မကွေးတိုင်း၊ မင်းဘူးနဲ့ သရက်ခရိုင်အတွင်းက မြို့နယ်တွေမှာ စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲအကြို နေအိမ်တိုင်းလိုလို အလံတွေ ထောင်ထားကြဖို့နဲ့ မလိုက်နာသူတွေကို ဖမ်းဆီးအရေးယူဖို့ လုပ်ဆောင်နေကြောင်း ဒေသသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
မကြာခင်ပြုလုပ်မယ့် ရွေးကောက်ပွဲအတုကို အရပ်သားတွေ ထောက်ခံကြိုဆိုတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်အောင် စစ်အုပ်စုက အခုလိုလုပ်ဆောင်လာတာဖြစ်ပြီး လက်ရှိမှာ ကျေးရွာတွေထဲ စတင် ဖိအားပေး လုပ်ဆောင်နေပြီလို့ သိရပါတယ်။
အိမ်ထောင်စုတစ်စုကို အလံတိုင်တစ်ခုထောင်ထားရမှာဖြစ်ပြီး ကျေးရွာတချို့မှာ အလံနဲ့ ဝါးညှပ်တိုင်တွေအတွက် စစ်အုပ်စုလက်ပါးစေ ရပ်ကျေးအာဏာပိုင်တွေဆီကနေ ငွေပေးဝယ်ယူရတာမျိုးတွေအထိ ရှိနေတယ်လို့လည်း သိရပါတယ်။
“အုပ်ချုပ်ရေးမှူးတွေက အိမ်တိုင်းအလံထောင်ရမယ်ပြောတယ်။ နောက်ပြီး အလံဝယ်ရင်လည်း သူတို့ဆီကပဲ ဝယ်ရမယ်ပေါ့။ အလံတစ်ခု ငွေ ၂သောင်းပေးရမယ် ပြောတယ်။ ရွေးကောက်ပွဲနီးတော့ အလံတွေ ထောင်စေချင်တယ်။ သူတို့ကို ထောက်ခံတဲ့သူများတယ်ဆိုပြီး လိုချင်တာပေါ့ဗျာ။” လို့ ပြည်သူ့ညီနောင်-စလင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
သူရဲ့ပြောပြချက်အရ အထက်ပါခရိုင်အတွင်းက နေအိမ်တိုင်းလိုလိုမှာ လာမယ့် ဒီဇင်ဘာလ ၃၀ရက်နေ့ကနေ ဇန်နဝါရီလ ၄လရက်နေ့အတွင်း အလံတွေထောင်ထားရမှာဖြစ်ကြောင်းနဲ့ မလိုက်နာတဲ့သူတွေကို ထောင်ချ အရေးယူမယ်လို့ စစ်အုပ်စုက ခြိမ်းခြောက်ထားကြောင်း သိရပါတယ်။

“အလံမထောင်တာနဲ့ ဘယ်လိုဥပဒေနဲ့ အရေးယူမလဲတော့မသိဘူး။ အလံကိုအပုပ်ချတာ၊ နိုင်ငံကို သိက္ခာချမှသာ အရေးယူမယ်လို့ ဖတ်ဖူးတာပါ။ အခုလို အလံမထောင်တာနဲ့ အရေးယူမယ်ဆိုတာတော့ မကြားမိဘူး။ သက်သက်ပြည်သူကို ခြိမ်းခြောက်အနိုင်ကျင့်တာပါ။” လို့ စလင်းဒေသခံ ၁ယောက်ကလည်း မောင်းကိုပြောပါတယ်။
သရက်ခရိုင်၊ အောင်လံမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ စျေးကုန်း၊ ကျောင်းစု၊ တိုးချဲ့ ၊ တရော်ကုန်း နဲ့ အကြော်ကုန်း (ပဲကြော်ကုန်း) စတဲ့ ရပ်ကွက်တွေမှာတော့ ဒီဇင်ဘာလ ၁၈ရက်နေ့ကစလို့ ၂၁ရက်နေ့ နောက်ဆုံးထားပြီး အလံကို အိမ်တိုင်းလွှင့်တင်ထားဖို့ စစ်အုပ်စု လက်ပါးစေတွေက အိမ်ပေါက်စေ့ ဖိအားပေးပြောဆိုထားတယ်လို့ သိရပါတယ်။
“မြန်မာအလံတွေကို သူတို့ဆီမှာ မဝယ်မနေရ ဝယ်ခိုင်းတယ်။ ၁၅၀၀၀ခွဲတဲ့ မဝယ်မနေရဘူးဝယ်ရမယ်တဲ့။ အလံကို စိုက်ထူတဲ့အခါမှာလည်း ဝါးကိုဖြောင့်တန်းတဲ့ ဝါးနဲ့ပဲ စိုက်ရမယ်ပြောတယ်။ မဖြောင့်ဘဲ ကွေးကွေးကြီးဆိုလည်း ဒဏ်ငွေထပ်ကောက်ခံရမယ်လို့ ခြိမ်းခြောက်ထားတယ်” လို့
အောင်လံလူထုအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
မင်းဘူးခရိုင်အတွင်း မင်းဘူး (စကု) အပါအဝင် ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်းနဲ့ စေတုတ္တရာ မြို့နယ်တွေ ပါဝင်ပြီး သရက်ခရိုင်မှာတော့ သရက်၊ အောင်လံ၊ (အထက်) မင်းလှနဲ့ ကံမမြို့နယ်တွေ ပါဝင်ပါတယ်။
စစ်အုပ်စုအနေနဲ့ သူတို့ရဲ့ ရွေးကောက်ပွဲအတုကို အထက်ပါ မြို့နယ်တွေမှာ ကျင်းပသွားဖို့လည်း ရှိနေတာ ဖြစ်ပါတယ်။