ပြီးခဲ့တဲ့တလောက မြန်မာနိုင်ငံရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်တာနက် လိမ်လည်မှုဂိုဏ်းတွေထဲက တခုကို ဝင်ရောက်စီးနင်းဖမ်းဆီးမှုတွေ ဖြစ်သွားပြီးတဲ့နောက်ပိုင်း အဲဒီနေရာတွေကနေ ထွက်ပြေးလာတဲ့ ဝန်ထမ်းတွေဟာ အနီးအနားက တခြား “ကျားဖြန့်” လုပ်ငန်းတွေမှာ အလျင်အမြန် ပြန်ပြီး အလုပ်ဝင်ဖို့ ကြိုးစားခဲ့ကြတာကြောင့် ဝန်ထမ်းအပြိုင်အဆိုင် စုဆောင်းမှုတွေ ဖြစ်လာတယ်လို့ ကျွမ်းကျင်သူတွေနဲ့ အတွင်းလူတွေရဲ့ အဆိုအရ သိရပါတယ်။

အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေဟာ အရှေ့တောင်အာရှတစ်ခွင်မှာ မှိုလိုပေါက်လာပြီး အချစ်ဇာတ်လမ်းတွေ၊ ခရစ်ပတိုလိမ်လည်မှုတွေ စတဲ့ ပုံစံအဆန်းတွေနဲ့ သူတို့ကို သံသယမရှိနိုင်တဲ့ သားကောင်တွေဆီကနေ နှစ်စဉ် ဒေါ်လာဘီလီယံချီ စုပ်ယူနေတာဖြစ်ပါတယ်။

အကဲခတ်တွေပြောတာကတော့ ဝန်ထမ်းအများစုဟာ လူကုန်ကူးခံရပြီး ဒီအင်တာနက်အလုပ်ရုံထဲ ရောက်လာကြတာ ဖြစ်ပေမယ့် တချို့လူတွေကတော့ လစာကောင်းကောင်းရဖို့အတွက် ကိုယ့်သဘောနဲ့ကိုယ် ရောက်လာကြတာမျိုးလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလနှောင်းပိုင်းမှာ မြန်မာနိုင်ငံက နာမည်ကြီး လိမ်လည်လုပ်ငန်း KK Park ကို ဝင်ရောက်စီးနင်းလိုက်တဲ့အခါ လူပေါင်း ၁,၅၀၀ ကျော်ဟာ ထိုင်းနိုင်ငံဘက် နယ်စပ်ကို ထွက်ပြေးခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီလို ထွက်ပြေးသူတွေနည်းတူ လူပေါင်းများစွာဟာ မှောင်ခိုဈေးကွက်ထဲ အခွင့်အရေးအသစ်တွေရှာဖို့ နောက်မှာ ကျန်နေခဲ့ကြပါတယ်။

အောက်တိုဘာ ၂၄ ရက်တွင် KK park မှ ထိုင်းနိုင်ငံဘက်ခြမ်း ထွက်ပြေးလာသူများ (ဓာတ်ပုံ AFP)


KK Park နဲ့ ၃ ကီလိုမီတာ (၂ မိုင်) လောက်ပဲ ကွာတဲ့ အနီးအနားက အဆောက်အအုံတခုမှာ ရှိနေတဲ့ ကိုယ့်သဘောနဲ့ကိုယ် ကျားဖြန့်လုပ်သူ တရုတ်ဝန်ထမ်းတယောက်ပြောတာက အောက်တိုဘာ ၂၃ ရက်နေ့မှာ KK Park ကနေ ထွက်လာတဲ့ လူပေါင်းရာနဲ့ချီပြီး သူ့တို့ခြံဝင်းကို ရောက်လာခဲ့တယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ တလကို အမေရိကန်ဒေါ်လာ ၁,၄၀၀ အထိ ရနိုင်တဲ့ လစာတွေနဲ့ ဆွဲဆောင်ခံခဲ့ရလို့ပါပဲ။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဲဒီလူဟာ မက်ဆေ့ခ်ျပို့တဲ့ အက်ပ်တခုကနေ သူရဲ့ လက်ရှိတည်နေရာကို မျှဝေပြခဲ့ပါတယ်။ သူဟာ ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံထဲမှာ ရှိနေတာကို တွေ့ခဲ့ရပါတယ်။

“တချို့လူတွေကိုတော့ မသမာတဲ့ သူဌေးတွေက ခေါ်သွားမှာဖြစ်ပြီး တချို့ကတော့ ကောင်းတဲ့ ကုမ္ပဏီတွေက ခေါ်သွားပါလိမ့်မယ်။ အားလုံးကတော့ ကိုယ့်ကံပေါ်ပဲ မူတည်တယ်” လို့ သူက ပြောပါတယ်။

Global Initiative against Transnational Organised Crime ရဲ့ အကြီးတန်းကျွမ်းကျင်သူ Jason Tower ကလည်း KK Park က ကျားဖြန့်သမား အများစုဟာ တခြားဂိုဏ်းတွေကနေ ဒီအတိုင်း ပြန်စုဆောင်းခံလိုက်ရတာဖြစ်တယ်လို့ ပြောပါတယ်။

“တချို့လူတွေဟာ လိမ်လည်မှု ဆက်လုပ်ဖို့အတွက် နေရာအသစ်ရှာနေတာပါ။ သူတို့အတွက် ဒါကို အလုပ်တခုလို မြင်နေကြတာ ဖြစ်နိုင်တယ်” လို့ သူက သုံးသပ်ပါတယ်။

လိမ်လည်မှုတွေအတွင်း ငွေပေးချေမှုတွေဟာ အမည်မဖော်ဘဲ လျှို့ဝှက် Cryptocurrency တွေနဲ့ လွှဲတာ၊ ခံလိုက်ရတဲ့ နစ်နာသူတွေကလည်း အရှက်ရလို့ တိုင်ကြားတာမျိုး နည်းပါးနေတဲ့အတွက် ကျားဖြန့်လုပ်ငန်းတွေကြောင့် ဆုံးရှုံးသွားတဲ့ ပမာဏကို တိတိကျကျ ပြောဖို့ ခက်ခဲပါတယ်။

ဒါပေမယ့် ကုလသမဂ္ဂ အစီရင်ခံစာ အရ ၂၀၂၃ ခုနှစ်မှာ အရှေ့တောင်အာရှနဲ့ အရှေ့အာရှသားတွေချည်းပဲ ဒေါ်လာ ၃၇ ဘီလီယံ အထိ လိမ်လည်ခံခဲ့ရပြီး ကမ္ဘာလုံးဆိုင်ရာ ဆုံးရှုံးမှုဟာ ဒီထက် “အများကြီး ပိုများနိုင်” တယ်လို့ သိရပါတယ်။


စစ်ဒဏ်သင့်မြန်မာပြည်ရဲ့ အုပ်ချုပ်မှု လျော့ရဲတဲ့ နယ်စပ်ဒေသတွေဟာ ဒီလိုလုပ်ငန်းတွေ ပေါက်ဖွားဖို့ အတော်လေး အခြေအနေပေးပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်အုပ်စုဟာ သူ့ရဲ့ ပြည်တွင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့တွေကို ချမ်းသာကြွယ်ဝစေတဲ့ ဒီလိမ်လည်မှုစင်တာတွေအပေါ် မျက်ကွယ်ပြုနေတယ်လို့ စွပ်စွဲခံထားရပါတယ်။

ဒါပေမယ့် စစ်အုပ်စုရဲ့ နိုင်ငံတကာထောက်ခံသူ တရုတ်နိုင်ငံကတော့ သူတို့ရဲ့ နိုင်ငံသားတွေကို ပစ်မှတ်ထား လိမ်လည်တာနဲ့ စုဆောင်းတာတွေကြောင့် ဒီမှောင်ခိုဈေးကွက်ကြီးကို ထိန်းချုပ်ဖို့ ဖိအားပေးတာကိုလည်း စစ်အုပ်စုက ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့လက စစ်အုပ်စုတပ်သားတွေဟာ KK Park က အဆောက်အအုံ ၂၀၀ ခန့်ကို ဝင်စီးနင်းခဲ့ပြီး လူလိမ် ၂,၀၀၀ ကျော်ကို တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အကဲခတ်တွေကတော့ အဲဒီ စီးနင်းမှုဟာ အကန့်အသတ်နဲ့သာဖြစ်နိုင်ပြီး စနစ်တကျ ပြင်ဆင်ထားတဲ့ ပြဇာတ်တခုလို့ သုံးသပ်ကြပါတယ်။ အကြောင်းအရင်းကတော့ သူတို့ရဲ့ အကျိုးအမြတ်တွေကို သိသိသာသာ ထိခိုက်မှု မရှိဘဲ နိုင်ငံတကာရဲ့ ဖိအားတွေကို ဖြေလျှော့ဖို့ဖြစ်တယ်လို့ သူတို့က မြင်ကြပါတယ်။

ဒါပေမယ့် အဲဒီစီးနင်းမှုကြောင့် နိုင်ငံပေါင်း ၂၈ နိုင်ငံက လူပေါင်း ၁,၅၀၀ ဟာ ထိုင်းနိုင်ငံထဲကို ထွက်ပြေးခဲ့ကြတယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ သူတို့ထဲမှာ အိန္ဒိယနိုင်ငံသား ၅၀၀ ခန့်နဲ့ ဖိလစ်ပိုင်နိုင်ငံသား ၂၀၀ ခန့် ပါဝင်ပါတယ်။ အာဏာပိုင်တွေအတွက်တော့ ဒါကို လူကုန်ကူးခံရသူတွေနဲ့ ကိုယ့်သဘောနဲ့ကိုယ် လိမ်လည်သူတွေအကြား ခွဲခြားသိနိုင်ဖို့ ခက်ခဲတဲ့ စိန်ခေါ်မှုတခုအဖြစ် ရင်ဆိုင်နေရပါတယ်။

အမည်မဖော်လိုတဲ့ ဖိလစ်ပိုင်အမျိုးသားတယောက်ကလည်း စစ်တပ်ဘက်သား လက်နက်ကိုင်အဖွဲ့ ရောက်လာချိန် အောက်တိုဘာ ၂၂ ရက်နေ့မှာ သူ့တို့ ဖိလစ်ပိုင်နိုင်ငံသား အယောက် ၃၀ လောက် KK Park ကနေ အတူတူ ထွက်ပြေးခဲ့ရပုံကို ပြောပြပါတယ်။



“လူတိုင်း အပြင်ကို ပြေးထွက်ခဲ့ကြတယ်။ ဒါက ငါတို့ လွတ်မြောက်ဖို့ အခွင့်အရေးဖြစ်ခဲ့တာ” လို့ သူက ပြောပါတယ်။

သူဟာ သူ့ကို လူကုန်ကူးပြီး ခေါ်လာတယ်လို့ ဆိုတဲ့ အဲဒီခြံဝင်းထဲကနေ ယူနိုင်သမျှ ပစ္စည်းအနည်းငယ်ကို ဆွဲယူပြီး လှေနဲ့ ထိုင်းနိုင်ငံ အနောက်ဘက်ခြမ်းကို ကူးသွားခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။

ကျွမ်းကျင်သူတယောက်ကတော့ KK Park မှာ လူပေါင်း ၂၀,၀၀၀ ခန့် လုပ်ကိုင်နေခဲ့ပြီး အများစုက တရုတ်နိုင်ငံသားတွေ ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် ထိုင်းကို ထွက်ပြေးသွားတဲ့သူတွေဟာ စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းတောင် မပြည့်ဘူးလို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် နောက်မှာ ကျန်ခဲ့သူတွေအားလုံးကတော့ ကိုယ့်သဘောနဲ့ ကိုယ်နေခဲ့တာချည်း မဟုတ်ပါဘူး။

KK Park အနီးအနားမှာရှိတဲ့ အလုပ်ဝင်းက တရုတ်ကျားဖြန့်သမားပြောတာက ဒေသခံ လက်နက်ကိုင်အဖွဲ့တွေဟာ ငွေရဖို့ အငမ်းမရဖြစ်ပြီး KK Park ကနေ ထွက်ပြေးပြီးနောက် အလုပ်လက်မဲ့ဖြစ်နေတဲ့ လိမ်လည်ရေးသမားတွေကို တခြားစက်ရုံတွေဆီကို ရောင်းချလိုက်ကြပြီး ဒေါ်လာ ၇၀,၀၀၀ အထိ ရခဲ့ကြပါတယ်။

ဒီတော့ သူတို့ဟာ လစာကောင်းကောင်းပေးလို့ စိတ်လိုလက်ရလုပ်နေသူတွေလား ဒါမှမဟုတ် လူကုန်ကူးခံရသူတွေပဲလားဆိုတာ မရှင်းလင်းနေပါဘူး။

အဲဒီကျားဖြန့်သမားက စီးနင်းမှုတွေပြီးတဲ့နောက်ပိုင်း “ညနေတိုင်း ပေါက်ကွဲသံတွေ” ကြားရတယ်လို့ သတင်းပေးခဲ့ပေမယ့် ဒါဟာ မြန်မာအာဏာပိုင်တွေရဲ့ အဓိပ္ပာယ်ရှိတဲ့ နှိမ်နင်းမှုမဟုတ်ဘဲ “လုပ်ဇာတ်ပဲ” လို့ ဆိုပါတယ်။

ဒီတော့ မိမိသဘောနဲ့ပဲဖြစ်ဖြစ်၊ အတင်းအကြပ်စေခိုင်းခံရလို့ပဲဖြစ်ဖြစ် ကျားဖြန့်သမားတွေ ဆက်ရှိနေဦးမှာ ဖြစ်တာကြောင့် ဒီလုပ်ငန်းတွေကို လည်ပတ်နေတဲ့ အဓိက တရုတ်သူဌေးတွေကို ပစ်မှတ်ထားမှပဲ ဒီပြဿနာဟာ ဖြေရှင်းနိုင်မယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။

Civil Society Network for Human Trafficking Victims Assistance အဖွဲ့က Jay Kritiya ကတော့ “(သူတို့ကို) ဖမ်းဆီးရမယ်၊ တရားစွဲရမယ်၊ သူတို့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို သိမ်းယူရမယ်။ အဲဒါကမှ တကယ့် နှိမ်နင်းမှုအစစ်ဖြစ်လိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။
                                                                                                                  ***

AFP သတင်းဌာနက ဖော်ပြထားတဲ့ “Why many in raided Myanmar scam hub chose US$1,400 pay over ‘chance to escape’ သတင်းဆောင်းပါးကို ဘာသာပြန်ဖော်ပြထားတာပါ။

0 Shares:
You May Also Like
Read More

ပဲခူးနှင့် တနင်္သာရီတိုင်းမှာ စစ်ကောင်စီစခန်း ၈ ခုကို ပကဖ များပါဝင်သည့် ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းအတွင်း အင်အားရာချီပါသည့် စစ်ကြောင်းများကို စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့

ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းမှာ အကြမ်းဖက်စစ်ကောင်စီစခန်း ၈ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ အင်အား ရာချီရှိတဲ့ အကြမ်းဖက်စစ်ကြောင်းများကို စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ပကဖ အသံက မနေ့က ညပိုင်းမှာ သတင်းဖော်ပြထားပါတယ်။
Read More

လျှပ်စစ်မီး မပေးနိုင်ခြင်းကို အကြောင်းပြကာ ဆိုလာကို အကျိုးစီးပွားအတွက် အသုံးချလာသော စစ်ကောင်စီ

သဘာ၀ပတ်ဝန်းကျင်ကို ညစ်ညမ်းမှုမရှိစေဘဲ၊ မီးခိုးမထွက်တဲ့ စွမ်းအင်လို့ လူသိများတဲ့ နေရောင်ခြည်စွမ်းအင်(ဆိုလာပါဝါ) ကို မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ကတော့ ၎င်းတို့အကျိုးစီးပွားအတွက် စတင်အသုံးချလာပြီဖြစ်ပါတယ်။ 
Read More

တရုတ်အနေနှင့် ဖိအားပေးနိုင်သော်လည်း မြန်မာ့အနာဂတ်ကို ဆုံးဖြတ်နိုင်မည် မဟုတ်၊ နိုင်ငံရေးမဟာမိတ်စည်းလုံးမှုနဲ့ တော်လှန်ရေးစိတ်ဓာတ်ကို အတူတကွ ဆုပ်ကိုင်ထားခြင်းဖြင့် ပြည်ပဝင်ရောက်စွက်ဖက်မှုကို ခံနိုင်ရည်ရှိမှာဖြစ်တယ်

တရုတ်ရဲ့ သိသာထင်ရှားလွန်းတဲ့ ဖိအားတွေကြောင့် လားရှိုးမြို့ကနေပြီး MNDAA တပ်ဖွဲ့တွေ အဓမ္မဆုတ်ခွာလိုက်ရတာဟာ တော်လှန်ရေးအတွက် ဆုတ်ယုတ်မှုတခုဖြစ်ပြီး စိတ်ပျက်စရာကောင်းတာကတော့ အမှန်ပါပဲ၊ ဒါပေမဲ့ ဒါကို အချိုးအကွေ့တခုအဖြစ် မြင်ဖို့မသင့်ပါဘူး။
Read More

မြန်မာစစ်ကောင်စီအလိုကျ ကပြအသုံးတော်ခံနေသည့် ကုလသမဂ္ဂ

လူသားချင်းစာနာထောက်ထားမှု အကူအညီတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အရာရှိတွေအနေနဲ့ NUG နဲ့ လူသိရှင်ကြား ထိတွေ့ဆက်ဆံမှု မလုပ်ရင် မြန်မာ့အကျပ်အတည်းမှာ ကျူးလွန်သူတွေကို တရားဝင်သွားစေနိုင်တဲ့ အန္တရာယ်ရှိပြီး ဒါဟာမြန်မာပြည်သူတွေအပေါ် နောက်တခါ သစ္စာဖောက်ရာရောက်ပါလိမ့်မယ်။
Read More

စစ်ကောင်စီကို ထောက်ပံ့နေတဲ့ တရုတ်ကုမ္ပဏီ AVIC နဲ့ လက်တွဲဖြုတ်ဖို့ Airbus လေကြောင်းကုမ္ပဏီကြီးကို အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်က အိတ်ဖွင့်ပေးစာပေးပို့

စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေမှာ အထောက်အပံ့ပေးနေတဲ့ တရုတ်ကုမ္ပဏီ AVIC နဲ့ စီးပွားရေး အရလုပ်ကိုင်မှုတွေ လုံး၀ရပ်ဆိုင်းဖို့ ကမ္ဘာ့လေကြောင်း နာမည်ကြီးကုမ္ပဏီဖြစ်တဲ့ Airbus ကို တော်လှန်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်က အိတ်ဖွင့်ပေးစာတစ်ရပ် ပေးပို့လိုက်ပါတယ်။
Read More

စစ်ကောင်စီ၏ အသက်သွေးကြောဖြစ်ပေမယ့် ဘေးကင်းနေဆဲ ကပစ စက်ရုံများ

စစ်ကောင်စီအတွက် လူသတ်လက်နက်တွေ ထုတ်လုပ်နေပေးတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ စက်ရုံ) တွေဟာ မြန်မာနိုင်ငံတွင်း တိုင်းဒေသတွေမှာတည်ရှိနေပြီး အထူးသဖြင့် မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာ ကပစ စက်ရုံများစွာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။