စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ စစ်အုပ်စုဂိတ်စခန်းမှာ ကချင်ပြည်နယ်ကပြန်လာတဲ့ အရပ်သား ၁၁ယောက် ဖမ်းဆီးခံရပြီး ၄ယောက် သတ်ဖြတ်ခံရကာ ၂ယောက် ထွက်ပြေးလွတ်မြောက်လာတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့ မနက်အစောပိုင်းက ဖားကန်-တန့်ဆည်ပြေးဆွဲနေတဲ့ ခဲပြာရောင် ပါကျဲရိုးကား ၁စီးဟာ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းက စံပယ်နံ့သာ စစ်တပ်ဂိတ်စခန်းအရောက်မှာ ကားသမားအပါအဝင် အရပ်သား ၁၁ယောက်လုံး ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲ သက်ကြီးပိုင်းနဲ့ ၃နှစ်အရွယ် ကလေးငယ်အပါအဝင် အမျိုးသား ၉ယောက်နဲ့ အမျိုးသမီး မြေးအဖွား၂ယောက် ပါဝင်ပြီး အကုန်လုံးဟာ တန့်ဆည်နယ်သူနယ်သားတွေဖြစ်ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် က ဖော်ပြပါတယ်။

အရပ်သားတွေဟာ ဖမ်းဆီးခံရမှုမတိုင်ခင် နိုဝင်ဘာ ၂၄ ရက်နေ့ မနက်ကတည်းက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကနေ ပါဂျဲရိုးကားနဲ့ လိုက်ပါလာခဲ့ပြီး လမ်းမှာ ၂ညတာ အိပ်စက်ခဲ့ရကြောင်းနဲ့ နိုဝင်ဘာ ၂၆ရက်နေ့ မနက်အစောပိုင်းမှာတော့ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း၊ ကန့်ဘလူမြို့နယ်၊ စံပါယ်နံ့သာ စစ်ကောင်စီအထိုင်ဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။

“ကျနော်က သတင်းတွေ ကြားတယ်။ အဲ့လမ်းကြောမမောင်းဖို့ ပြောတယ်။ ကားဆရာကလည်း ကျနော်တို့ရွာကပဲ၊ လွှဲဆိပ်ဘက်က ဂိတ်တစ်ခုကလည်း လူငယ်တွေပါရင် ကွင်းလမ်းက မောင်းဖို့ သတိပေးသေးတယ်။ ကားဆရာကိုက မောင်းနေကျ..ရတယ်ဆိုပြီးပြောတာ၊ ဂိတ်ရောက်တော့ တန့်ဆည်သားတွေမို့ အကုန်ဆင်းဆိုပြီး ဖမ်းတာ၊ မင်းတို့တန့်ဆည်နယ်က PDFတွေချည်းပဲဆိုပြီး လက်ပြန်ကြိုးတုပ်ပြီး ရိုက်တာနှိပ်စက်တာ၊ ဝါးရင်းတုတ်အစိုတွေနဲ့ ရိုက်တာ၊ ခြေထောက်တွေနဲ့လည်း ကန်တယ်။ ထမင်းလည်းမကျွေးဘူး။ ရေလည်းမတိုက်ဘူး။ ဟိုအန်တီတို့ မြေးအဖွားတော့ ဘာမှမလုပ်ဘဲ တနေရာခွဲထားတယ်။” လို့ စစ်အုပ်စုဖမ်းဆီးမှုကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ အသက် ၂၁နှစ်အရွယ် လူငယ်က ကန့်ဘလူတော်လှန်ရေးအင်အားစုတွေကို ရှင်းပြပါတယ်။

အဲ့ဒီနေ့ညပိုင်းမှာပဲ စစ်အုပ်စုက သူတို့ဖမ်းဆီးထားတဲ့ထဲက ချောင်းဆုံရွာနေ ကားဒရိုက်ဘာဖြစ်သူနဲ့ အရပ်သား ၁ယောက်ကို တန်ပိုဂိတ်ကို ခေါ်ဆောင်သွားခဲ့ကြောင်းနဲ့ သူတို့ ပြန်လာချိန်မှာတော့ ကားဒရိုက်ဘာဖြစ်သူ မပါလာတော့ဘူးလို့ အထက်ပါ လူငယ်က ဆက်ပြောပါတယ်။

“ပြန်လာတဲ့သူ မေးကြည့်တော့ ကားဆရာကို ပစ်သတ်လိုက်ပြီတဲ့။ နောက်ရက်တွေလည်း ကျနော်တို့ကို ကွင်းပြင်ကြီးမှာ တနေကုန်ဒူးထောက်ခိုင်းတယ်၊ ယိုင်လဲတာနဲ့ ရိုက်တယ် ကန်တယ်၊ ထမင်းလည်းမကျွေး ရေလည်းမတိုက်ဘူး။ ၂၉ရက်နေ့မနက်ကျ ကျနော်အပါအဝင် စုစုပေါင်း ၅ ယောက်ကို တန်ပိုဂိတ်ကို ကားနဲ့ထပ်ခေါ်တာ။ ကားရပ်ထားတဲ့အချိန် ကားထဲမှာ ဓားတွေ့လို့ ခြေထောက်နဲ့ညှပ်ပြီး တစ်လှည့်စီ ကြိုးဖြတ်ပေးပြီး ထွက်ပြေးလာကြတာ၊ ကျနော့်ရွာက ၂ယောက်ကို ကျနော့်နောက် မှီအောင်လိုက်ပြေးပြောတာ၊ သူတို့က မပြေးတတ်တော့ ပြန်မိတယ်။ ပြန်မိတယ်ဆိုတော့ အကုန်သတ်ခံရတာပဲ။ ကျနော်တောင် မသွားတတ်လို့ သူတို့ဂိတ်နား ပတ်ချာလည်လှည့်နေခဲ့တာ။ သူတို့ ကတုတ်ကျင်းထဲတောင် တညအိပ်ခဲ့ရပြီး လင်းခါနီးမှ ထွက်နိုင်ခဲ့တာ။ လမ်းမပေါ်ရောက်လို့ ကားတွေတား၊ အကူအညီတောင်းတာ ဘယ်ကားမှ အကူအညီမပေးကြဘူးဗျ။ အဲ့ဒါတော့ တကယ်စိတ်မကောင်းဖြစ်ခဲ့ရတယ်” လို့ လူငယ်က သူလွတ်မြောက်လာပုံကို ပြန်ပြောပြပါတယ်။

ဖမ်းဆီးခံရသူတွေကို စစ်အုပ်စုတွေက PDF အဖြစ် စွပ်စွဲပြီး နားရွက်တွေ ဓားနဲ့ မွှန်းတာ၊ ခြေလက်တွေ ရိုက်နှက်ပြီး နှိပ်စက်တာကြောင့် ထွက်ပြေးရခက်ခဲခဲ့ကြောင်း ထွက်ပြေးရာမှာလည်း နောက်ကနေ သေနတ်နဲ့လိုက်ပစ်တာ၊ ဒရုန်းနဲ့ ရှာတာမျိုးတွေပါ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

လွတ်မြောက်လာသူ နောက်၁ယောက်ကလည်း “ကျနော်တို့ ကွင်းပြင်ကြီးထဲ ဒူးထောက်ခိုင်းပြီး အိပ်တော့လည်း အဲ့ကွင်းပြင်တင် ဘာမှမပါဘဲ အိပ်ရတာ၊ ဒီကြားထဲ သူတို့မူးလာရင် တလှည့်စီလာရိုက်သေးတယ်။ နောက်ပြီး ချမ်းရတဲ့အထဲ ညရော မနက်ရော ရေတစ်ယောက်တစ်ခွက် အလောင်းခံရသေးတယ်။ သေကံမပါသေးလို့ လွတ်လာတာပါ၊ တဲတစ်တဲရောက်တော့ ထမင်းတောင်းစားတာ ဖိုးသမားလို့ ထင်ခံရသေးတယ်ဗျ။ အကျိုးအကြောင်းပြောပြမှ ချိတ်ဆက်ပေးကြတာ။ ဒီဘက်တော်လှန်ရေးအဖွဲ့ဆီရောက်မှ ထမင်းကျွေးကြ ဆေးကုသမှုပေးကြတာ အခုလိုကူညီပေးကြလို့လည်း တပ်ရင်းတပ်ဖွဲ့တွေကို ကျေးဇူးတင်ပါတယ်။” လို့ ပြောပါတယ်။

ဒါကြောင့် ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်အပါအဝင် တော်လှန်ရေးအင်အားစုတွေကတော့ စစ်အုပ်စုဂိတ်စခန်းတွေရှိရာ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းထက် ကွင်းလမ်းတွေကို ပိုပြီး အသုံးပြုစေချင်တယ်လို့ အသိပေးပြောထားပါတယ်။

ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းကြောက ဘူးကုန်း၊ စံပယ်နံ့သာ စတဲ့ အကြမ်းဖက်အထိုင်ဂိတ်စခန်းတွေဟာ ခရီးသွားလူငယ်လူရွယ် အမျိုးသားတွေသာမက ဘုန်းကြီးနဲ့ အမျိုးသမီးတွေကိုပါ ဖမ်းဆီးလေ့ရှိပြီး အရပ်သားရာနဲ့ချီ ဖမ်းဆီးခံထားရကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၈ ရက်အတွင်း ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းကြော၊ ဘူးကုန်းစစ်အထိုင်ဂိတ်စခန်းမှာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ အမျိုးသားတွေရှိခဲ့ပြီး အဲ့ဒီထဲက ၄ယောက်ဟာလည်း စစ်အုပ်စုရဲ့ ကျွန်းလှအချုပ်ခန်းကနေ ခက်ခက်ခဲခဲနဲ့ ပြန်လည်လွတ်မြောက်လာမြောက်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီလို ဖမ်းဆီးမှုဟာ ဒေသတွင်း သင်္ကန်းဝတ်လက်နက်ကိုင် ဝါသဝရဲ့ ပျူစောထီးတပ်အင်အားတွေအတွက် ဖြစ်တယ်လို့လည်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က ပြောပါတယ်။

“တနိုင်ငံလုံးက ပျူအင်အားကလည်း ဝါသဝပျူတွေပဲဆိုတော့ ပေါ်တာဆွဲတာက တစ်ဂိတ်တည်းမဟုတ်ပါဘူး။ ဒီ ဗျူဟာလမ်းကြောမှာ တစ်ဂိတ်မဟုတ်တစ်ဂိတ် ရှိနေတာပါ။ အဲ့ဒါကြောင့် ဒီလမ်းကြောကို သတိထားသွားလာစေချင်ပါတယ်။”လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

စက်တင်ဘာလအတွင်း ဖော်ဆောင်ခဲ့သည့် MSFC ကာကွယ်ရေးဌာနအောက်ခံ တပ်များနှင့် မဟာမိတ် စစ်ဆင်ရေးများ 

အခုလ စက်တင်ဘာ (၁) လတာအတွင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန (DoD) အောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို MSFC က ထုတ်ပြန်ပါတယ်။ 
Read More

ဘုတလင်မြို့နယ်မှာ ကျေးရွာဒေသခံပေါင်း ၃၀၀၀ ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းက ဒေသခံ အများအပြားဟာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ကြရင်း စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်။
Read More

တန့်ဆည်က စစ်ကောင်စီတပ်သား ၂ဦး ဗျူဟာ-၅၂ ၊ ပေါ်ဦးစစ်ကြောင်းသို့ လက်နက်ခဲယမ်း ကိုယ်စီနှင့် ခိုလှုံ

စစ်ကိုင်းတိုင်း၊ တန်ဆည်မြို့အခြေစိုက် ခမရ ၃၆၁ တပ်တွင်းက စစ်ကောင်စီတပ်သား ၂ယောက် လက်နက်ခဲယမ်းကိုယ်စီနဲ့ အလင်းဝင်ရောက်လာကြောင်း ဗျူဟာ-၅၂၊ ပေါ်ဦးစစ်ကြောင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်တပ်မှ ဗိုလ်ချုပ်ကြီးတချို့ ကြံ့ခိုင်ရေးပါတီဝင်အဖြစ် ပြောင်းလဲဝင်ရောက်လာ…

“အခုက ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် အမာခံလူစာရင်း ဖြစ်လောက်တယ်။ နောက်ပိုင်းမှ ပါတီထဲမှာ ငုတ်တုတ်ထိုင်နေမယ့် လူမျိုးလောက်ကတော့ အခုချိန်လောက်မှာ မလွတ်သေးဘူးဗျ။ စစ်တပ်ထဲမှာပဲ သုံးနေဦးမှာ ပေါ့နော်။ နောက်မှ ထုံးစံအတိုင်း ပစ်ဖဲတွေကို ထည့်မှာပေါ့… ဒါကတော့ သူတို့ selection ရွှေးထုတ်ထားတဲ့ သူတွေလို့ ယူဆရပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်ရာ ထိခိုက်မှုတွေ ရှိတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်ပြည်နယ် အာရှလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့

ကရင်ပြည်နယ် အာရှလမ်းပိုင်းဖြစ်တဲ့ တော်နော်ရေတံခွန်အနီးမှာ နိုဝင်ဘာလ ၄ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။