အကြမ်းဖက် အာဏာသိမ်းစစ်တပ်ဟာ လူမျိုးရေးမုန်းတီးလှုံ့ဆော် လမ်းလွှဲခြင်းတွေ လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေ သတိပြုကြဖို့ ဦးမင်းကိုနိုင် အပါအဝင် တော်လှန်ရေးလူပုဂ္ဂိုလ်တွေနဲ့ တော်လှန်အဖွဲ့အစည်းတွေက ထုတ်ပြန်လိုက်ပါတယ်။
နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေ ပေါင်းပြီး “တော်လှန်သွေးချင်းများ၏ သန္နိဌာန်ပြုချက်” ကို ဒီဇင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။
“အကြမ်းဖက်စစ်တပ်က မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲပြီး ပြည်သူလူထုအား သတ်ဖြတ်မှုမှာ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်သော စစ်ရာဇဝတ်မှုဖြစ်သည်။ ၄င်းဖြစ်ရပ်ကို အခြေပြုလျက် အကြမ်းဖက်စစ်အုပ်စု၏ လူမျိုးရေးမုန်းတီးလှုံ့ဆော် လမ်းလွှဲနေခြင်းအား သတိပြုကြရမည်ဖြစ်သည်” လို့ ဆိုထားပါတယ်။
အဆိုပါ သန္နိဌာန်ပြုချက်ကို ဦးမင်းကိုနိုင်၊ ဒါရိုက်တာ ကိုပေါက်၊ သွန်းနေစိုး စတဲ့ လူပုဂ္ဂိုလ် ၇ယောက်နဲ့ Blood Money Campaign ၊ General Strike Coordination Body (GSCB)၊ Octopus (Youth Organization) စတဲ့ အဖွဲ့ ၃၇ ဖွဲ့ စုပေါင်း ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
“ကျွန်ုပ်တို့အားလုံးသည် စစ်ရာဇဝတ်မှုကျူးလွန်တရားခံ စစ်ခေါင်းဆောင်များအား တညီတညွတ်တည်း တော်လှန်နေကြသူ သွေးချင်းများဖြစ်၍ မည်သူထိခိုက်နစ်နာသည်ဖြစ်စေ အတူခံစား နာကျင်ရပြီး အပြန်အလှန်အားပေးကူညီလျက် စစ်အာဏာရှင်စနစ်ကို အမြတ်ပြတ်ချေမှုန်းနိုင်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားကြရန် သန္နိဌာန်ပြုပါသည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



