အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အထူးတိုင်းစစ်ဌာန၊ အမှတ် (၃၃) နည်းဗျူဟာရဲ့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကို၊ တပ်ရင်းမှူး မင်းသားကြီး အပါအဝင် PDF အယောက် ၅၀နီးပါးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်မဟာ(၄)၊ တပ်ရင်း (၁၂) က ထိန်းသိမ်းခဲ့တဲ့ အခြေအနေကို ၂ ဖက်ကြား ညှိနှိုင်းမှုတွေ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“၂ဖက်လုံးက အတတ်နိုင်ဆုံး ညှိနှိုင်းမှုတွေ လုပ်နေပါတယ်၊ လောလောဆယ်တော့ ဒီလောက်ပဲပြောလို့ရဦးမယ်။ ဒီမနက်တော့ ဘယ်လိုလဲ မပြောတတ်ဘူး။ ညကထိတော့ ပြန်မလွတ်သေးဘူး” လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
အလားတူ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားကလည်း “နှစ်ဖက်လုံးကို တတ်နိုင်သလောက် ချိတ်ဆက် ပြောဆို ညှိနှိုင်းဖြစ်ပါတယ်။ အဆင့်ဆင့် ခေါင်းဆောင်တွေလည်း ဖြစ်စဥ်တွေ သိပြီဆိုတော့ မကြာခင် ပြေလည်သွားမှာပါ။ နောက် ဒီလိုဖြစ်စဥ်တွေ မဖြစ်ဖို့လည်း အများကြီး နားလည်မှု၊ သည်းခံမှုနဲ့ အပြန်အလှန် လေးစားမှုတွေလိုပါတယ်” လို့ လူမှုကွန်ရက်ကတဆင့် ဆိုထားပါတယ်။
မနေ့က ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ အမှတ် (၃၃) နည်းဗျူဟာရဲ့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကို အပါအဝင် ရဲဘော် ၅၀ နီးပါးဟာ စစ်ဆင်ရေးကိစ္စနဲ့ ခရီးသွားရင်း ထိန်းသိမ်းခံလိုက်ရတာ ဖြစ်ပါတယ်။
တနင်္သာရီတိုင်းစစ်ဌာန တပ်ရင်း (၂) က ရဲဘော်နဲ့ KNLA တပ်မဟာ (၄) အောက် တပ်ရင်း (၁၂) တပ်ခွဲ (၂) ရဲဘော်တို့ အချင်းများရာကနေ အခုလို ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။
ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး မောင်းအနေနဲ့ KNLA တပ်မဟာ (၄) ကို ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရတဲ့ အခြေအနေဖြစ်နေသလို KNU ပြောရေးဆိုခွင့်ရ ပဒိုစောတာနီးကိုလည်း မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားလာခြင်းတော့ မရှိသေးပါဘူး။
ဒီလို ဖမ်းဆီးထိန်းသိမ်းခံရမှုနဲ့ ပတ်သက်ပြီး စစ်တပ်လော်ဘီတွေဘက်က ဖမ်းဆီးခံထားရတဲ့ ရဲဘော်တွေ အသတ်ခံရတယ်ဆိုတာမျိုး သတင်းအမှားတွေ ဖြန့်လွှင့်ကာ ပြဿနာကြီးထွားအောင် သွေးခွဲ လုပ်ဆောင်နေမှုတွေလည်း ရှိနေပါတယ်။
“တောင်ပိုင်း KNLA နဲ့ PDF ကြားမှာ ဘာပြဿနာမှမရှိခဲ့ဖူးပါဘူး၊ အတူတူလည်း ဆက်ရုန်းကြရဦးမယ်၊ ကြားထဲ ဖြစ်နေတာထက် ကိုယ့်လူသူ့ဘက်သား ဝင်ပြောသူတွေလည်း ရှိကြတယ်၊ သိတဲ့သူတွေက အပြုသဘောဆောင်ကြပါ၊ စိတ်ရော လူရောပဲ အားတင်းထားကြပါ။ ပြဿနာက ပြဿနာမဟုတ်ပါဘူး၊ ဖြေရှင်းနည်းကသာ ပြဿနာဖြစ်တာပါ” လို့ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ပြောထားပါတယ်။