ရိုဟင်ဂျာမွတ်ဆလင် အယောက် ၃၀၀ နီးပါးတင်ဆောင်လာတဲ့ လှေတစီးဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်း-မလေးရှား ရေကြောင်းနယ်နိမိတ်အနီး အိန္ဒိယသမုဒ္ဒရာထဲမှာ နစ်မြုပ်သွားခဲ့ကြောင်း မလေးရှားအရာရှိတွေက နိုဝင်ဘာလ ၉ ရက် တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဒီဖြစ်ရပ်ကနေ လူ ၁၀ ယောက် ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ အလောင်း ၁ လောင်းလည်း ဆယ်ယူရရှိခဲ့ပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

လှေနစ်မြုပ်တဲ့ အချိန်နဲ့ နေရာ အတိအကျကိုတော့ ချက်ချင်း မသိရသေးကြောင်း၊ မလေးရှားအရာရှိတယောက်ရဲ့ ပြောဆိုချက်အရ အဲဒီလှေဟာ ထိုင်းရေပိုင်နက်ထဲမှာ နစ်မြုပ်သွားဖွယ်ရှိပြီး နယ်စပ်ဖြတ်ကျော် လူကုန်ကူးဂိုဏ်းတွေဟာ အန္တရာယ်များတဲ့ ပင်လယ်ခရီးစဉ်တွေကို အသုံးချပြီး ရွှေ့ပြောင်းနေထိုင်သူတွေကို ပိုမို အမြတ်ထုတ်တာတွေ လုပ်လာတယ်လို့ သတိပေးထားကြောင်း AP သတင်းက ဖော်ပြထားပါတယ်။

ရဲမှူးတယောက်က အဆိုပါ ကယ်ဆယ်ခံရသူတချို့ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်တွေ ဖြစ်ကြောင်း ဆိုပါတယ်။

မလေးရှား ရေကြောင်းပြ အေဂျင်စီက ဗိုလ်မှူးကြီး ရွမ်လီ မူစတဖာ က အစောပိုင်း စစ်ဆေးချက်တွေအရ အဲဒီလှေဟာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ကနေ ထွက်ခွာလာတာဖြစ်ပြီး လွန်ခဲ့တဲ့ သုံးရက်ခန့်က နစ်မြုပ်သွားတာဖြစ်တယ်လို့ ပြောပါတယ်။

ရှင်သန်ကျန်ရစ်သူ တချို့ကို မလေးရှားနိုင်ငံမြောက်ပိုင်း လန်ကာဝီကျွန်းအနီး ရေပြင်မှာ မျောနေတာ တွေ့ရှိခဲ့ပြီးနောက် အေဂျင်စီက စနေနေ့မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို စတင်ခဲ့တာပါ။

မလေးရှား ရေကြောင်း ထိန်းသိမ်းရေး အေဂျင်စီက ထုတ်ပြန်သည့် ယခုဓာတ်ပုံသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ စနေ့နေ့မှာ မလေးရှားနိုင်ငံ၊ အပန်းဖြေကျွန်း လန်ကာဝီကျွန်း၏ မြောက်ဘက် ရေပြင်ပိုင်းတွင် သင်္ဘောဖြင့် ကယ်ဆယ်ခံရပြီးနောက် အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့သည့် ရွှေ့ပြောင်းများကို ဖော်ပြထားသည်။ (ဓာတ်ပုံ မလေးရှား ရေကြောင်း ထိန်းသိမ်းရေး အေဂျင်စီမှ AP ထံ ပေးပို့)

ရေထဲမှာ မျောနေတဲ့ အမျိုးသမီးတယောက်ရဲ့ အလောင်းကို တွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံသား ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

ဖြစ်စဉ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တယောက်နဲ့ မြန်မာနိုင်ငံသား အတော်များများ အပါအဝင် အနည်းဆုံး လူ ၁၀ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး “စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နေတဲ့အတွက် ထိခိုက်နစ်နာသူတွေကို ပိုပြီး ရှာဖွေတွေ့ရှိနိုင်ခြေရှိပါတယ်” လို့ ရွမ်လီက ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။

မလေးရှားပြည်နယ် ရဲချုပ် အဒ်ဇလီ အဘူရှားကလည်း အဲဒီလှေဟာ ထိုင်းရေပိုင်နက်ထဲမှာ နစ်မြုပ်သွားတာဖြစ်နိုင်ပြီး နစ်နာသူတွေဟာ မလေးရှားဘက်ကို မျောပါလာခဲ့တာ ဖြစ်နိုင်တယ်လို့ မလေးရှားသတင်း Bernama ကို ပြောပါတယ်။

မလေးရှားအာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြတဲ့ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည် ၃၀၀ နီးပါး ပါဝင်တဲ့ လှေနှစ်စင်းကို နိုင်ငံထဲ ဝင်ခွင့်မပြုဘဲ ပြန်လှည့်ခိုင်းခဲ့ပါတယ်။

မလေးရှားနိုင်ငံဟာ အရင်က လူသားချင်းစာနာမှုအရ ရိုဟင်ဂျာတွေကို လက်ခံခဲ့ဖူးပေမယ့် လှေတွေနဲ့ လူအစုလိုက်အပြုံလိုက် ရောက်ရှိလာမှာကို စိုးရိမ်တဲ့အတွက် ဒုက္ခသည်လက်ခံတဲ့ အရေအတွက်ကို ကန့်သတ်ဖို့ ကြိုးစားနေခဲ့ပါတယ်။

လက်ရှိ မလေးရှားနိုင်ငံက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှာ မှတ်ပုံတင်ထားတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၁၇,၆၇၀ ခန့် ရှိပြီး ဒါဟာ မလေးရှားနိုင်ငံရှိ စုစုပေါင်း ဒုက္ခသည်ဦးရေရဲ့ ၅၉% ခန့် ဖြစ်ပါတယ်။

မူရင်းသတင်း – 7 Myanmar migrants dead and 13 rescued after boat capsizes near Malaysia

0 Shares:
You May Also Like
Read More

မြန်မာနိုင်ငံအတွင်း ပြင်းထန်နေတဲ့ တိုက်ပွဲတွေကို ကုလ စိုးရိမ်ပြန်

ရှမ်းမြောက်တိုက်ပွဲတွေနဲ့အတူ ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ မြန်မာနိုင်ငံမှာ အကြောင်းမဲ့ သေဆုံးနေရခြင်းအပေါ် ကုလသမဂ္ဂက အပြင်းအထန် ရှုံ့ချကန့်ကွက်လိုက်ပါတယ်။
Read More

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေး နယူးယောက်မြို့ UN  ရုံးချုပ်​ရှေ့ ချီတက်ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကမ္ဘာ့ကုလသမဂ္ဂ ရုံးချုပ်အနီးက Dag Hammerskjold Plaza မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2025 အဖြစ် Our UN Ambassador U Kyaw Moe Tun, The True Voice of Myanmar ခေါင်းစဉ်နဲ့ လူထုထောက်ခံချီတက် ဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။
Read More

အာဆီယံ AHA Centre က ငလျင်အတွက်အကူအညီများပေးအပ်

မြန်မာနိုင်ငံက အင်အားပြင်းငလျင်​ဘေးအတွက် အာဆီယံ AHA Centre က လှူဒါန်းတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းတွေ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
Read More

တရုတ်လုပ်ငန်းရှင်က မြန်မာလုပ်သားတွေကို လုပ်ခလစာမပေးလို့ ထိုင်းမှာ ဆန္ဒပြ

တရုတ်လုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့ ထိုင်းနိုင်ငံ ပရာချင်ဘူရီ ခရိုင်ထဲက ရိုဂျာနာစက်မှုဇုန်မှာ မြန်မာအလုပ်သမား ၇၀၀ လောက် လုပ်ခလစာမရလို့ ဆန္ဒပြခဲ့ကြောင်း ထိုင်းအခြေစိုက် မီဒီယာတချို့မှာ ဖော်ပြလာပါတယ်။
Read More

ဘုရားသုံးဆူက တရုတ်ငွေလိမ်ဂိုဏ်းတွေ နေရာပြောင်း

ထိုင်းနိုင်ငံကနေ လျှပ်စစ်ဓာတ်အား၊ လောင်စာနဲ့ အင်တာနက် ဖြတ်တောက်ပြီး ရက်ပိုင်းအကြာမှာ ဘုရားသုံးဆူက တရုတ်စီးပွားရေးလုပ်ငန်းတွေဟာ နေရာပြောင်းရွှေ့သွားတယ်လို့ ထိုင်းလုံခြုံရေးသတင်းရင်းမြစ်တွေက ပြောဆိုကြောင်း Bangkok Post က ဖေဖော်ဝါရီလ ၁၃ ရက်မှာ ရေးသားဖော်ပြထားပါတယ်။
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား သံတမန်ညှိနှိုင်းမှုအဆင့်ကို ကျော်လွန်ကာ ဒုတိယမြောက်နေ့ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့

နယ်စပ်အငြင်းပွါးမှု ပြဿနာကြီးထွားလာရာကနေ မနေ့က မနက်ပိုင်းမှာ ပစ်ခတ်မှုတွေ စတင်ခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲဟာ ဒီနေ့မှာ ဆက်လက်ပြင်းထန်လာခဲ့ပါတယ်။