မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းတွေကို တပြိုင်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်သားတချို့ သေဆုံးခဲ့ပြီး ဂိတ်စခန်းတွေ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

နိုဝင်ဘာလ ၅ ရက် မနေ့ မနက်အစောပိုင်းကစလို့ တောင်သာမြို့အရှေ့ဘက်အထွက် မန်ကျည်းရိုးဂိတ်၊ မြို့အနောက်ဘက် ဇဂျမ်းသံလမ်းဂိတ်နဲ့ မန်ကျည်းရိုးဂိတ်တောင်ဘက် ဗိဿာနိုးတောင်ပေါ်တပ်စွဲထားတဲ့ စစ်အုပ်စုဂိတ်စခန်းတွေကို မြင်းခြံခရိုင်တပ်ရင်း (၃) က တပြိုင်နက်တည်း စီးနင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဘန်ကာ ၁၃ လုံးနဲ့ အခိုင်အမာတပ်စွဲထားတဲ့ မကျည်းရိုးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ချိန်မှာ စခန်းထဲရှိ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေ ထိခိုက်ဒဏ်ရာရပြီး ဝရုန်းသုန်းကား ထွက်ပြေးသွားကြကြောင်း၊ စခန်းအတွင်းဝင်ရောက်ရာမှာ သေဆုံးနေတဲ့ စစ်သားအလောင်း ၃ လောင်း တွေ့ရှိရကြောင်း၊ ဂျန်မာတွေကို ဖြုတ်ခဲ့ကာ ဘန်ကာတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း-၃ တာဝန်ရှိသူက ပြောပါတယ်။

“ဘန်ကာကြီး (၁၃) လုံးရှိတာမှ အားမနာ သူ့ထက်ငါ အရင်လွတ်အောင် အပြေးပြိုင်နေသလား မှတ်ရပါတယ်။ သူတို့စခန်းကိုသိမ်းမိလို့ ဘန်ကာတွေကို ခြေကုတ်ယူပြီး ထိန်းထားနိုင်တယ်ဆိုပေမယ့် မြို့ပေါ်ဖြစ်တော့ စကမ က ဗုံးကြဲရင် မြို့နေအရပ်သားတွေ ထိမှာစိုးလို့ပါ။ ဒါကြောင့် စခန်းကို သူတို့တပ်စွဲဖို့မလွယ်အောင်ပဲ မီးရှို့ဖျက်ဆီးခဲ့လိုက်ပါတယ်” လို့ မြင်းခြံခရိုင်တပ်ရင်း-၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မြင်းခြံခရိုင် တပ်ရင်း(၃) မှ ထုတ်ပြန်ထားသည့် တိုက်ပွဲပုံရိပ်များ

တချိန်တည်းမှာပဲ မန်ကျည်ရိုးဂိတ်တောင်ဘက်၊ ဗိဿနိုးတောင်ပေါ် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စု ဂိတ်စခန်းကို ထပ်မံတိုက်ခိုက်ရာမှာလည်း တောင်ပေါ်တည်ဆောက်ထားတဲ့ စစ်အုပ်စု ဘန်ကာ ၁ လုံးက လွဲလို့ စုစုပေါင်း ဘန်ကာ ၁၂ လုံးထဲက ၁၁ လုံးအထိ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီလိုမျိုး မြို့အရှေ့နဲ့အနောက်ဘက်ကို ဝင်ရောက်တိုက်ခိုက်နေချိန် မြို့အနောက်ဘက်၊ ဇဂျမ်းအထွက်က သံလမ်းဂိတ်ကိုပါ အယောင်ပြတိုက်ခိုက်ခဲ့ကြောင်းနဲ့ စစ်ကော်မရှင်တပ်သားတွေ ဘန်ကာအတွင်း နေရာယူပြီးဖြစ်သွားတာကြောင့် အပြန်အလှန်ပစ်ခတ်ရင်းနဲ့ပဲ ပြန်ဆုတ်ခဲ့လိုက်ရကြောင်း မြင်းခြံခရိုင်တပ်ရင်း-၃ တာဝန်ရှိသူက ပြောပါတယ်။

“လက်နက်ရတာမျိုးမရှိဘူးဗျ။ ဘာလို့ဆို မန်ကျည်းရိုးဂိတ်ကို ကျနော်တို့ဝင်ပစ်တဲ့အချိန် စကမတပ်သားတွေက အကုန်ထွက်ပြေးပြီး ၂ယောက်ကိုပဲ လက်ပစ်ဗုံးလေးနဲ့ ထားပစ်ခဲ့တာပါ။ ကျနော်တို့ ဝင်တိုက်တိုက်ချင်း သေနတ်စွဲပြေးတာပေါ့။ ကျန်တဲ့ပစ္စည်းတွေရယ် စခအလောင်းတွေရယ်ပဲ ရပါတယ်”

တိုက်ပွဲအပြီး တပ်ဖွဲ့ဝင် ၁ယောက် ကျည်ထိမှန် (မစိုးရိမ်ရ) ခဲ့တာကလွဲလို့ ကျန်တဲ့သူတွေအားလုံး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း-၃ က ထုတ်ပြန်ပါတယ်။

မြင်းခြံခရိုင် တပ်ရင်း(၃) မှ ထုတ်ပြန်ထားသည့် တိုက်ပွဲပုံရိပ်များ

ဒါ့အပြင် အဲ့ဒီနေ့ညပိုင်းမှာ အကြမ်းဖက်စစ်ကော်မရှင်က တော်လှန်ရေးတပ်ဖွဲ့ တပ်စွဲထားတယ်အထင်နဲ့ သံဖိုရွာကို ဂျက်ဖိက်တာနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေနဲ့ နေအိမ်ပျက်စီးဆုံးရှုံးမှုတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။

“တိုက်ပွဲဖြစ်တုန်းက လေယာဥ်မလာဘဲ ကျနော်တို့နားလောက်မယ်အထင်နဲ့ ညဘက်ကျမှ ရွာထဲကို လာကြဲသွားတာပါ။ ကျနော်တို့စခန်းမဟုတ်ပါဘူး။ အဲ့တော့ ရဲဘော်တွေမထိပေမယ့် အရပ်သားတွေပဲ ထိခိုက် သေဆုံးခဲ့တာပါ”လို့ မြင်းခြံခရိုင်တပ်ရင်း-၃ တာဝန်ရှိသူက ဆိုပါတယ်။

လက်ရှိမှာတော့ ဆုတ်ခွာသွားတဲ့ စစ်အုပ်စုတွေနဲ့ တောင်သာမြို့ပေါ် စစ်အုပ်စုတွေက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ စခန်းတွေကို ပြန်လည်ရှင်းလင်းရေးဝင်ရောက်ကာ ဘန်ကာတွေ ပြင်ဆင်တည်ဆောက်နေသလို အလောင်းတွေကို မြို့ပေါ်သယ်ဆောင်တာမျိုးတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

မြင်းခြံခရိုင် တပ်ရင်း(၃) မှ ထုတ်ပြန်ထားသည့် တိုက်ပွဲပုံရိပ်များ
မြင်းခြံခရိုင် တပ်ရင်း(၃) မှ ထုတ်ပြန်ထားသည့် တိုက်ပွဲပုံရိပ်များ
0 Shares:
You May Also Like
Read More

လေယာဉ်ဗုံးထိမှန်ကျဆုံးခဲ့သည့် မိုးကုတ်ပကဖ ရဲဘော် (၂) ဦးအတွက် အမိန့်ပြန် အခမ်းအနား

အကြမ်းဖက်စစ်ကောင်စီရဲ့ လေယာဉ်ဗုံး ထိမှန်ကာ ကျဆုံးခဲ့တဲ့ ပကဖ ရဲဘော် (၂) ယောက်အတွက် မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပကဖက အမိန့်ပြန်တမ်းထုတ် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

NLD အစိုးရလက်ထက် ဝယ်ယူခဲ့သည့် DEMU လူစီးရထားအား မင်းအောင်လှိုင်က သူ့လက်ထက်မှာ တိုးတက်နေသဖွယ် လိုက်ပါစီးနင်းပြ

ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ NLD အရပ်သားအစိုးရလက်ထက်မှာ ဝယ်ယူခဲ့တဲ့ နေပြည်တော်-ရန်ကုန် အမှတ်(၈)အစုန် DEMU လူစီးရထားကို ခရီးသည်တွေနဲ့အတူ လိုက်ပါစီးနင်းခဲ့တယ်လို့ စစ်တပ် လော်ဘီ သတင်းချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
Read More

ခေါပုတ်စခန်းသိမ်းတိုက်ပွဲကနေ စစ်တပ်က စစ်သုံ့ပန်း ၁၇ ယောက် ဖမ်းမိခဲ့ပြီး ဒဏ်ရာရ စစ်သုံ့ပန်းတွေကို ဆေးကုသပေးနေ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ ၅ နယ်မြေ ၊ ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲကနေ စစ်သုံ့ပန်း ၁၇ ယောက်ဖမ်းမိပြီး ဒဏ်ရာရသူတွေကို ဆေးကုသပေးနေတယ်လို့ KNU-Mutraw News က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ် စစ်ကောင်စီကာကင်းစခန်းတွေကို PDF ဗျူဟာ ၃ ခုနှင့် မဟာမိတ်တွေ ဝင်ရောက်စီးနင်းချေမှုန်း၊ စစ်ကောင်စီဘက်က ရဲမှူးအပါ ၁၀ ယောက် သေဆုံး

ပဲခူးတိုင်း၊ ကျောက်ကြီး၊ ကျောက်တံခါး၊ ဖြူးနဲ့ညောင်လေးပင်မြို့နယ်တွေက စစ်ကောင်စီကာကင်းစခန်းတွေ တစ်ပြိုင်နက်တည်းဝင်ရောက် တိုက်ခိုက်ခံရပြီး စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေ များခဲ့သလို လက်နက်ခဲယမ်းတွေကိုလည်း တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။
Read More

ကြို့ပင်ကောက်တွင် စစ်တပ် ပစ်ခတ်မှုကြောင့် မိဘ ၂ ပါး သေဆုံးကာ သားနှင့်သမီး ကျန်ရစ်ခဲ့

ပဲခူးတိုင်း၊ ကြိုပင်ကောက်မြို့နယ်က ကျေးရွာတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဇနီးမောင်နှံ သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

သတိထားရမည့် ဂျိုင်ရိုကော်ပတာ (gyrocopter) ယာဉ်များ

လက်ရှိ မိုးရာသီရောက်ရှိလာချိန်မှာ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေမှာ အရင်က အသုံးပြုခဲ့တဲ့ စက်တပ်လေထီး (Paramotor) တွေအစား လေပြင်းတိုက်ခတ်မှုဒဏ်ကို ပိုမိုခံနိုင်တဲ့ ဂျိုင်ရိုကော်ပတာ (gyrocopter) ယာဉ်တွေကို စတင် အသုံးပြုနေပြီလို့ သိရပါတယ်။