စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ စစ်အုပ်စုဂိတ်စခန်းမှာ ကချင်ပြည်နယ်ကပြန်လာတဲ့ အရပ်သား ၁၁ယောက် ဖမ်းဆီးခံရပြီး ၄ယောက် သတ်ဖြတ်ခံရကာ ၂ယောက် ထွက်ပြေးလွတ်မြောက်လာတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့ မနက်အစောပိုင်းက ဖားကန်-တန့်ဆည်ပြေးဆွဲနေတဲ့ ခဲပြာရောင် ပါကျဲရိုးကား ၁စီးဟာ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းက စံပယ်နံ့သာ စစ်တပ်ဂိတ်စခန်းအရောက်မှာ ကားသမားအပါအဝင် အရပ်သား ၁၁ယောက်လုံး ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲ သက်ကြီးပိုင်းနဲ့ ၃နှစ်အရွယ် ကလေးငယ်အပါအဝင် အမျိုးသား ၉ယောက်နဲ့ အမျိုးသမီး မြေးအဖွား၂ယောက် ပါဝင်ပြီး အကုန်လုံးဟာ တန့်ဆည်နယ်သူနယ်သားတွေဖြစ်ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် က ဖော်ပြပါတယ်။

အရပ်သားတွေဟာ ဖမ်းဆီးခံရမှုမတိုင်ခင် နိုဝင်ဘာ ၂၄ ရက်နေ့ မနက်ကတည်းက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကနေ ပါဂျဲရိုးကားနဲ့ လိုက်ပါလာခဲ့ပြီး လမ်းမှာ ၂ညတာ အိပ်စက်ခဲ့ရကြောင်းနဲ့ နိုဝင်ဘာ ၂၆ရက်နေ့ မနက်အစောပိုင်းမှာတော့ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း၊ ကန့်ဘလူမြို့နယ်၊ စံပါယ်နံ့သာ စစ်ကောင်စီအထိုင်ဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။

“ကျနော်က သတင်းတွေ ကြားတယ်။ အဲ့လမ်းကြောမမောင်းဖို့ ပြောတယ်။ ကားဆရာကလည်း ကျနော်တို့ရွာကပဲ၊ လွှဲဆိပ်ဘက်က ဂိတ်တစ်ခုကလည်း လူငယ်တွေပါရင် ကွင်းလမ်းက မောင်းဖို့ သတိပေးသေးတယ်။ ကားဆရာကိုက မောင်းနေကျ..ရတယ်ဆိုပြီးပြောတာ၊ ဂိတ်ရောက်တော့ တန့်ဆည်သားတွေမို့ အကုန်ဆင်းဆိုပြီး ဖမ်းတာ၊ မင်းတို့တန့်ဆည်နယ်က PDFတွေချည်းပဲဆိုပြီး လက်ပြန်ကြိုးတုပ်ပြီး ရိုက်တာနှိပ်စက်တာ၊ ဝါးရင်းတုတ်အစိုတွေနဲ့ ရိုက်တာ၊ ခြေထောက်တွေနဲ့လည်း ကန်တယ်။ ထမင်းလည်းမကျွေးဘူး။ ရေလည်းမတိုက်ဘူး။ ဟိုအန်တီတို့ မြေးအဖွားတော့ ဘာမှမလုပ်ဘဲ တနေရာခွဲထားတယ်။” လို့ စစ်အုပ်စုဖမ်းဆီးမှုကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ အသက် ၂၁နှစ်အရွယ် လူငယ်က ကန့်ဘလူတော်လှန်ရေးအင်အားစုတွေကို ရှင်းပြပါတယ်။

အဲ့ဒီနေ့ညပိုင်းမှာပဲ စစ်အုပ်စုက သူတို့ဖမ်းဆီးထားတဲ့ထဲက ချောင်းဆုံရွာနေ ကားဒရိုက်ဘာဖြစ်သူနဲ့ အရပ်သား ၁ယောက်ကို တန်ပိုဂိတ်ကို ခေါ်ဆောင်သွားခဲ့ကြောင်းနဲ့ သူတို့ ပြန်လာချိန်မှာတော့ ကားဒရိုက်ဘာဖြစ်သူ မပါလာတော့ဘူးလို့ အထက်ပါ လူငယ်က ဆက်ပြောပါတယ်။

“ပြန်လာတဲ့သူ မေးကြည့်တော့ ကားဆရာကို ပစ်သတ်လိုက်ပြီတဲ့။ နောက်ရက်တွေလည်း ကျနော်တို့ကို ကွင်းပြင်ကြီးမှာ တနေကုန်ဒူးထောက်ခိုင်းတယ်၊ ယိုင်လဲတာနဲ့ ရိုက်တယ် ကန်တယ်၊ ထမင်းလည်းမကျွေး ရေလည်းမတိုက်ဘူး။ ၂၉ရက်နေ့မနက်ကျ ကျနော်အပါအဝင် စုစုပေါင်း ၅ ယောက်ကို တန်ပိုဂိတ်ကို ကားနဲ့ထပ်ခေါ်တာ။ ကားရပ်ထားတဲ့အချိန် ကားထဲမှာ ဓားတွေ့လို့ ခြေထောက်နဲ့ညှပ်ပြီး တစ်လှည့်စီ ကြိုးဖြတ်ပေးပြီး ထွက်ပြေးလာကြတာ၊ ကျနော့်ရွာက ၂ယောက်ကို ကျနော့်နောက် မှီအောင်လိုက်ပြေးပြောတာ၊ သူတို့က မပြေးတတ်တော့ ပြန်မိတယ်။ ပြန်မိတယ်ဆိုတော့ အကုန်သတ်ခံရတာပဲ။ ကျနော်တောင် မသွားတတ်လို့ သူတို့ဂိတ်နား ပတ်ချာလည်လှည့်နေခဲ့တာ။ သူတို့ ကတုတ်ကျင်းထဲတောင် တညအိပ်ခဲ့ရပြီး လင်းခါနီးမှ ထွက်နိုင်ခဲ့တာ။ လမ်းမပေါ်ရောက်လို့ ကားတွေတား၊ အကူအညီတောင်းတာ ဘယ်ကားမှ အကူအညီမပေးကြဘူးဗျ။ အဲ့ဒါတော့ တကယ်စိတ်မကောင်းဖြစ်ခဲ့ရတယ်” လို့ လူငယ်က သူလွတ်မြောက်လာပုံကို ပြန်ပြောပြပါတယ်။

ဖမ်းဆီးခံရသူတွေကို စစ်အုပ်စုတွေက PDF အဖြစ် စွပ်စွဲပြီး နားရွက်တွေ ဓားနဲ့ မွှန်းတာ၊ ခြေလက်တွေ ရိုက်နှက်ပြီး နှိပ်စက်တာကြောင့် ထွက်ပြေးရခက်ခဲခဲ့ကြောင်း ထွက်ပြေးရာမှာလည်း နောက်ကနေ သေနတ်နဲ့လိုက်ပစ်တာ၊ ဒရုန်းနဲ့ ရှာတာမျိုးတွေပါ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

လွတ်မြောက်လာသူ နောက်၁ယောက်ကလည်း “ကျနော်တို့ ကွင်းပြင်ကြီးထဲ ဒူးထောက်ခိုင်းပြီး အိပ်တော့လည်း အဲ့ကွင်းပြင်တင် ဘာမှမပါဘဲ အိပ်ရတာ၊ ဒီကြားထဲ သူတို့မူးလာရင် တလှည့်စီလာရိုက်သေးတယ်။ နောက်ပြီး ချမ်းရတဲ့အထဲ ညရော မနက်ရော ရေတစ်ယောက်တစ်ခွက် အလောင်းခံရသေးတယ်။ သေကံမပါသေးလို့ လွတ်လာတာပါ၊ တဲတစ်တဲရောက်တော့ ထမင်းတောင်းစားတာ ဖိုးသမားလို့ ထင်ခံရသေးတယ်ဗျ။ အကျိုးအကြောင်းပြောပြမှ ချိတ်ဆက်ပေးကြတာ။ ဒီဘက်တော်လှန်ရေးအဖွဲ့ဆီရောက်မှ ထမင်းကျွေးကြ ဆေးကုသမှုပေးကြတာ အခုလိုကူညီပေးကြလို့လည်း တပ်ရင်းတပ်ဖွဲ့တွေကို ကျေးဇူးတင်ပါတယ်။” လို့ ပြောပါတယ်။

ဒါကြောင့် ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်အပါအဝင် တော်လှန်ရေးအင်အားစုတွေကတော့ စစ်အုပ်စုဂိတ်စခန်းတွေရှိရာ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းထက် ကွင်းလမ်းတွေကို ပိုပြီး အသုံးပြုစေချင်တယ်လို့ အသိပေးပြောထားပါတယ်။

ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းကြောက ဘူးကုန်း၊ စံပယ်နံ့သာ စတဲ့ အကြမ်းဖက်အထိုင်ဂိတ်စခန်းတွေဟာ ခရီးသွားလူငယ်လူရွယ် အမျိုးသားတွေသာမက ဘုန်းကြီးနဲ့ အမျိုးသမီးတွေကိုပါ ဖမ်းဆီးလေ့ရှိပြီး အရပ်သားရာနဲ့ချီ ဖမ်းဆီးခံထားရကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၈ ရက်အတွင်း ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းကြော၊ ဘူးကုန်းစစ်အထိုင်ဂိတ်စခန်းမှာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ အမျိုးသားတွေရှိခဲ့ပြီး အဲ့ဒီထဲက ၄ယောက်ဟာလည်း စစ်အုပ်စုရဲ့ ကျွန်းလှအချုပ်ခန်းကနေ ခက်ခက်ခဲခဲနဲ့ ပြန်လည်လွတ်မြောက်လာမြောက်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီလို ဖမ်းဆီးမှုဟာ ဒေသတွင်း သင်္ကန်းဝတ်လက်နက်ကိုင် ဝါသဝရဲ့ ပျူစောထီးတပ်အင်အားတွေအတွက် ဖြစ်တယ်လို့လည်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က ပြောပါတယ်။

“တနိုင်ငံလုံးက ပျူအင်အားကလည်း ဝါသဝပျူတွေပဲဆိုတော့ ပေါ်တာဆွဲတာက တစ်ဂိတ်တည်းမဟုတ်ပါဘူး။ ဒီ ဗျူဟာလမ်းကြောမှာ တစ်ဂိတ်မဟုတ်တစ်ဂိတ် ရှိနေတာပါ။ အဲ့ဒါကြောင့် ဒီလမ်းကြောကို သတိထားသွားလာစေချင်ပါတယ်။”လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်မြို့နယ်မှာ ကိုင်းလယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ် တပ်စွဲထားတဲ့ နေရာ ၃ နေရာကို ဒရုန်းနဲ့ ဗုံးသီး ၃၀၀ ကျော် ကြဲချတိုက်ခိုက်…

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းက ကိုင်းလယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာ ၃ခုကို ဒရုန်းဗုံးသီးပေါင်း ၃၀၀ ကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

စလင်းမှာ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၃ ယောက်သေပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သရက်ချည်ကျေးရွာ အနီးတဝိုက် ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၃ ယောက်သေပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ ၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရေဖြူတံတားထိပ်က စစ်တပ်ဂိတ်ကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၄ ဦး သေ အောက်တိုဘာ ၁၃၊ ၂၀၂၄

ရေဖြူမြို့နယ်၊ ရေဖြူတံတားထိပ်တွင် စစ်ဆေးရေး လုပ်နေတဲ့စစ်တပ်ဂိတ် ကိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ မိခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံက သိရပါတယ်။
Read More

ထီးလင်းမြို့နယ်ဘက် စစ်တပ် စစ်ကြောင်းထိုးရင်း ဒေသခံ ၁၀ ဦးဝန်းကျင်ကို ဖမ်းဆီးသွား

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုဟာ ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

စက်တင်ဘာလတွင် နိုင်ငံတဝန်း စစ်အုပ်စု၏ တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၁၅ ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်…

မြန်မာနိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် စက်တင်ဘာလအတွင်း အရပ်သားပြည်သူ ၁၁၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စာသင်ကျောင်းများကို ဗုံးကြဲ၊ လူငယ်များကို သေတွင်း ပို့နေသည့် စစ်ခေါင်းဆောင်က နိုင်ငံဖွံ့ဖြိုးရေးအတွက် ပညာတတ်များ လိုအပ်ဟု ပြောပြန်

နိုင်ငံကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေးအတွက် ပညာတတ်တွေပေါများဖို့ လိုအပ်တယ်လို့ အာဏာသိမ်းအကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပြန်ပါပြီ။