မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အသံတိတ်သပိတ် အောင်ပွဲအထိမ်းအမှတ်အနေနဲ့ ဂန့်ဂေါမြို့မရဲစခန်းကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ရဲ ၂ယောက် ဆေးရုံတင်ထားရကြောင်း ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီက မောင်းကို ပြောပါတယ်။
ဒီဇင်ဘာလ ၁၀ရက်၊ မနေ့က ညနေပိုင်းမှာ တော်လှန်ရေးတပ်တွေက ဂန့်ဂေါမြို့မ ရဲစခန်းမှာရှိနေတဲ့ စစ်အုပ်စုတွေကို ဒရုန်းနဲ့ ဗုံးသီး၂လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သားနဲ့ ရဲတွေ ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုဟာ အသံတိတ်သပိတ်မှာ ပါဝင်ပေးခဲ့ကြတဲ့ နိုင်ငံတဝှမ်းက ပြည်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာလို့လည်း ကိုရောင်နီက ပြောပါတယ်။
“ဂန့်ဂေါမှာတော့ အသံတိတ်သပိတ်က အရင်နှစ်တွေကလောက် အောင်မြင်မှု မရှိဘူးပြောရမယ်။ ဘာလို့ဆို မနေ့က တစ်ရက်လုံး မြို့ထဲကို ရခတွေက ကားနဲ့အဆက်မပြတ် ကင်းပတ်ပြီးကြည့်တယ်။ ဆိုင်တွေလည်း သိပ်မပိတ်ရဲကြဘူး။ ဒါပေမယ့် တနိုင်ငံလုံးက အသံတိတ်သပိတ်မှာ ပါ၀င်ပေးကြတဲ့ ပြည်သူတွေကိုတော့ ဂုဏ်ပြုတဲ့အနေနဲ့ ရဲဘော်တွေက အခုလို ဒရုန်းတိုက်ခိုက်မှုလုပ်ခဲ့တာပါ။” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီက မောင်းကိုပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း ဂန့်ဂေါမြို့မရဲစခန်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး ဒီတစ်ခေါက်တိုက်ခိုက်မှုမှာတော့ အသေးစိတ်အခြေအနေမသိရသေးပေမယ့် ရဲ ၂ယောက် ထိခိုက်ဒဏ်ရာပြင်းထန်ပြီး ဆေးရုံတင်ထားရကြောင်း ကနဦး သိရပါတယ်။
ဂန့်ဂေါမြို့မရဲစခန်း တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်အုပ်စုက မြို့အနောက်ဘက် မြစ်သာမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ စိုင်းဒူးနဲ့ ဇဟောကျေးရွာတွေဆီ လက်နက်ကြီး ၇ချက်ထက်မနည်း ရမ်းကားပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။
လက်ရှိမှာ ဂန့်ဂေါမြို့က မြို့ပေါ်ရပ်ကွက် (၄)ခုနဲ့ မြို့အနီး ရှောက်ပင် (အောင်မြင်) ကျေးရွာမှာပဲ စစ်အုပ်စု စိုးမိုးထားနိုင်တော့တာဖြစ်ပြီး အတုယောင်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန်မှာ အခုလိုတိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။