မန္တလေးတိုင်း၊ နွားထိုးကြီးနဲ့ မလှိုင်မြို့နယ်တွေမှာ ထိုးစစ်ဆင် ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို ခုခံရင်း စစ်အုပ်စုဘက်က အရာရှိတွေ အပါအဝင် အယောက် ၄၀ ထက်မနည်း ထိခိုက်သေဆုံးကာ စစ်သုံ့ပန်း ၉ယောက်နဲ့ လက်နက်ခဲယမ်း အများအပြားရရှိတဲ့အထိ ပြန်လည်တိုက်ခိုက်နိုင်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၄-၁၀) က သတင်းထုတ်ပြန်ထားပါတယ်။
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အပါအဝင် နယ်နိမိတ်ချင်းထိစပ်နေတဲ့ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အတွင်းက ကျေးရွာတွေဆီ ဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ရက်ကနေ အောက်တိုဘာလ ၁၂ရက်အတွင်း တော်လှန်ရေးတပ်တွေက ပြန်လည်ထိုးစစ်ဆင်နိုင်ခဲ့တာလို့ သိရပါတယ်။
စက်တင်ဘာလ ၂၅ ရက်၊ နေ့လယ်ပိုင်းမှာ နွားထိုးကြီးမြို့နယ်၊ ရန်ကင်းဘုရားကနေ မြိုင်သာကျေးရွာဘက် ဦးတည်လာတဲ့ အင်အား ၂၀၀ခန့်ပါ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ စတင် စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၄) (၁၀) တပ်ရင်းနဲ့အတူ မြစ်သား (ပကဖ) နဲ့ တခြားမဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲမှာ အကြမ်းဖက်စစ်အုပ်စုဘက်က လက်နက်ကြီးပစ်ကူတွေသုံးရင်း ကျေးရွာထဲအထိ ထိုးစစ်ဆင် ဝင်ရောက်လာခဲ့တာဖြစ်ပြီး တိုက်ပွဲပြီးဆုံးချိန်မှာတော့ အကြမ်းဖက်စစ်တပ် ဗိုလ်ကြီး၁ယောက်အပါအဝင် စစ်ကော်မရှင် တပ်သား ၇ ယောက် သေဆုံးကာ အလောင်း (၁) လောင်းနဲ့ MA-5 သေနတ် (၁)လက်ကို PDF တွေ သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၁ရက်၊ နေ့လယ်ပိုင်းကလည်း နွားထိုးကြီးမြို့နယ်၊ မြိုင်သာရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးထားတဲ့ စစ်အုပ်စုက ဒိုင်းလည်ရွာအနီးကို အင်အား ၂၅၀ကျော်နဲ့ ထွက်လာရာမှာ မြင်းခြံခရိုင် တပ်ရင်း အမှတ်(၄- ၁၀) နဲ့အတူ မြစ်သား (ပကဖ)နဲ့ မြင်းခြံခရိုင် (Drone) တပ်ဖွဲ့တို့ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲဟာ အချိန် (၃)နာရီကျော် ကြာမြင့်ခဲ့ပြီး စစ်ကော်မရှင်တပ်တွေ အထိအခိုက်အများအပြားနဲ့ ဖွဲ့စည်းပုံပျက်ကာ စစ်ဦးလန်သွားခဲ့ပါတယ်။
အဲ့ဒီနောက် တော်လှန်ရေးတပ်တွေက စစ်ဦးလန်သွားတဲ့ အကြမ်းဖက်စစ်ကြောင်းကို ပြန်လည်ထိုးစစ်ဆင်ခဲ့ရာမှာ စစ်အုပ်စုဘက်က ၁၀ယောက်နဲ့အထက် သေဆုံးပြီး ၄ယောက် ထိခိုက်ဒဏ်ရရှိတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင် စစ်ကြောင်းဆီက ငါးကြင်းမြှီး (၁)လက်၊ MA-11 သေနတ် (၃)လက်၊ G-3 သေနတ် (၂)လက်၊ MA-1 သေနတ် (၁)လက်၊ M79 သေနတ် (၁)လက်၊ MA-5သေနတ် (၂)လက်၊ Drone (၂)စီး၊ ကျည်မျိုးစုံ (၃၃၁၂)တောင့်၊ ၄၀မမ (၃)လုံး၊ ၆၀မမ (၇)လုံး၊ RPG (၁)ဖူး၊ drop bomb (၄)ဖာ၊ ပို့ယမ်းတောင့် (၁၁)တောင့်၊ လက်ပစ်ဗုံး(၁၂)လုံး၊ အီနာဂါ (၁)လုံး၊ ကျည်ဘောက်(၂၁)ဘောက်၊ ကတ်သီး (၁၃) ခု ၊ jammer ကား (၁)စီး ၊ ကား (၃)စီး တို့ကိုလည်း တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၉ရက်နေ့ကလည်း မလှိုင်မြို့နယ်၊ နှောကန်ရွာကနေ အိမ်ကြီးတောရွာဘက်ကို ဦးတည်လာတဲ့ အင်အား (၂၀၀)ခန့်ပါ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲငယ်တွေ ဖြစ်ပွားခဲ့သလို ၁၂ရက်နေ့မှာလည်း တော်လှန်ရေးတပ်တွေက ပြန်လည်ထိုးစစ်ဆင်နိုင်ခဲ့ပါတယ်။
အဆိုပါတိုက်ပွဲတွေအတွင်း မလှိုင်မြို့နယ်နဲ့ တောင်သာမြို့နယ်အတွင်းက ကျေးရွာတွေမှာ အမျိုးသမီး အယောက် ၂၀ နဲ့အထက်ကို အလိုမတူဘဲ အဓ္ဓမပြုကျင့် သတ်ဖြတ်ခဲ့ကာ အရပ်သားနေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ “ဗိုလ်မှူး ကျော်မင်း” အပါအဝင် အကြမ်းဖက်စစ်သား အယောက်၂၀နဲ့အထက် သေဆုံးပြီး သုံ့ပန်း ၅ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲကနေ MA -1သေနတ် ၆ လက် ၊ MA-2 သေနတ် ၅လက် ၊ MA-3 သေနတ် ၆ လက် ၊ MA -4 သေနတ် ၁လက် ၊ RPG ၁လက် ၊ ငါးကြင်းမြှီး ၂လက် ၊ ၆၀မမ ပြောင်းတို သေနတ် ၃ လက် ၊ ၆၀မမ ပြောင်းရှည် သေနတ် ၁လက် ၊ ငါးကြင်းမြှီးပြောင်း ၁ခု ၊ ကျည်မျိုးစုံ ၆၀၇၈ တောင့် ၊ ပို့ကျည် ၂၅တောင့် ၊ ၄၀ မမ ၁၅ လုံး ၊ ၆၀မမ ၁၁ လုံး ၊ RPG ၁၂ဖူး ၊ RPG ပို့ယမ်း ၉တောင့် ၊ လျက်ဆားပုလင်း ၁၁လုံး ၊ လက်ပစ်ဗုံး ၄လုံး ၊ M9 သေနတ်၂လုံး Drone ၂စီး ၊ Drone Shooter ၂ခု ၊ ကျောပိုး Jammer ၁ခု ၊ Jammer အကြီး ၁ခု ၊ ကား ၃စီး ၊ Drone ဗုံးသီး ၂ဖာ နဲ့ ကျည်ဘောက်အစုံ ၅၆ဘောက် တို့ကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၁၂ရက်နေ့မှာလည်း မလှိုင်မြို့နယ်၊ အိမ်ကြီးတောရွာဘက်ဆီ စစ်ကြောင်းထိုးလာတဲ့ အင်အား (၂၀၀)ခန့်ပါ အကြမ်းဖက်စစ်ကြောင်းနဲ့ မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်းတို့ တိုက်ပွဲထပ်မံဖြစ်ပွားရာမှာ စစ်ကော်မရှင်တပ်သား အများအပြားသေဆုံးခဲ့တာကြောင့် မလှိုင်မြို့နယ် ၊ နှောကန်ရဲစခန်းကို စစ်ကူခေါ်ခဲ့ရတယ်လို့သိရပါတယ်။


အဲ့ဒီစစ်ကူစစ်ကြောင်းကိုလည်း မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀)တပ်ရင်း တို့နဲ့အတူ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၈)တပ်ရင်း ၊ နွားထိုးကြီး (ပကဖ) ၊ တံတားဦး (ပကဖ)တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သားတွေ အသေအဆုံးများခဲ့ပါသေးတယ်။
စစ်ကူစစ်ကြောင်းထံကလည်း MA – 1 သေနတ် (၄) လက် ၊ MA -2 သေနတ် (၂) လက် ၊ MA -3 သေနတ် (၄) လက် ၊ ၆၀မမ ပြောင်းတို သေနတ် (၁) လက်ကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၂၅ရက်ကနေ အောက်တိုဘာလ ၁၂ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်ကို မြင်းခြံခရိုင်တပ်ရင်းတွေနဲ့ မဟာမိတ်တွေဘက်က အကောင်းဆုံးခုခံရင်း ခံစစ်အနေအထားကနေ ထိုးစစ်ပုံစံအထိ ပြောင်းသွားအောင် အသက်၊ သွေး၊ ချွေးတွေရင်းနှီးကာ စစ်အုပ်စု စစ်ဦးလန်တဲ့အထိ တွန်းလှန်ခဲ့ကြတယ်လို့လည်း မြင်းခြံခရိုင်တပ်ရင်း (၄-၁၀) နွားထိုးကြီး PDF က ထုတ်ပြန်ပါတယ်။
” နွားထိုးကြီးနဲ့ မလှိုင်က ထိစပ်နေတာဟုတ်ပါတယ်။ ၁လ ကျော် ၂လလောက်ကြာတာတောင် လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေပါတယ်။ ဒေသခံတွေလည်း ဘေးလွတ်ရာရှောင်နေရပါတယ်။ မလှိုင်ဘက်ကရော မြင်းခြံဘက်ကရော စစ်ကြောင်းထိုးတာမှာ မလှိုင်ဘက်က ၂ကြောင်းထိုးတာပါ။” လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။
တော်လှန်ရေးကာလဖြစ်တဲ့အတွက် တပ်ရင်းတပ်ဖွဲ့တွေအပေါ် ပြည်သူလူဘက်က နားလည်သဘောပေါက်လိမ့်မယ်လို့ ယုံကြည်ကြောင်းနဲ့ စစ်ကော်မရှင်က လေကြောင်းအလွန်အကျွံသုံံးခဲ့တာကိုလည်း သိရှိခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်ပြီးတော့လည်း တော်လှန်ရေးအရွေ့တစ်ခုကို ဦးတည်တဲ့ စစ်ရေးဖော်ဆောင်မှုတွေရှိလာဦးမယ်လို့လည်း မြင်းခြံခရိုင်တပ်ရင်း (၄-၁၀) က သတင်းထုတ်ပြန်ထားပါတယ်။