စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာတွေကို မီးရှို့ဖျက်ခဲ့တဲ့အတွက် ပြည်သူထောင်ပေါင်းများစွာ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေး ခဲ့ရတယ်လို့ ယင်းမာပင်ခရိုင် ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ အင်အား ၁၅၀ ခန့်ရှိတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းကျေးရွာတွေကို စစ်ကြောင်းထိုးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပစ်ခဲ့တယ်လို့ သိရပါတယ်။
ဒေသခံပြည်သူထောင်ပေါင်းများစွာဟာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါအကြမ်းဖက်စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်ရင်း၊ တပ်ဖွဲ့တွေက ခုခံတိုက်ခုက်ခဲ့ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးခန့် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း PDF ရဲဘော် ၂ ဦးလည်း မြင့်မြတ်စွာ ကျဆုံး ခဲ့ရတယ်လို့ သိရပါတယ်။
အထိနာသွားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ဒီဇင်ဘာ ၁၉ ရက်က ပြန်လည်ဆုတ်ခွာထွက်ပြေးသွားပြီး ပြည်သူလူထုနေအိမ် ၂၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမီးဘေးသင့်ပြည်သူများအတွက် စားဝတ်နေရေးအခက်အခဲများ ရင်ဆိုင်နေပြီး မိဘပြည်သူ များအနေနဲ့ ကူညီလှူဒါန်းပေးကြဖို့ ယင်းမာပင်ခရိုင်ပကဖက မေတ္တာရပ်ခံထားပါတယ်။
Video – ယင်းမာပင်ခရိုင်ပကဖ