရသူတွေ ပြန်လည်ရောက်ရှိလာကြောင်း သိရသလို ကရင်နှစ်သစ်ကူးနေ့မှာလည်း NUG လက်အောက်ခံ ဗျူဟာမှူးနဲ့ တပ်ရင်းမှူးတွေ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီမနက် ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်ပွဲကို KNU ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ကစယ်ဒိုမြို့နယ်အတွင်း ပြုလုပ်ခဲ့ပြီး မြို့နယ်ဥက္ကဌ ပဒိုစောအယ်ဆဲ၊ KNLA တပ်ရင်း (၁၂) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောဒါးဒါး၊ NUG လက်အောက်ခံ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း (T5) တပ်ရင်းမှူး မင်းသားကြီးတို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီဇင်ဘာလ ၁၇ ရက်နေ့တုန်းက အမှတ် (၃၃) နည်းဗျူဟာရဲ့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကို အပါအဝင် ရဲဘော် ၅၀ နီးပါးဟာ စစ်ဆင်ရေးကိစ္စနဲ့ ခရီးသွားရင်း ထိန်းသိမ်းခံလိုက်ရတာ ဖြစ်ပါတယ်။ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်း ရဲဘော်နဲ့ KNU တပ်မဟာ (၄) အောက် တပ်ရင်း (၁၂) တပ်ခွဲ (၂) ရဲဘော်တို့ အချင်းများရာကနေ အခုလို ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။





အဲဒီနောက် နှစ်ဖက်တာဝန်ရှိသူတွေ ညှိနှိုင်း အဆင်ပြေခဲ့ကြပြီး ကရင်နှစ်သစ်ကူးနေ့မှာ PDF ရဲဘော်တွေ ပြန်လည်ရောက်ရှိလာကြောင့် နည်းဗျူဟာမှူး စောဒါးကိုက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားအသိပေးခဲ့ပါတယ်။
“Happy Karen New year နှင့်အတူ ဒီနေ့ ထားဝယ်ခရိုင်တပ်ရင်း ၂ ရဲဘော်များအားလုံး မိခင်တပ်ရင်းသို့ လက်နက်နဲ့အတူ ပြန်ရောက်ပါပြီ။ ကျနော်တို့ မဟာမိတ်ညီအကိုတွေ ၂ဖက် သဘောထားကြီးကြီးနှင့်ညှိနှိုင်း
အောင်မြင်မှု့ပါ …တော်လှန်ရေးအတွက် ကူညီတဲ့အသံဘဲ့ကြားပါရစေ ဘေးထိုင်ပြီး သွေးခွဲတဲ့ စကားတွေ သပ်လျှိုမှု့တွေမြင်လာရတဲ့အတွက်လည်း ရပ်သင့်ပါပြီ… မြေပြင်မှာခက်ခဲနေကြတဲ့ ကျနော်တို့တော်လှန်ရေးညီအကိုတွေကို အရမ်းဖိအားမပေးကြပါနဲ့ကျနော်တို့ကသာ အသိဆုံးပါ အပြစ်ရှိတဲ့
သူကိုလည်း စစ်စည်းကမ်းဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်” လို့ ဒီဇင်ဘာ ၁၉ ရက်မှာ ရေးသားဖော်ပြခဲ့တာပါ။
အခုလို နှစ်ဖက်ညှိနှိုင်းအဆင်ပြေပြီးတဲ့နောက် NUG လက်အောက်ခံ နည်းဗျူဟာမှူးနဲ့ တပ်ရင်းမှူးတွေ KNU ရဲ့ ကရင်အမျိုးသားနေ့ အထိမ်းအမှတ်ပွဲတက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့ကြတာ ဖြစ်ပါတယ်။




