ရခိုင်ပြည်နယ် မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ် အလွန်အမင်း စိုးရိမ်ပူပန်ပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
အရပ်သားပြည်သူ ၃၃ ယောက် သေဆုံးခဲ့ပြီး ၇၆ ယောက် ဒဏ်ရာရရှိစေခဲ့တဲ့ အဆိုပါ လေကြောင်းတိုက်ခိုက်မှုဟာ ၁၉၄၉ ဂျီနီဗာကွန်ဗင်းရှင်း အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ရာရောက်တယ်လို့ ထောက်ပြထားပါတယ်။
ဒါ့အပြင် ဒီလုပ်ရပ်ဟာ အာဆီယံပဋိညာဥ်ပါ အခြေခံစည်းမျဥ်းတွေကို လေးစားမှုမရှိဘဲ လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်ဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။
အရပ်သားပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့နဲ့ အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို စစ်ဘက် အရပ်ဘက် မခွဲခြားဘဲ တိုက်ခိုက်နေမှုတွေ အားလုံးကို အမြန်ဆုံးရပ်တန့်ပေးဖို့လည်း အာဆီယံက မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးကို တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က အာဆီယံခေါင်းဆောင်တွေ ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံတဝှမ်းလုံး အပစ်အခတ်ရပ်စဲရေးကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဆောင်ရွက်နိုင်ရေး ကြေညာချက်ကိုလည်း အပြည့်အဝ အကောင်အထည်ဖော်ဖို့ ထပ်မံတိုက်တွန်းထားပါတယ်။
မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ရပ်ကို ဆက်လက်ကိုင်စွဲထားကာ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး ဖြေရှင်းနည်းတွေကို အကောင်အထည်ဖော်ဖို့လည်း တိုက်တွန်းထားပါတယ်။