မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၃ လုံးနဲ့ ဘုန်းကြီးကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၆ ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုရဲ့ အမှတ် ၃၁၄ အမြောက်ထပ်ကနေ ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေထဲကို ၁၂၀ မမ လက်နက်ကြီး ၂ လုံး၊ အမှတ် ၉ ခြေမြန်တပ်ရင်းကနေ ၆၀ မမ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါပစ်ခတ်မှုတွေဟာ ကျခတ်ချောင်းကျေးရွာအုပ်စု၊ နောက်ကတုတ် အောက်ရွာ လှသာကုန်းကွင်းကို ၁ လုံး၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ မိချောင်းအိုင်ရွာ အနီးကို ၁ လုံး၊ ချောင်းစောင့်ကျေးရွာအုပ်စု ချောင်းစောင့်ရွာ အတွင်းအပြင်ကို ၅ လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။



ဒါ့အပြင် နိုဝင်ဘာ ၇ရက် နေ့လယ်ပိုင်းမှာ ရေဝေရွာ၊ နောင်ကတုတ်အထက်ရွာ၊ ကော့လှိုင်းရွာ၊ ဝင်ဖုန်းတောင်ခြေ၊ မိချောင်းအိုင်ရွာ၊ ရွှေကြည်ရွာနဲ့ ရေတွင်းဖြူရွာတွေထဲကို Mi-17 ထောက်ပို့လေယာဥ်နဲ့ ၈၁ မမ လက်နက်ကြီး ၃၈ လုံး ကြဲချခဲ့တာကြောင့် ရေဝေရွာနဲ့ နောင်ကတုတ်အထက်ရွာက ဒေသခံ ၂ ယောက် ထိခိုက်ပြီး ဘုန်းကြီးကျောင်းလည်း ထိမှန်ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် အဲဒီနေ့ နေ့လယ် (၁၂း၁၅) အချိန်မှာ စစ်တပ် ခမရ (၉) ကနေ ချောင်းစောင့်ကျေးရွာ အနီးတဝိုက်ကို ၆၀ မမ လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတွေရဲ့ လုပ်ငန်းခွင်အတွင်း ကျရောက်ပြီး သီးနှံပင်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ နေ့လယ် (၁း၄၀) အချိန်မှာလည်း အမှတ်-၉ လေ့ကျင့်ရေးတပ်ရင်းကနေ ဒရုန်းအသုံးပြုကာ ချောင်းစောင့်ရွာကို ဗုံး ၁ လုံး၊ ရွှေရောင်ပြရွာကို ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် နေအိမ် ၁လုံး ထိမှန်ပျက်စီးခဲ့ကြောင်း KNU က ထုတ်ပြန်ထားပါတယ်။



