မြန်မာပြည်ရဲ့ လူ့အခွင့်အရေးပြဿနာတွေကို နိုင်ငံရေးအသွင်ပြောင်းတာတွေအပေါ် ကန့်ကွက်တယ်လို့ တရုတ်အရာရှိတစ်ယောက်က အင်္ဂါနေ့မှာ ပြောဆိုကြောင်း တရုတ်အစိုးရပိုင် Xinhua သတင်းက ဖော်ပြပါတယ်။

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ် Sun Lei က မြန်မာ့အရေး အထွေထွေညီလာခံရဲ့ အလွတ်သဘော အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

“လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို နိုင်ငံရေးအသွင်ပြောင်းတာ၊ အသုံးချတာတွေကို ကျနော်တို့အနေနဲ့ ဆန့်ကျင်ပါတယ်၊ ဒီလိုကိစ္စရပ်တွေအပေါ် လူထုဖိအားပေးတဲ့ အလေ့အထကို ကန့်ကွက်တယ်” လို့ သူက ဆိုတာပါ။

ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်ဟာ မြန်မာပြည်ကို သူ့ရဲ့ အမျိုးသားရေးအခြေအနေနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်းကို လျှောက်လှမ်းနိုင်အောင်၊ ပြည်တွင်းနိုင်ငံရေး လုပ်ငန်းစဉ်တွေကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်နေချိန်မှာ မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်မှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ နိုင်ငံတော်တည်ငြိမ်ရေးတို့ကို ကာကွယ်စောင့်ရှောက်နိုင်အောင် ပံ့ပိုးသွားမယ်လို့ သူက ပြောဆိုခဲ့ကြောင်း သတင်းမှာဖော်ပြပါတယ်။

မြန်မာပြည်ဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုအပြီးမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးရာ အဘက်ဘက်က ကျဆင်းလာနေပြီး ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကလည်း ကြီးထွားလာတာဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ဖိနှိပ်အုပ်ချုပ်မှုကို ကျင့်သုံးခဲ့တဲ့ စစ်အုပ်စုဟာ အာဏာသိမ်းမှုအပြီးမှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် Sun Lei

သူတို့ရဲ့ အကျိုးစီးပွားကို ရှေ့ရှုပြီး အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံရေး၊ စစ်ရေးအရ အားပေးထောက်ခံမှုပြုနေတဲ့ တရုတ်ဟာလည်း အချုပ်အခြာတည်မြဲရေးနဲ့ ဝင်ရောက်မစွက်ဖက်ရေးမူကို အတွင်တွင် ပြောဆိုနေသည့်တိုင် သူ့ရဲ့ပြောဆိုမှုတွေကို ကိုယ်တိုင်ချိုးဖောက်ပြီး တော်လှန်ရေးအင်အားစုတွေကို ဖိအားပေးကာ မြန်မာပြည်ရဲ့ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်လျက်ရှိနေတာပါ။

တဆက်တည်းမှာပဲ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က မြန်မာ့အကျပ်အတည်းဖြေရှင်းရေးမှာ အဓိကထားဆောင်ရွက်နေမှုကို တရုတ်အနေနဲ့ ထောက်ခံကြောင်း၊ မြန်မာ (စစ်ကောင်စီ) ရဲ့ လမ်းပြမြေပုံကလည်း အပြန်အလှန်အားဖြည့်ပြီး ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်ကြောင်း Sun က ပြောပါသေးတယ်။

ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း အခြေအနေပိုတင်းမာလာအောင် ဒါမှမဟုတ် ပိုရှုပ်ထွေး‌အောင် လုပ်မယ့်အစား မတူညီမှုတွေကို ပေါင်းကူးပေးပြီး ပြဿနာဖြေရှင်းဖို့ အာရုံစိုက်သင့်ကြောင်း သူက ဆိုထားပါသေးတယ်။

တော်လှန်ရေးတပ်တွေကို ဖိအားပေးပြီး စစ်ကောင်စီနဲ့ အပစ်ရပ်စေတဲ့ တရုတ်ဟာ “မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ပြန်လည်သင့်မြတ်ရေး ရရှိအောင် ကူညီပေးရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက် ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်တယ်” လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး မြန်မာ (စစ်ကောင်စီ) နဲ့ ဘင်္ဂလားဒေ့ရှ်အကြား ဆွေးနွေးပွဲတွေကတဆင့် ဖြေရှင်းဆောင်ရွက်နိုင်အောင် သံတမန်ရေးအရ ကြားဝင် စေ့စပ်မှုတွေ လုပ်ဆောင်ခဲ့ကြောင်းလည်း သူက ပြောခဲ့ပါတယ်။

 

မူရင်းသတင်း – China opposes politicization of Myanmar human rights issues: envoy

0 Shares:
You May Also Like
Read More

အစ္စရေးနှင့် အီရန် တိုက်ပွဲဖြစ်ပွားမှု ၅ ရက်မြောက်မှာ အပစ်ရပ်ဖို့ အီရန် တောင်းဆို၊ အစ္စရေး၏ ပစ်ခတ်မှုကြောင့် အီရန်ရှိ အကြီးဆုံး ယူရေနီယံသန့်စင်ရေးစက်ရုံ ထိခိုက်ပျက်စီး

အစ္စရေးနိုင်ငံနဲ့ အီရန်နိုင်ငံတို့ကြား နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ၅ ရက်မြောက်မှာတော့ အီရန်နိုင်ငံက အပစ်ရပ်ဖို့ တောင်းဆိုခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
Read More

မြန်မာ့ငလျင်ဘေးအတွက် Quad အဖွဲ့ဝင် ၄ နိုင်ငံ ပူးပေါင်းကူညီမည် 

ဆိုးရွားပြင်းထန်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့  ငလျင်ဘေးအတွက် Quad အဖွဲ့ ဝင် ၄ နိုင်ငံက ကူညီမှုတွေပြုလုပ်ပေးသွားမယ်လို့ ဒီနေ့ ဧပြီလ ၄ ရက်နေ့မှာ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
Read More

နယ်စပ်တိုက်ပွဲများကြောင့် ပြည်သူထိခိုက်နစ်နာမှုမျိုး မရှိစေအောင် အထူးသတိထားရန် ထိုင်းနှင့် စစ်ကော်မရှင် သဘောတူ

ထိုင်း-မြန်မာနယ်စပ်အနီး တိုက်ပွဲတွေကြောင့် ပြည်သူတွေ ထိခိုက်နစ်နာတာမျိုး မဖြစ်အောင် အထူးသတိထား ဆောင်ရွက်ဖို့ အကြမ်းဖက်စစ်ကော်မမရှင်နဲ့ သဘောတူညီမှုရခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တချို့နဲ့ ထိုင်းနိုင်ငံခြား‌ရေးဝန်ကြီး Mr.Sihasak Phuangketkeow တို့ မနေ့က ဒီဇင်ဘာ ၇ ရက် နေပြည်တော်မှာ တွေ့ဆုံချိန် အခုလို သဘောတူညီမှုရခဲ့တယ်လို့ ဆိုပါတယ်။
Read More

ရခိုင်မှာ စာနာမှုစင်္ကြံတည်ဆောက်ရန် ဆွေးနွေးမှုများတွင် ကုလမပါဝင်သေးဘူးဟု ဆို

ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတည်ဆောက်ဖို့ ဆွေးနွေးမှုတွေအတွင်း ကုလသမဂ္ဂအနေနဲ့ ပါဝင်ခြင်း မရှိခဲ့သေးကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး (UNRC) Gwyn Lewis က ဇွန်လ ၄ ရက် ဒါကာမှာ ပြုလုပ်တဲ့ စကားဝိုင်းတစ်ခုမှာ ပြောပါတယ်။ 
Read More

တောင်ကိုးရီးယားရဲ့ လူဦးရေ ဆက်တိုက်ကျဆင်းနေသည့် ဒေသတွင် မြန်မာဒုက္ခသည်များအား နေထိုင်ခွင့်ပြုဖို့ အာဏာပိုင်များ ဆွေးနွေး

လူဦးရေ ဆက်တိုက်ကျဆင်းနေတဲ့ တောင်ကိုးရီးယားနိုင်ငံ၊ Gyeongsang ခရိုင်က Yeongyang ဒေသမှာ မြန်မာဒုက္ခသည် ၄၀ ခန့်ကို နေထိုင်ခွင့်ပြုဖို့ ဆွေးနွေးနေကြောင်း တာဝန်ရှိသူတွေက မတ်လ ၁၂ ရက်မှာ ပြောပါတယ်။
Read More

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ မတရား ကွပ်မျက်ခံရမှုအပေါ် အောက်မေ့သတိရကြောင်း ဗြိတိသျှသံရုံး ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က မတရားသဖြင့် ဖမ်းဆီးကွပ်မျက်ခဲ့တဲ့ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့အတွက် သတိရအောက်မေ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။