မန္တလေးတိုင်း၊ ငါန်းဇွန်မြို့ကနေ ထွက်ခွာလာတဲ့ စစ်အုပ်စု ယာဥ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ TGYR မြင်းခြံခရိုင် အမှတ် (၁၁) တပ်ရင်းထံက သိရပါတယ်။
ဒီဇင်ဘာ ၁၉ ရက် မနက် ၇ နာရီလောက်မှာ ငါန်းဇွန်ကနေ အရှေ့တံတားဦး (၁၄မိုင်) လမ်းဆုံကို ထွက်လာတဲ့ စစ်အုပ်စုရဲ့ Canter Truck တစ်စီး၊ ကားကြီး နှစ်စီးနဲ့ Light Truck တစ်စီးဟာ ငါန်းဇွန်မြို့နဲ့ မီတာ ၄၀၀၀ အကွာအရောက်မှာ အသင့်စောင့်ဆိုင်းနေတဲ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် Canter ကားပေါ် လိုက်ပါလာတဲ့ ပျူခေါင်းဆောင် မျိုးမင်းခိုင်ရဲ့ လက်အောက်ခံ ပျူစောထီး သင်တန်းဆင်းခါစ ပျူပေါက်စ ခန့်မှန်း အယောက် ၄၀ ကျော်နဲ့ ဒုတပ်ကြပ် ၂ယောက် နေရာမှာတင် ပွဲချင်းပြီး သေခဲ့တယ်လို့ ဆိုပါတယ်။

“တိုက်ပွဲဖြစ်ချိန် ၁၅ မိနစ်ပဲကြာတယ်။ သူတို့လာမှာကို အတွင်းသတင်းပေးမှုအရ စောင့်တာပါ။ ကားက လမ်းမပေါ်မှာ၊ ကျနော်တို့က လမ်းဘေးရေမြောင်းအကျော်မှာဆိုတော့ အကုန်မြင်ရ ကြားရပါတယ်။ မပစ်ပါနဲ့ ထိထားလို့ပါ အလင်းဝင်ပါမယ်ဆိုပြီး အော်တာကအစ ကြားရပါတယ်” လို့ TGYR မြင်းခြံခရိုင် အမှတ် (၁၁) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်အုပ်စုရဲ့ Canter ကားကို အပိုင်စီးနိုင်ခဲ့ပေမယ့် ငါန်းဇွန်မြို့နဲ့ နီးစပ်တဲ့ မြို့ထဲကနေ နောက်ထပ် ကားကြီးကားငယ် ၆ စီး ထပ်မံရောက်ရှိလာတဲ့အတွက် ပစ္စည်းတွေ သိမ်းဆည်းနိုင်ခြင်းမရှိဘဲ ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို TGYR မြင်းခြံခရိုင် အမှတ် (၁၁) တပ်ရင်း၊ Special Task Force (Ngazun) တပ်ဖွဲ့နဲ့ 9_2_5 တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
