စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ရွှေဘို- မြစ်ကြီးနားဗျူဟာလမ်းပိုင်းမှာ နိုဝင်ဘာလ ပထမပတ်ထဲ ခရီးသွားလူငယ် ၁၃ယောက် ပေါ်တာဆွဲဖမ်းဆီးခံရပြီး တကရ ၆၀၀၆ တပ်ရင်းဆီ အတင်းအကျပ် ပို့ဆောင်ခံရတယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း၄ က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဆာလင်းကြီးမြို့နယ်ကနေ ကချင်ပြည်နယ်၊ မြစ်ကြီးနားကိုသွားတဲ့ ခရီးသည်တင်ကား (၂)စီးပေါ်ကနေ ခရီးသွားလူငယ် ၁၃ယောက်ကို ရွှေဘို- မြစ်ကြီးနားဗျူဟာလမ်းပိုင်း၊ ဇီးကုန်း – မလယ်လမ်းဆုံမှာ အထိုင်ချထားတဲ့ စစ်အုပ်စုက အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးခဲ့တာလို့ သိရတာပါ။

စစ်အုပ်စုဝင်တွေဟာ ကားပေါ်ပါ ခရီးသည်တွေဆီကနေ အတင်းအဓမ္မ ငွေကြေးတောင်းယူရုံသာမက အလုပ်သွားရောက်လုပ်ကိုင်မယ့် လူငယ်တွေကိုလည်း အတင်းအဓမ္မ ဖမ်းဆီးခဲ့တာဖြစ်ပြီး နောက်တစ်နေ့ နေ့လည်ပိုင်းမှာပဲ ကန့်ဘလူအခြေစိုက် တင့်ကားတပ်ရင်း တကရ ၆၀၀၆ ဆီ ၆ဘီးကား ၁စီးနဲ့ ပို့ဆောင်လိုက်တယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း၄ က ပြောပါတယ်။

ကန့်ဘလူမြို့နယ်အတွင်းက ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတပ်သားတွေက လမ်းပိုင်းစိုးမိုးနိုင်ဖို့ ဂိတ်ချရင်း ခရီးသွားပြည်သူတွေဆီက ဖမ်းဆီးငွေညှစ်တာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေအပြင် လူငယ်တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆိုးဆိုးရွားရွားလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပုံစာ- စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

ကျွန်းလှ-ကန့်ဘလူခရိုင် တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်ရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့အောက်တိုဘာလ တစ်လတည်းမှာပဲ ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာတွေနဲ့ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းတကြောမှာ အရပ်သား ၈၀နီးပါး စစ်အုပ်စုရဲ့ ပေါ်တာဆွဲဖမ်းဆီးတာကို ခံရပြီး အမျိုးသမီး၂ယောက် အဓမ္မပြုကျင့်သတ်ဖြတ်ခံရသလို၊ ၂ယောက် ပျောက်ဆုံးနေတယ်လို့လည်း သိရပါတယ်။

ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းကြောက စပယ်နံ့သာ စစ်အုပ်စုအထိုင်စခန်းဟာ ဒေသတွင်း ဆိုးဆိုးရွားရွား ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူ အယောက် ၃၀ ထက်မနည်းရှိကြောင်း ကျွန်းလှ-ကန့်ဘလူခရိုင်တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က ဖော်ပြပါတယ်။

အောက်တိုဘာလ ၁၆ရက်နေ့ကလည်း ကောလင်းမြို့နယ်ကနေ တန့်ဆည်မြို့ဆီ ကထိန်ခင်းဖို့သွားတဲ့ အရပ်သားလင်မယား၂ယောက်ကိုလည်း အဲ့ဒီစံပယ်နံ့သာ ဂိတ်စခန်းကပဲ ဖမ်းဆီးခဲ့ပြီး တန်ဖိုးကြီးပစ္စည်းတွေလုယူကာ အမျိုးသမီးဖြစ်သူကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အမျိုးသားဖြစ်သူကတော့ ရိုက်နှက်နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ အသက်လု ထွက်ပြေးလွတ်မြောက်လာကြောင်း သတင်းရင်းမြစ်တွေကပြောပါတယ်။

ဒါ့အပြင်အဲ့ဒီ စံပယ်နံ့သာဂိတ်က ပေါ်တာဆွဲဖမ်းဆီးထားတဲ့ အရပ်သားလူငယ်၁၀ယောက်ကို အောက်တိုဘာလ ၂၄ရက်နေ့မှာ ကန့်ဘလူမြို့ဆီ အန်စာတုံးကားနဲ့ ပို့ဆောင်ချိန်မှာ လူငယ်တွေက ကားသမားကိုချုပ်ကာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“သတင်းတွေထွက်နေသလို ကလေးတွေက ကားသမားကို သတ်ပြီးထွက်ပြေးတာမဟုတ်ဘူး။ ကားသမားကို လည်ပင်းညှစ်ထိန်းချုပ်ပြီး ကားကိုရပ်ခိုင်းတယ်။ လွတ်တဲ့နေရာရောက်မှ ထွက်ပြေးတာပါ။ စံပယ်နံ့သာကနေ ကန့်ဘလူကိုပို့တဲ့အချိန် ကျနော်တို့အခေါ် ၅ မိုင်လောက်အရောက်မှာပါ” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်ကမောင်းကိုပြောပါတယ်။

လက်ရှိမှာ အဲ့ဒီဖမ်းဆီးခံရတဲ့လူငယ်တွေဟာ သက်ဆိုင်ရာ မိဘဆွေမျိုးတွေဆီ ရောက်ရှိနေပြီဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

လက်ရှိမှာလည်း ကန့်ဘလူမြို့နယ်အတွင်း သင်္ဃန်းဝတ် ဝါသဝလက်ပါးစေ ပျူစောထီးနဲ့ စစ်တပ်ပူးပေါင်းပြီး စစ်ကြောင်းထိုးနေတာတွေ ရှိသလို ပေါ်တာဆွဲဖမ်းဆီးတာတွေလည်း ဆိုးဆိုးရွားရွားရှိနေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

သထုံထောင်မှ အချုပ်သားအချို့ ထွက်ပြေးရာ ၃ ဦး ပြန်အဖမ်းခံရ

မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်မှာ အချုပ်သားတချို့ ထွက်ပြေးရော ၃ ယောက်ကို ချက်ချင်း ပြန်လည် ဖမ်းမိခဲ့တယ်လို့ သထုံအကျဉ်းထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။ 
Read More

လူထုကြား ပျောက်နေသည့် ဗိုလ်ချုပ်တာဘုန်းကျော် တအာင်းပညာရေးအကယ်ဒမီ ကျောင်းဆင်းပွဲတွင် ပြန်ထွက်ပေါ်လာ

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် TNLA က မိုးကုတ်မြို့ကို အကြမ်းဖက်ကော်မရှင်ထံ ပြန်ပေးလိုက်ပြီးနောက် မြို့ထဲကို စစ်တပ် ဘယ်လိုပြန်ဝင်လာမလဲဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားနေချိန် လူထုရှေ့ ထွက်မလာတာကြာပြီဖြစ်တဲ့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်ဟာ တအာင်းပညာရေးအကယ်ဒမီ ကျောင်းဆင်းပွဲနဲ့အတူ လူထုရှေ့ ပြန်ထွက်ပေါ်လာခဲ့ပါတယ်။
Read More

သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာဘူတာအနီးရှိ စစ်တပ်ကင်းပုန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်က မျက်မြင် ၄ ဦး သေဆုံးဟု ဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာ ဘူတာအနီးရှိ အကြမ်းဖက်စစ်တပ် ကင်းပုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ခင်ဦးမှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက်(၁)နှစ်အောက် ကလေးငယ်တွေကို ထောက်ပံ့ငွေပေးအပ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း ကျေးရွာ (၁၀) ရွာက ကိုယ်ဝန်ဆောင် မိခင်နဲ့ အသက် (၁) နှစ်အောက် ကလေးသူငယ် စုစုပေါင်း (၈၅) ယောက်ကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

ဖားကန့်တွင် မြေပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူ ၂ ဦး သေဆုံး၊ ၁၄ နှစ်အရွယ် ၁ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မြေပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူ ၂ယောက် သေဆုံးပြီး ၁ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ တပ်ရင်း စံပြုတည်မြဲအမိန့် စစ်ရုံးချုပ် ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ တပ်ရင်းစံပြုတည်မြဲအမိန့်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD) ၊ PDF စစ်ရုံးချုပ်က မေလ ၆ ရက် ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။