အာရက္ခတပ်တော် (AA) ရဲ့ နယ်စပ်လုံခြုံရေးစခန်းကို အစွန်းရောက် စစ်သွေးကြွအဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေ ဖြတ်ကျော်ပြီး တိုက်ခိုက်လာမှုအပေါ် စိုးရိမ်တယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။
အဆိုပါတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့၊ မနက် ၆ နာရီ ၃၀ မိနစ်အချိန်မှာ ဖြစ်ပွားခဲ့ပြီး အင်အား (၁၀) ယောက်ခန့်ပါဝင်တဲ့ အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်အဖွဲ့ဝင်တွေက မောင်တောခရိုင်၊ အထက်ကျီးကျွန်း၊ နယ်စပ်မှတ်တိုင် (၂၀/၂၁) အကြားရှိ နယ်စပ်လုံခြုံရေးစခန်းကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
အဆိုပါ လက်နက်ကိုင်တွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေ ဖြတ်ကျော်ဝင်ရောက်လာပြီး လက်နက်ငယ်တွေအပြင် 40MM (79) တွေနဲ့ပါ နယ်စပ်လုံခြုံရေးစခန်းကို မိနစ်အနည်းငယ်အကြာ အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
AA တပ်ဖွဲ့ဝင်တွေရဲ့ ပြန်လည်ပစ်ခတ်တုံ့ပြန်မှုကြောင့် အဆိုပါ စစ်သွေးကြွ လက်နက်ကိုင်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းရှိ BGB (ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်) နယ်ခြားစောင့်စခန်းတစ်ခုအနီးကို ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့လည်း AA က ဆိုထားပါတယ်။

ဒါ့အပြင် ARSA နဲ့ RSO တို့လို အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်အဖွဲ့ဝင်တွေဟာ အရင်ကလည်း အရပ်သားပြည်သူတွေကို ချုံခိုတိုက်ခိုက်တာတွေ၊ သတ်ဖြတ်တာတွေ၊ ပြန်ပေးဆွဲတာတွေနဲ့ ငွေညှစ်တာတွေကို ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ကြောင်း AA က ထောက်ပြပါတယ်။
AA အနေနဲ့ အခုလို ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေ ဖြတ်ကျော်ဝင်ရောက်ကာ အလစ်အငိုက် ချောင်းမြောင်း တိုက်ခိုက်တဲ့ လုပ်ရပ်ဟာ နယ်စပ်တည်ငြိမ်ရေးကို များစွာအနှောင့်အယှက်ဖြစ်စေကြောင်း၊ ပြင်းပြင်းထန်ထန် သတိပေးခဲ့ပေမယ့် ဒီလုပ်ရပ်တွေကို အကျင့်ပျက် BGB တပ်မှူးတွေက မသိကျိုးကျွန်ပြုထားတာဟာ အကြမ်းဖက်သမားတွေကို အားပေးအားမြှောက်ပြုနေတာဖြစ်တယ်လို့လည်း ဝေဖန်ထားပါတယ်။
ဒီလိုအခြေအနေတွေကြောင့် နှစ်ဖက်အကြားရှိ ယုံကြည်မှုတွေ ဆုတ်ယုတ်စေပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်မိတယ်လို့လည်း AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။