ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဘန့်ဘွေးကုန်းရွာရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် သေပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ မနက်အစောပိုင်းက ပဲခူးရိုးမ၊ မြို့ချောင်း-စိန့်ကန့်လန့် ရိုးမဖြတ်လမ်းဘေး ဘန့်ဘွေးကုန်းရွာရှိ စစ်သားနဲ့ ရဲ အင်အား ၃၀ နီးပါး တပ်စွဲထားတဲ့ အကြမ်းဖက်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲ ၁ နာရီခွဲကျော် ဖြစ်ပွားခဲ့ပြီး ဂိတ်စခန်းကို အပြီးသတ်သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပေမယ့် မင်းလှအခြေစိုက် အမှတ် (၁) ခြေလျင်တပ်ရင်း ကနေ အင်အား ၁၀၀ ကျော်လောက် စစ်ကူတက်လာတဲ့အတွက် ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်သား ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့သလို အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးပစ်ကူပေးမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ယောက်လည်း ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။
“မနက်၅နာရီလောက် ဝင်တိုက်တာ၊ ၆နာရီခွဲလောက်မှာ စခန်းသိမ်းဖို့လုပ်တယ်။ အဲ့အချိန် ခလရ ၁ ကနေ စခ ၁၀၀ကျော်က လက်နက်ကြီးတွေပစ်ပြီး တက်လာလို့ ပြန်ဆုတ်လိုက်ရတာပါ။ ဂိတ်ကရွာအရှေ့မှာရှိတာ၊ တိုက်ပွဲကပြင်းထန်တယ်။ သူတို့ (စခ) ဘက်က လက်နက်ကြီး တော်တော်သုံးပါတယ်” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်းက ဦးစီးပြီး တပ်ခွဲ ၁ Dragon Brothers GBK PDF၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ YOMA GBK PDF၊ သာယာဝတီခရိုင် ပကဖတိုက်ခိုက်ရေး၊ တပ်ရင်း တပ်ခွဲ ၃ (မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
Video – သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅