မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်စုက ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ပြုလုပ်ဖို့ လျာထားတဲ့ ရွေးကောက်ပွဲကို ဂျာကာတာအနေနဲ့ လေ့လာသူစေလွှတ်ဖို့ရှိမရှိကို လက်ရှိအချိန်ထိ ဆုံးဖြတ်နိုင်ခြင်းမရှိသေးဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနိုက နိုဝင်ဘာလ ၅ ရက် ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
စစ်အုပ်စုက ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီး ၄နှစ်ကျော်အကြာမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ အာဏာသိမ်းစစ်တပ်က အာဆီယံအပါအဝင် နိုင်ငံတကာကို ဖိတ်ခေါ်ထားတာပါ။
“ကျနော်တို့ [အင်ဒိုနီးရှား] အနေနဲ့ [လေ့လာရေးအဖွဲ့ စေလွှတ်ဖို့ကို] မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမယ့်ကျနော်တို့ ပြောထားသလိုပဲ ကျနော်တို့အနေနဲ့ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်စေချင်ပါတယ်၊ ဒါပေမယ့် အဲဒါကတော့ မြန်မာဘက်က အခြေအနေပေါ်မှာ မူတည်ပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနိုက သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။
အာဆီယံအဖွဲ့ကြီးကတော့ သူတို့အလံအောက်ကနေ စောင့်ကြည့်လေ့လာသူတွေ စေလွှတ်မှာမဟုတ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံတွေကတော့ ဆန္ဒရှိရင် နှစ်နိုင်ငံသဘောတူညီချက်တွေအရ ကိုယ်ပိုင်စေလွှတ်ခွင့်ရှိကြောင်း ဆုံးဖြတ်ထားပါတယ်။
“မြန်မာဘက်က ပြောတာတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဟာ အားလုံးပါဝင်မှု လုံလုံလောက်လောက်ရှိတယ်၊ သူတို့ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး အကြောင်းပြချက်တွေလည်း အများကြီးတင်ခဲ့တယ်” လို့ ကွာလာလမ်ပူ ထိပ်သီးအစည်းအဝေးပွဲမှာ မြန်မာကိုယ်စား တက်ရောက်တဲ့ စစ်အုပ်စုခန့် နိုင်ငံခြားရေးအတွင်းဝန်ရဲ့ တင်ပြချက်ကို ဆူဂီယိုနိုက ရှင်းပြခဲ့ပါတယ်။
ဒါပေမယ့် စစ်အုပ်စုက ဦးစီးကျင်းပတဲ့ ရွေးကောက်ပွဲတွေဟာ စစ်အုပ်ချုပ်ရေးကို တရားဝင်ဖြစ်စေဖို့ အတုအယောင် ဟန်ပြအဖြစ် ကျင်းပမှုဖြစ်ကြောင်း တော်လှန်ရေးအင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ နိုင်ငံတကာက ကျွမ်းကျင်သူတွေက ဝေဖန်ထားကြပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တစုံတရာ ဝေဖန်ခြင်းတောင် ခွင့်မပြုဘဲ ဘယ်လိုတိုင်ကြားမှုကိုမဆို ပြင်းပြင်းထန်ထန် ဖမ်းဆီးအရေးယူနေတာလည်း ဖြစ်ပါတယ်။
စစ်အုပ်စုရွေးကောက်ပွဲအပေါ် သံသယရှိသူတွေထဲက တဦးဖြစ်တဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ကလည်း “အဲဒီရွေးကောက်ပွဲတွေဟာ မြန်မာ့ပြဿနာတွေကို ဖြေရှင်းရာမှာ အထောက်အကူပြုမယ်ဆိုပြီး ဘယ်သူကမှ ယုံကြည်နေမယ်မထင်ဘူး” လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာကလည်း အာဆီယံအဖွဲ့ဝင်တွေအကြား ရွေးကောက်ပွဲအပေါ် သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့ ဝန်ခံထားပါတယ်။
၂၀၂၆ ခုနှစ်မှာ မြန်မာအလှည့်ကိုကျော်ပြီး အာဆီယံဥက္ကဋ္ဌဖြစ်လာမယ့် ဖိလစ်ပိုင်အနေနဲ့ အစုအဖွဲ့ကို ဘုံရပ်တည်ချက်တရပ် ချမှတ်နိုင်အောင် တွန်းအားပေးဖို့ ပြင်ဆင်နေပြီး အာဆီယံက သဘောတူညီမှုမရရင် ဖိလစ်ပိုင်က “ကိုယ့်ဘာသာကိုယ် ရှေ့ဆက်သွားမယ်” လို့ မားကို့စ်က ပြောပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ သူတို့ရဲ့ အောက်တိုဘာ ၂၆ ရက်နေ့က ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ “ရွေးကောက်ပွဲတွေမတိုင်ခင် အကြမ်းဖက်မှုတွေ ရပ်ဖို့နဲ့ အစုအဖွဲ့စုံ ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေဖြစ်ဖို့ အရင်လုပ်ရမယ်” လို့ အခိုင်အမာ တောင်းဆိုထားပါတယ်။
မူရင်းသတင်း – Indonesia Still Undecided on Sending Observer to Myanmar’s Disputed Polls