တနင်္သာရီတိုင်း၊ ပုလောမြို့မှာ နေထိုင်တဲ့ CDM ပညာရေးဝန်ထမ်း ဒေါ်အေးသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ အသတ်ခံရမှုအတွက် တရားခံတွေကို ဖမ်းမိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ဒီနေ့ည ထုတ်ပြန်ပါတယ်။
KNDO တပ်ရင်း (၇) တပ်ခွဲ (၅) မှာ ချုပ်နှောင်ထားတဲ့ အပြစ်သား ၄ယောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး အဆိုပါ သတ်ဖြတ်မှုဖြစ်စဥ်အပြီးမှ ပြန်လည်ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း သိရပါတယ်။
အပြစ်သား ၄ယောက်ဖြစ်တဲ့ အောင်နိုင်ဦး၊ ဖြိုးဝေဦး၊ ဇော်ထိုက်နဲ့ ဝင်းစိုးတို့ဟာ KNDO တပ်ရင်း (၇) တပ်ခွဲ (၅) မှာ ချုပ်နှောင်ခံထားရရာကနေ ဒီဇင်ဘာ ၁၃ ရက် မနက် ၄နာရီ ၅၀ မိနစ်အချိန်မှာ အကျဥ်းစခန်းကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းမှာ အပြစ်သားတစ်ယောက်ဖြစ်တဲ့ ဝင်းစိုးက ဗိုက်ဆာတယ်ဆိုပြီး CDM ဆရာမ ဒေါ်အေးသီအောင်ထံ ထမင်းတောင်းစားရာမှာ မပေးတဲ့အတွက် ဓားနဲ့ ခုတ်သတ်ခဲ့တာလို့ သိရပါတယ်။ အဲဒီနောက် အော်သံကြားလို့ ခင်ပွန်းဖြစ်သူက ထွက်ကြည့်ရာမှာ ကျန်တဲ့ ၃ယောက်က ဒေါ်အေးသီအောင်ရဲ့ ခင်ပွန်းကို ဖမ်းချုပ်ထားပြီး ဝင်းစိုးက ထပ်မံ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
လူသတ်မှုကျူးလွန်ပြီးတဲ့နောက် နားကပ်၊ ဆွဲကြိုးနဲ့ လက်ကောက် စတဲ့ လက်ဝတ်ရတနာတွေကို ယူဆောင်ကာ ထိုင်းနိုင်ငံကို သွားဖို့ ကြိုးပမ်းချိန် ဒီဇင်ဘာ ၁၇ ရက်မှာ ၃ယောက်ကို ဖမ်းမိခဲ့ပြီး ကျန်တဲ့ ၁ယောက်ကို ၁၈ ရက်နေ့မှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ တရားခံတွေ ထွက်ပြေးတဲ့နေ့ကတည်းက လိုက်လံ ရှာဖွေဖမ်းဆီးခဲ့ပေမယ့် ဖမ်းမိပြီး စုံစမ်းစစ်ဆေးချိန်ကျမှသာ အထက်ပါ လူသတ်မှုဖြစ်စဥ်ကို ကျူးလွန်ထားကြောင်း သိရတယ်လို့ ဆိုပါတယ်။
အခုလို နောက်ထပ်ပြစ်မှု ထပ်မံကျူးလွန်ခဲ့တဲ့ တရားခံ ၄ ယောက်ကို စုံစမ်းစစ်ဆေးပြီး KNU ရဲ့ ကော်သူးလေ တရားဥပဒေတွေနဲ့အညီ အပြစ်ပေး အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
