၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ စစ်အသွင်အပြောင်းဆုံး လူ့အဖွဲ့အစည်းတွေထဲကတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီလို အသွင်ပြောင်းလဲလာမှုဟာ တော်လှန်ရေးကို ဦးဆောင်နေကြတဲ့ မြန်မာလူငယ်တွေရဲ့ ဘဝနဲ့ အနာဂတ်အပေါ် အထူးဆိုးရွားစွာ သက်ရောက်စေပါတယ်။ လက်ရှိအချိန်ဟာ လူငယ်တွေကို မြန်မာ့နိုင်ငံရေး အနာဂတ်ရဲ့ ဗဟိုချက်မှာ ထားရှိရတော့မယ့်အချိန် ဖြစ်ပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေကို အကြမ်းဖက်ဖြိုခွင်းမှုနဲ့ တုံ့ပြန်ခဲ့တာကြောင့် (အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တရားဝင် ပတ်သက်ဆက်နွယ်မှုရှိရှိ၊ မရှိရှိ၊ လူငယ်တွေအများစုနဲ့ ဖွဲ့စည်းထားတဲ့) ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၃၀၀ ကျော် နိုင်ငံအနှံ့ ပေါ်ပေါက်လာခဲ့တယ်။ တချိန်တည်းမှာပဲ စစ်တပ်ကလည်း အသက် ၃၅ နှစ်အောက် အမျိုးသားတွေနဲ့ အသက် ၂၇ နှစ်အောက် အမျိုးသမီးတွေကို ပစ်မှတ်ထားပြီး အတင်းအဓမ္မ စစ်မှုထမ်းကောက်ယူခြင်းတွေကို အရှိန်မြှင့် လုပ်ဆောင်ခြင်းအားဖြင့် စစ်အသွင်ပြောင်းမှုကို ပိုမိုဆိုးရွားသွားစေခဲ့ပါတယ်။ ဒီလိုမျိုး ကသောင်းကနင်းဖြစ်ရင်း လေးနှစ်ကျော်ကြာသည့်တိုင် စစ်တပ်ရဲ့ အာဏာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြဆဲဖြစ်ပါတယ်။ သိသာကျယ်ပြန့်လှတဲ့ နယ်မြေအများစုဟာ PDFတွေနဲ့ ကာလရှည်ကြာ ရပ်တည်ခဲ့ကြတဲ့ လူမျိုးစု တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်မှုအောက် ရောက်နေပါပြီ။ ငြိမ်းချမ်းရေးကတော့ အလှမ်းဝေးတဲ့ အိပ်မက်တစ်ခု ဖြစ်နေဆဲပါ။
ဒါပေမယ့်လည်း စစ်ကောင်စီရော၊ အာဆီယံနဲ့ ကုလသမဂ္ဂတို့လို နိုင်ငံတကာဇာတ်ဆောင်တွေကရော သေသေချာချာ သိနားလည်ထားတဲ့ အခြေခံကျတဲ့အမှန်တရားတစ်ခု ရှိပါတယ်၊ မြန်မာ့အကျပ်အတည်းကို စစ်ရေးနည်းနဲ့ ဖြေရှင်းလို့မရဘူးဆိုတာပါပဲ။ နိုင်ငံရေးအဖြေတစ်ခုရှိမှသာ ရှေ့ဆက်နိုင်မှာဖြစ်ပါတယ်။ ဒီမှာ အရေးကြီးတဲ့ မေးခွန်းက အဲဒီဖြေရှင်းနည်းကို အကောင်အထည်ဖော်နိုင်ပါ့မလား ဆိုတာမဟုတ်ဘဲ ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုတာပါပဲ။
စစ်ကောင်စီကတော့ ၂၀၂၅ နှစ်ကုန်မဟုတ်ရင် ၂၀၂၆ နှစ်စမှာ ရွေးကောက်ပွဲတွေလုပ်မယ်၊ ဒါမှ ပုံမှန်အခြေအနေကို ပြန်သွားနိုင်မယ်ဆိုပြီး အစီအစဉ်တွေ ချလာပြန်ပါတယ်။ ဒါပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) တို့လို အဓိကကျတဲ့ ပါတီတွေ ပါဝင်နိုင်မယ့် ယုံကြည်ရလောက်တဲ့ အာမခံချက်မျိုးမရှိဘဲနဲ့တော့ အဲဒီရွေးကောက်ပွဲတွေက အချည်းအနှီးဖြစ်နေဦးမှာပါ။ နောက်ပြီး သူတို့ဝင်ပြိုင်တယ်ဆိုရင်တောင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမငြိမ်မသက်မှုတွေက အဓိပ္ပာယ်ပြည့်ဝတဲ့ ပြိုင်ပွဲဟုတ်ရဲ့လားဆိုတဲ့အပေါ် အတော်လေးကို သံသယဖြစ်စေမှာပါ။ အင်အားကြီးတဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ အာရက္ခတပ်တော် (AA) ဆိုရင် အာရကန်ပြည်က နယ်မြေအများအပြားကို သိသိသာသာ ထိန်းချုပ်ထားတာကြောင့် ရွေးကောက်ပွဲလုပ်ဖို့ အရမ်းခက်ခဲသလို တည်တည်ငြိမ်ငြိမ်လည်း မဖြစ်နိုင်ပါဘူး။
ပိုပြီး အခြေခံကျကျဆိုရရင် ရွေးကောက်ပွဲတစ်ခုတည်းနဲ့တော့ နိုင်ငံရေးအရ အဖြေရနိုင်မှာ မဟုတ်ပါဘူး။ မကြာခဏဆိုသလို ဘေးဖယ်ချန်လှပ်ခြင်း ခံထားရတဲ့ မြန်မာလူငယ်တွေဆိုတဲ့ မဲဆန္ဒရှင်ပြည်သူတွေကို အသိအမှတ်ပြုပြီး ထိတွေ့ဆက်ဆံခြင်းအားဖြင့် စစ်မှန်တဲ့ တိုးတက်မှုကို စတင်ရမှာဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို မျှော်မှန်းပြီး အနစ်နာခံ ပေးဆပ်ခဲ့ကြတဲ့ အဲဒီလူငယ်တွေရဲ့ အသံတွေကို လျစ်လျူရှုထားတာက မတရားတဲ့အပြင် ကိုယ့်ကိုကိုယ်ပြန်ဆွဲချတဲ့လုပ်ရပ်ပဲ ဖြစ်ပါလိမ့်မယ်။
မြန်မာ့သမိုင်းက အဖိုးတန်သင်ခန်းစာတွေ ပေးပါတယ်။ အောင်ဆန်းလို လူငယ်ခေါင်းဆောင်တွေက လွတ်လပ်ရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့ပြီး သူ့ရဲ့စဉ်းစားချက်က နိုင်ငံတစ်ခုမွေးဖွားဖို့ ပုံဖော်ခဲ့တယ်။ ယနေ့ခေတ် လူငယ်တွေဟာ တဖန်ရှေ့ထွက်လာကြပြန်တယ်၊ သူတို့ဟာ တော်လှန်ရေးမှာ ပါဝင်ရုံအတွက်သာမက တရားမျှတမှုအတွက် ကတိကဝတ်၊ အားလုံးပိုမိုပါဝင်နိုင်တဲ့ မြန်မာပြည်ဖြစ်လာဖို့ ယုံကြည်ချက်နဲ့ လက်နက်ကိုင်ခဲ့ကြတာဖြစ်ပါတယ်။
ဒါက မြန်မာပြည်အတွက် တမူထူးခြားတဲ့အရာတော့ မဟုတ်ပါဘူး။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း လူငယ်ခေါင်းဆောင်တဲ့ ဆန္ဒထုတ်ဖော်မှုတွေက ဝန်ကြီးချုပ် ရှိတ်ဟာဆီနာရဲ့ ၁၆ နှစ်ကြာ အုပ်ချုပ်မှုကို ၂၀၂၄ မှာ အဆုံးသတ်စေခဲ့တဲ့အထိ အဆုံးအဖြတ်ပေးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ နောက်တက်လာတဲ့ ကြားဖြတ်အစိုးရကလည်း သူတို့ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုမှာ လူငယ်တွေရဲ့ အသံတွေ ပါဝင်လာအောင် တက်တက်ကြွကြွလုပ်ဆောင်ခဲ့ရပါတယ်။ အလားတူ ၂၀၂၄ ခုနှစ်က ကင်ညာမှာဖြစ်ပွားခဲ့တဲ့ #RejectFinanceBill Movement လို့ လူသိများတဲ့ Gen Z ဆန္ဒပြပွဲတွေက လူနေမှုစရိတ်နဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တို့လို အဓိကကျတဲ့ ကိစ္စရပ်တွေအတွက် အစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေကို သိသိသာသာ လွှမ်းမိုးခဲ့ပြီး သူတို့ရဲ့ အငြင်းပွားဖွယ် ဘဏ္ဍာရေးဥပဒေကြမ်းကို ရုပ်သိမ်းသွားစေခဲ့ပါတယ်။ မြန်မာပြည်ရဲ့ လမ်းကြောင်းကတော့ မတူပါဘူး၊ ပြီးတော့ စိန်ခေါ်မှုတွေက ပိုရှုပ်ထွေးပေမယ့် တခြားဆီက သင်ခန်းစာတွေက သေချာပေါက် မှတ်သားစရာတွေ ဖြစ်ကြပါတယ်။
၂၀၂၅ ခုနှစ်မှာ ဒီမျိုးဆက်ကို ပိုပြီးထူးခြားစေမှာက တော်လှန်ရေးထက် ကျော်လွန်တဲ့ ရှေ့မျှော်တဲ့ ရည်မှန်းချက်တစ်ရပ် ရှိနေမှုပါပဲ။ မြန်မာပြည်ရဲ့ လူငယ်အများစုဟာ ဖက်ဒရယ် ဒီမိုကရေစီ အနာဂတ်အတွက်၊ ဗဟိုအစိုးရနဲ့ စုံလင်ကွဲပြားတဲ့လူမျိုးစု ဒေသတွေအကြား အာဏာခွဲဝေပေးတဲ့ စနစ်တစ်ခုအတွက် တွန်းတိုက် လုပ်ကိုင်နေကြပါတယ်။ ဒါဟာ အမြစ်တွယ်နေတဲ့ ဗဟိုချုပ်ကိုင်မှုကြီးတဲ့ အုပ်ချုပ်မှုကို လုံးဝလွင့်ပယ် အသွင်ကူးပြောင်းသွားစေမှာပါ။ ဒီအချိန်မှာ တချို့ သက်ကြီး နိုင်ငံရေးခေါင်းဆောင်တွေက တခါတလေ သဘောတူသလိုလို လေသံပစ်နေပေမယ့် အများစုက ဖက်ဒရယ်စနစ်နဲ့ အဆက်ပြတ်နေဆဲဖြစ်သလို တချို့ကလည်း လက်ရှိအနေအထားမှာ သမိုင်းကြောင်းအရ အကျိုးအမြတ်ရနေကြတာပါ။
မြန်မာလူငယ်တွေဟာ နှစ်လရှည်ကြာ နှုတ်ဆိတ်နေကြတဲ့ အကြောင်းအရာတွေကို ပြောဆိုဖွင့်လှစ်ခဲ့ကြတယ်။ အခုဆို ရိုဟင်ဂျာတွေအပေါ် အတိတ်က မတရားကျူးလွန်ခဲ့မှုတွေကို အများက အသိအမှတ်ပြု၊ တောင်းပန်ခဲ့ကြတယ်။ ဒါဟာ အရင်အစိုးရတွေတုန်းကတော့ ရှောင်ရှားစရာ၊ လောင်မြိုက်စရာ ပြဿနာတစ်ရပ် ဖြစ်နေခဲ့တာပါ။ နောက်ပြီး လူငယ်တွေဟာ LGBTQ+ အခွင့်အရေးတွေအတွက် အရယူလုပ်ဆောင်နိုင်ခဲ့သလို အမျိုးသမီးတွေဦးဆောင်တဲ့ PDF တွေကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပြီး စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုက အာဏာရှင်စနစ်ကို ဖြုတ်ချဖို့သာမက ပိုမိုလွတ်လပ်ပြီး သာတူညီမျှတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့အတွက် ဆန့်ကျင်မှုအဖြစ် ရှုမြင်လာကြပါတယ်။ လူ့အဖွဲ့အစည်းကို အပြောင်းအလဲ ဆောင်ကြဉ်းလာတဲ့ ဥာဏ်ရည်တု နည်းပညာသစ်တွေနဲ့အတူ ခေတ်နောက်မကျတဲ့ ဒီမျိုးဆက်ဟာ မြန်မာနိုင်ငံကို ရေရှည်တည်တံ့တဲ့ အနာဂတ်ဆီ ဦးဆောင်ဖို့ အကောင်းဆုံးနေရာမှာ ရှိနေပါတယ်။
တဆက်တည်းမှာပဲ လူငယ်တွေဟာ ခက်ခဲတဲ့ စကားဝိုင်းတွေကို ဦးဆောင်ကြတယ်။ အခုလို အရေးကြီးတဲ့ အခိုက်အတန့်မှာ မြန်မာ့နိုင်ငံရေးကို အခက်တွေ့စေတဲ့ အမျိုးသားညီညွတ်ရေးကလည်း တိုင်းပြည်ရဲ့ နိုင်ငံရေးအောင်မြင်မှုအတွက် အရေးကြီးပါတယ်။ လူငယ်တွေအတွက် ညီညွတ်ရေးဟာ နိုင်ငံရေးမျှသာမဟုတ်ဘဲ နက်ရှိုင်းတဲ့ စိတ်ခံစားမှုနဲ့ ဆက်နွယ်ပတ်သက်မှုတွေပဲ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ နက်ရှိုင်းတဲ့ အမာရွတ်တွေကို ကုစားဖို့ရာ (အချင်းချင်းကြား) နားထောင်ကြဖို့၊ တာဝန်ခံမှုရှိဖို့၊ ပြန်လည်သင့်မြတ်ကြဖို့နဲ့ လက်တွေ့ကျတဲ့ ယုံကြည်မှုတည်ဆောက်ဖို့ လိုအပ်ပါတယ်။ လူငယ်တွေအနေနဲ့ ဒီလိုအပ်ချက်တွေကို အလေးအနက် နားလည်ကြပြီး လက်တွေ့မှာလည်း တက်တက်ကြွကြွ အကောင်အထည်ဖော်နေကြပါတယ်။ လူငယ်တွေဦးဆောင်တဲ့ PDF တွေဟာ စစ်တပ်ကို ထိုးစစ်ဆင်ရာမှာ လူမျိုးစု တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါတယ်။ လူကြီးတွေအနေနဲ့ (အတိတ်က) မဖြေရှင်းနိုင်ခဲ့ကြတဲ့ စိတ်ဒဏ်ရာတွေကို တသသ ဖြစ်နေတုန်းမှာ လူငယ်တွေက အပြန်အလှန် အသိအမှတ်ပြုမှုနဲ့ ခွင့်လွှတ်မှုတွေ ပေးကြဖို့ တောင်းဆိုမှုတွေကို ဦးဆောင်နေကြပြီဖြစ်ပါတယ်။
လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ၊ ပြည်ပရောက် နိုင်ငံရေးခေါင်းဆောင်တွေ ဒါမှမဟုတ် နိုင်ငံတကာ ဖျန်ဖြေသူတွေအနေနဲ့ ဘယ်သူပဲဖြစ်ဖြစ် သက်ဆိုင်သူအားလုံးက လူငယ်တွေကို တက်တက်ကြွကြွ ထိတွေ့ဆက်ဆံပြီး နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ သူတို့အသံတွေပါအောင် လုပ်ဆောင်ဖို့ လိုနေပြီဖြစ်ပါတယ်။ ဒါက လူငယ်တွေဦးဆောင်တဲ့ နိုင်ငံရေးပါတီအစုအဖွဲ့တွေ ထူထောင်ဖို့ ပြောတာမဟုတ်ပါဘူး။ အဲဒါထက် နိုင်ငံရေးအရ ဆုံးဖြတ်မှုအဆင့်ဆင့်မှာ သူတို့ရဲ့ အမြင်တွေ၊ တန်ဖိုးတွေနဲ့ ဘဝအတွေ့အကြုံတွေကို ပေါင်းစည်းဖို့ကို ဆိုလိုတာပါ။ သူတို့ရဲ့ အနာဂတ်ကို သူတို့တွေမပါဘဲ မဆုံးဖြတ်သင့်ပါဘူး။
***
[East Asia Forum မှာ ဖော်ပြထားတဲ့ “No youth, no future for Myanmar” ဆောင်းပါးကို ဘာသာပြန်ဖော်ပြခြင်း ဖြစ်ပါတယ်။]
ဆောင်းပါးရှင် အောင်ထွန်းဟာ ISEAS – Yusof Ishak Institute ၊ မြန်မာ့အရေး လေ့လာမှုများ အစီအစဉ်ရဲ့ ဧည့်လုပ်ဖော်ကိုင်ဖက်ဟောင်း တစ်ဦးဖြစ်ပြီး ဖွံ့ဖြိုးရေးလုပ်ဆောင်သူတစ်ဦးဖြစ်သလို မြန်မာ့အရေးသုတေသီအဖြစ် ဆယ်စုနှစ်များစွာအကြာ လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။