မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကြောင်းတွေခွဲပြီး ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ခုခံတိုက်ခိုက်ရာ စစ်ကော်မရှင်ဘက်က ၁၇ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်သုံ့ပန်း ၃ ယောက်နဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ရက်နေ့ကစလို့ ပခုက္ကူခရိုင်၊ ဆိပ်ဖြူ ကပစ (၂၂) ကနေ ထွက်လာတဲ့ အင်အား ၄၀၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းဟာ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းတွေခွဲပြီး ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကြောင်းထဲမှာ မိတ္ထီလာအခြေစိုက်တပ်မ (၉၉) နဲ့အတူ အမှတ် ၁၄ ၊ အမှတ် ၁၉ နဲ့ ခမရ ၁၀၉ စတဲ့ တပ်ရင်း ၃ ရင်း ရဲ့ ထုတ်နတ်အင်အားတွေပါဝင်ပြီး ပေါက်မြို့နယ်တောင်ပိုင်းဆီ စစ်ကြောင်း ၃ ခုခွဲကာ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကြောင်းထိုးရာလမ်းတလျှောက်မှာ စစ်အုပ်စုက အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို ဖမ်းဆီးသတ်ဖြတ်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။


နိုဝင်ဘာလ ၃ ရက်နေ့မှာတော့ ပေါက်မြို့နယ်တောင်ပိုင်း၊ ကျောက်ကာကျေးရွာအနီးတနေရာမှာ အင်အား ၁၅၀ ပါ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲစတင် ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က ၁၀ယောက် သေဆုံးကာ ဖွဲ့စည်းပုံပျက်သွားခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုဟာ သူတို့ရဲ့ သေဆုံးအလောင်းတွေကို စွန့်ပစ်ထားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကိုပဲ ထမ်းစင်နဲ့ တင်ဆောင်ရင်း အထိုင်ချတပ်စွဲထားတဲ့ ပင်တောင်ရွာကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ပေါက်ပကဖ တာဝန်ရှိသူက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပေါက် ပကဖနဲ့ MGY PDF က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ပေါက် ပကဖတပ်ဖွဲ့ဝင် ၁ယောက်ကျဆုံးခဲ့ရပါသေးတယ်။
ဒါ့အပြင် နိုဝင်ဘာလ ၅ ရက်နေ့ကလည်း ပေါက်မြို့နယ်တောင်ပိုင်း၊ ယောချောင်းတစ်နေရာမှာ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပါသေးတယ်။
အထက်ပါ တပ်မ (၉၉) လက်အောက်ခံ စစ်ကြောင်းဟာ ပေါက်မြို့နယ်တောင်ပိုင်း၊ သီးချောက်ရွာကနေ အရှေ့အရပ်ကို အင်အား ၁၃၀ နီးပါးနဲ့ ဦးတည် စစ်ကြောင်းထိုးလာချိန်မှာ တော်လှန်ရေးတပ်တွေက ဖြတ်တောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုမှာလည်း အကြမ်းဖက်အလောင်း ၇ လောင်းနဲ့ အရှင်၃ ယောက်အပါအဝင် သေနတ်၅လက်နဲ့ အတူ စစ်လက်နက်ပစ္စည်းတွေ၊ ခဲယမ်းတွေကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။



“ကျနော်တို့ သူတို့လှုပ်ရှားမှုတွေကိုသိနေတော့ အသင့်စောင့်ဆိုင်းပြီးတိုက်တယ်ပေါ့။ စစ်ရေးအရကတော့ ရန်သူ့အခြေအနေအကဲခတ်ပြီး နယ်မြေအသာစီးရမှုကို အခွင့်ကောင်းယူပြီး တိုက်ခိုက်နိုင်လိုက်တာပါ။ အရှင်မိတာက (ပစ) စစ်မှုထမ်းတွေပါ” လို့ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကြောင်းထံက MA 1 သေနတ် ၂လက်၊ MA 2 သေနတ် ၁လက်၊ MA 3 သေနတ် ၁လက် ၊ ကာဗိုင်သေနတ် ၁လက်၊ MA ဘောက်ဝိုင်း ၃ ခု၊ MAဘောက် ၁၉ ခု၊ ကျည်အမျိုးမျိုး ၁၅၀၀၊ 60mm ၅ ဖူး၊ RPG ၇ ဖူး၊ အီနာဂါ ၁၀ ဖူး၊ တိုက်မိုင်း ၆ လုံး၊ နင်းမိုင်း ၅လုံး၊.စလစ်မိုင်း ၅ လုံး၊ လက်ပစ် ၆ လုံး၊ ဆက်သွယ်ရေး စက်အကြီး ၁ လုံး (စကားပြောစက် ၂ ခု)၊ ကွန်ပျူတာ ၁ လုံး၊ Biuetooth Box တစ်လုံး၊ ရေချိုင့် ၂ လုံး၊ ဓား ၃ လက်၊ ဖုန်း ၂ လုံး၊ စစ်သုံး ပိုးအိတ် ၁၃ လုံး၊ ခေါက်ဆိုလာ ၂ ခု၊ မီးကြိုးခွေ ၃ ခုနဲ့ Power Bank ၁လုံး အပါအဝင် ဆက်စပ်ပစ္စည်းတွေကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ – ပေါက်ပကဖ နဲ့အတူ ပေါက်-ဆိပ်ဖြူ တပ်ရင်း စုဖွဲ့မှုက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။