တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ စစ်အုပ်စုတပ်စခန်းတွေအတွက် ရိက္ခာပို့ဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ စစ်ကားတွေကို ကြားဖြတ်တိုက်ခိုက်မှုမှာ ကား ၆ စီး မီးလောင်ပျက်စီးပြီး စစ်သား ၂၆ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေလည်း ရရှိခဲ့တယ်လို့ က္လားသစ္ဏတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ထားဝယ်မြို့နယ်အတွင်း ကျောက်မဲတောင်စခန်းနဲ့ မေတ္တာစခန်းတွေဆီ ရိက္ခာနဲ့ တပ်ကူပို့ဆောင်မယ့် အကြမ်းဖက်စစ်ကားတွေနဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ သြဂုတ်လနဲ့ စက်တင်ဘာလတွေထဲ ၅ ကြိမ်ထက်မနည်း ဖြတ်တောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဩဂုတ်လ ၁၈ ရက်နေ့မှာ ထားဝယ်မြို့ကနေ တက်လာတဲ့အင်အား ၁၅၀ ပါ အကြမ်းဖက်စစ်ကြောင်းနဲ့ စစ်ကား ၁၀ စီးကို ထားဝယ်တော်လှန်ရေးပူးပေါင်းတပ်တွေက ထားဝယ်မြို့နယ်၊ သင်္ဃန်းတုံးရွာနဲ့ ဝကုန်းရွာကြားမှာ စတင်ဖြတ်တောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နာရီဝက်ကြာ တိုက်ပွဲအပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄ ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၀ ယောက် ရှိခဲ့သလို MA (1) သေနတ် ၂ လက် ၊ ကျည်ဘောက် ၂ ခုနဲ့ ဆက်စပ်ပစ္စည်းတချို့ကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

ဒါ့အပြင် သြဂုတ်လ ၁၉ ရက်နေ့ မနက်ပိုင်းမှာလည်း အထက်ပါစစ်ကြောင်းကို သင်္ဃန်းတုံးရွာမှာ တော်လှန်ရေးတပ်တွေက ထပ်မံတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၇ယောက်သေဆုံးပြီး စစ်သုံ့ပန်း ၃ယောက် ဖမ်းဆီးနိုင်ခဲ့ကြောင်းနဲ့ ကား ၃ စီး မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ MA (1) သေနတ် (၄) လက်၊ G3 သေနတ် (၁) လက် အပါအဝင် ရိက္ခာတွေ ရယူနိုင်ခဲ့ကြောင်း က္လားသစ္ဏတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် စစ်ကားများ

ဒါ့အပြင် အဲ့ဒီတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်ကျဆုံးပြီး ထိခိုက်ဒဏ်ရာ စိုးရိမ်ရသူ ၁ယောက်လည်း ရှိခဲ့ပါတယ်။

အလားတူပဲ သြဂုတ်လ ၂၁ ရက်နေ့မှာလည်း အထက်ပါရွာက စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တတိယအကြိမ်မြောက် သွားရောက်တိုက်ခိုက်ရာမှာ အချိန် ၁၂ နာရီကြာ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်အုပ်စု ၂၀ ထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ အများအပြားနဲ့ ကား ၁ စီးကို တော်လှန်ရေးတပ်တွေ ထပ်မံမီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။

ဒီတိုက်ပွဲမှာလည်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက် ထပ်မံကျဆုံးခဲ့ပြီး ၃ ယောက် ထိခိုက်ခဲ့သလို MA (1) ၂ လက် ၊ ကျည်ဘောက် ၁၂ ခု၊ အီနာဂါ ၅ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်အုပ်စုက အဲ့ဒီနေ့ညပိုင်းမှာပဲ ထားဝယ်မြို့ကနေ နောက်ထပ် စစ်ကား ၁ စီးနဲ့ စစ်သားအင်အား ၈၀ ကို ထပ်မံပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် စက်တင်ဘာလ ၄ ရက်နေ့နဲ့ ၇ ရက်နေ့တွေမှာလည်း အထက်ပါစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ဝကုန်းရွာဘုရားတောင်အနီးအပါအဝင် ၂၃-၂၄ မိုင်တွေမှာ ထိတွေ့တိုက်ပွဲတွေ ဆက်ရှိခဲ့ပြီး စစ်အုပ်စုဘက်က ၆ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ခဲ့ပါတယ်။

ဒီထိတွေ့မှုတွေမှာလည်း ကားကြီး ၂ စီးနဲ့ ကားငယ် ၁ စီးကို ထပ်မံဖျက်ဆီးနိုင်ခဲ့ပေမယ့် ဒေါန တပ်ခွဲ ၇ က တပ်ဖွဲ့ဝင် ၁ ယောက်နဲ့ KNLA တပ်ရင်း ၁၂ က တပ်ဖွဲ့ဝင် ၂ ယောက် ကျဆုံးခဲ့ရပါတယ်။

တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် စစ်ကားများ

“ဒီထိတွေ့မှုတွေထဲ ကားကြီး ၅ စီးနဲ့ ကားငယ် ၁ စီးကို ကျနော်တို့ဖျက်ဆီးနိုင်ခဲ့တယ်။ နောက်ဆုံး သူတို့မှာ ကား ၅ စီးပဲ ကျန်တော့တယ်။ အဲ့တာ မေတ္တာမြို့နယ်ခွဲထဲက ကျောက်မဲတောင်စခန်းကို ဆက်တက်သွားတယ်။ အခုဆို ထိုင်းနဲ့မြန်မာနယ်စပ်က သူတို့စခန်းတွေ ပြန်ရဖို့မလွယ်တော့ မေတ္တာနဲ့ ကျောက်မဲတောင်စခန်း ၂ ခုကို သူတို့က အင်အားဖြည့်တာပေါ့။ ထားဝယ်ကလာရင် ပကာရီရဲစခန်းကိုရောက်မယ်။ အဲ့ကနေ ပခက်၊ ရမ္မဇူ၊ သရက်ငုတ်၊ လိပ်ကြယ်ပြောင်၊ သင်္ကန်းတုံးနဲ့ ဝကုန်း အဲ့ကနေမှ ကျောက်မဲတောင်ကိုရောက်တာပါ” လို့ က္လားသစ္ဏတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကို KNLA တပ်မဟာ (၄) တပ်ရင်း (၁၂)၊ နဲ့ တပ်ရင်း(၁၂) တပ်ခွဲ (၅)၊ က္လားသစ္ဏတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်း၊ Fight For Freedom (FFD) တပ်ဖွဲ့၊ ဒေါနစစ်ကြောင်း တပ်ခွဲ (၇)၊ ထားဝယ်အရှေ့ တော ပြည်သူ့ကာကွယ်ရေးအင်အားစု (DEFPDF)၊ သံမဏိပျောက်ကြား (နဘယံ) တပ်ဖွဲ့၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)၊ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်း (T5)၊ အရှေ့ပိုင်းကာကွယ် ရေးတပ်ဖွဲ့ (CDF)၊ ဗထူးတပ်မတော်(BHA) ၊ Aဒင်မှူးနဲ့ ဒေါင်းညီနောင်စစ်ကြောင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ် ရပ်ကျေး ပကဖရဲ့အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တိုက်နယ် (၃) ရပ်ကွက်၊ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဥ် (၅) သင်တန်းဆင်းပွဲကို မနေ့က စက်တင်ဘာ ၂၈ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မတ္တရာ ပကဖက အသိပေးထုတ်ပြန်ပါတယ်။
Read More

ပျူစောထီးအခြေစိုက် ကင်းမွန်တောရွာကို လေးဘက်လေးလံမှ အဝေးပစ်လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ ပျူစောထီးအခြေစိုက်ရွာကို အဝေးပစ်လက်နက်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်မှုတွေရှိကြောင်း Monywa Inventor တိုက်ခိုက်ရေးခေါင်းဆောင် ကိုမိုးသောက်က မောင်းကို ပြောပါတယ်။
Read More

ငလျင်ဘေးသင့်ဒေသများအတွင်း ထိုးစစ်ရပ်နားထားမှုကို တစ်ပတ် သက်တမ်းတိုးမည်ဟု NUGဆို

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ငလျင်ဘေးသင့်ဒေသတွေမှာ ထိုးစစ်ဆင်မှု​အားလုံးကို ရက်သတ္တပတ် နှစ်ပတ်ကြာ ရပ်ဆိုင်းခဲ့ပြီး နောက်ထပ်တစ်ပတ် ထပ်မံသက်တမ်းတိုးမယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က စစ်ကိုင်းငလျင်ကြီး(Major Earthquake)တုန့်ပြန်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

ရေဖြူမြို့နယ်၊ ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က ၆ ဦးထက်မနည်း သေဆုံးပြီး ၁၃ ဦးထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအုပ်စု၊ ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၆ ယောက်ထက်မနည်း သေဆုံးပြီး ၁၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေါနတပ်ရင်းလက်အောက်ရှိ Laungline Peninsula Force (LPF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

TNLA ရဲ့ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး အပတ်စဥ် (၂) သင်တန်းဆင်းပွဲနဲ့ အပတ်စဥ် (၃) သင်တန်းဖွင့်ပွဲ

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်နယ်မြေ တစ်နေရာမှာ TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက ဦးစီးဖွင့်လှစ်တဲ့ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး အပတ်စဥ် (၂) သင်တန်းဆင်းပွဲနဲ့ အပတ်စဥ် (၃)သင်တန်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ့အားဖြင့် သွားနေသည့် တော်လှန်ရေးမှာ စဥ်းစားမှုတိုင်းက ပြည်သူ့ဆန္ဒကို အခြေပြုဖို့ လိုအပ်ဟု NUG ဝန်ကြီးချုပ် ပြော

ပြည်သူ့အားနဲ့ သွားနေတဲ့ တော်လှန်ရေးမှာ ပြည်သူ့ဆန္ဒကို အခြေပြုတဲ့ စဥ်းစားမှုမျိုးတွေသာ ဖြစ်ဖို့လိုအပ်တယ်လို့ ဧပြီလ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၁၁ /၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ကြောင်း NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။