မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ တာဝန်ပြီးဆုံးသူတွေကို လိုက်ပို့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကြားဖြတ်တိုက်ခိုက်တာခံရပြီး ၆ယောက်သေဆုံးခဲ့တယ်လို့ အောင်လံစစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ရက်နေ့က အောင်လံမြို့နယ် မြင့်ဦးကျေးရွာနဲ့ ညောင်ပင်ဆိပ် ကျေးရွာကြားမှာ ရှိတဲ့ စစ်အုပ်စုကင်းပုန်းက ဒလန်သတင်းပေးမှုနဲ့အတူ အဲ့ဒီနေ့ညနေပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ သိရတာပါ။
အဲ့ဒီတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၆ယောက်ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ကြောင်း၊ စစ်အုပ်စုဘက်လည်း ထိခိုက်သေဆုံးကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ပုံစာ- ဆုံးရှုံးသွားသည့်လက်နက်များ၊ (ပုံ- စစ်အုပ်စု)
သေဆုံးသွားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ ဧရာဝတီတိုင်း PDF ဗျူဟာ ၂၉ နဲ့ Asho Chin Defense Force တို့ကဖြစ်ပြီး ၃ယောက်စီကျဆုံးခဲ့လို့လည်း သိရပါတယ်။
“စစ်တပ်ဘက်က ကြိုတင်သတင်းရပြီး အင်အား ၂၀ လောက်နဲ့ ကင်းပုန်းဝပ်ပြီး စောင့်ပစ်တာလို့ပြောတယ်။ မြင့်ဦးရွာဆိုတာကလည်း ပြလို့ ရွာလို စစ်တပ်အားကောင်းတဲ့နေရာနဲ့နီးတော့ ပျူစောထီးအားကောင်းတယ်” လို့ အောင်လံစစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာတပ်ရင်းတွေကို မောင်းအနေနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အခုသတင်းတင်ချိန်ထိ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။
တော်လှန်ရေးပူးပေါင်း ၂ဖွဲ့ဟာ အာရက္ခတပ်တော် AA ထံကနေ တာဝန်ပြီးဆုံးသူတွေကို လိုက်ပို့ရင်း အောင်လံမြို့နယ်အတွင်းမှာ အခုလိုတိုက်ခိုက်ခံရတာဖြစ်ပြီး လက်နက်ခဲယမ်းအချို့လည်း ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။