မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အင်အားအလွန်အကျွံသုံးပြီး စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်အုပ်စုတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၂ရက်ကြာ ခုခံတိုက်ခိုက်ရာ စစ်အုပ်စု အယောက် ၂၀ ကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသူ အများအပြားနဲ့ ပြန်လည်ဆုတ်ခွာသွားကြောင်း ရေစကြိုတပ်ပေါင်းစု ပြန်ကြားရေးက မောင်းကိုပြောပါတယ်။

ဧပြီလ ၂၀ရက်နေ့ မနက်လင်းပိုင်းကစပြီး ရေစကြိုမြို့နယ်၊ ကြူကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေဟာ ဗလဘရွာဘက်ကို ဆက်လက်ထွက်ခွာဖို့ကြိုးစားချိန်မှာရေစကြိုတပ်ပေါင်းစုတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားပြီး ကြူကျေးရွာကို ပြန်လည်ဆုတ်ခွာရသွားတယ်လို့ သိရပါတယ်။ 

အဆိုပါ စစ်အုပ်စုထဲမှာ ပခုက္ကူမြို့နယ်နဲ့ ရေစကြိုမြို့နယ်တွေပါ တပ်တွေပါဝင်ခဲ့ပြီး အင်အား၂၅၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာလို့လည်း သိရပါတယ်။

အဲ့ဒီနောက် ဧပြီလ ၂၁ရက်နေ့မှာလည်း စစ်အုပ်စုတွေက အင်အားအလုံးအရင်းနဲ့ ဗလဘကျေးရွာဆီ ထပ်မံစစ်ကြောင်းထိုး ဝင်ရောက်ခဲ့တဲ့အတွက် တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ ၂နာရီကြာထိတွေ့မှုဖြစ်ပြီး ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစု ပြန်ကြားရေးက ပြောပါတယ်။

“စစ်ကြောင်းက အင်အား ၂၅၀ ကျော်တယ်။ ၂နာရီလောက်တိုက်ပွဲဖြစ်ပြီးတော့ ဝေဟင်ကရော လက်နက်ကြီးတွေနဲ့ပါ သုံးလာလို့ ကျနော်တို့ပြန်ဆုတ်ပေးခဲ့ရပါတယ်။ ၂၂ရက်နေ့မှာတော့ ဒီကောင်တွေ ပြန်ဆုတ်သွားပါတယ်။” လို့ ရေစကြိုတပ်ပေါင်းစုပြန်ကြားရေးက မောင်းကိုပြောပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က အယောက် ၂၀ ကျော်သေဆုံးကာ ၃၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးတဲ့အလောင်းတွေကို သုံးဘီးဆိုင်ကယ်တွေနဲ့ ပခုက္ကူမြို့နယ်ဘက်ဆီ ပြန်လည်တင်ဆောင်သွားကြောင်း သိရပါတယ်။

တိုက်ပွဲအတွင်း ရေစ​ကြိုတပ်ပေါင်းစု တပ်ဖွဲ့ဝင် ၁ယောက်လည်း ကျဆုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရသူ ၃ယောက်ရှိခဲ့တယ်လို့ ရေစကြိုတပ်​ပေါင်းစု ပြန်ကြားရေးက ပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းကို ရေစကြိုတပ်ပေါင်းစုရဲ့ပခုက္ကူခရိုင် တပ်ရင်း(၂၊၃၊၁၀) တွေနဲ့အတူ ရေစကြိုမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပ.လ.ဖ)၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း ၁ (ပ.က.ဖ)၊ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ ကမ္မတပ်ပေါင်းစုနယ်စည်းမခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အမေ့လက်ရုံးပျောက်ကျားတပ်၊ ဒေါင်းညီနောင် နဲ့ Wolf Brothers Burma Revolution Ranger တို့ ပါဝင်ခုခံခဲ့ကြတာ ဖြစ်ပါတယ်။

အထိနာခဲ့တဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့သလို ဗလဘရွာကိုလည်း ၂ရက်ဆက် မီးရှို့ဖျက်ဆီးကာ ဧပြီလ ၂၂ရက်နေ့မှာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ဧပြီလ ၂၁ ရက်နေ့၊ နေ့လယ်ပိုင်းနဲ့ညနေပိုင်းတွေမှာ ဇီးပင်ကုန်းရွာနဲ့ အလယ်သောင်ရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့သလို ဧပြီလ ၂၃ ရက်နေ့ ညပိုင်းမှာလည်း ဇီးပင်ကုန်းရွာအရှေ့ဘက်နဲ့ ဆင်မရဲရွာတောင်ဘက်တွေဆီ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆင်မရဲကျေးရွာနေ အသက် ၆၈နှစ်အရွယ် အမျိုးသမီးကြီး ၁ယောက် ဦး‌ခေါင်းထိမှန်သေဆုံးခဲ့တယ်လို့ Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းကြောင့် ရေစကြိုမြို့နယ်အတွင်းက ကြူ၊ ဆင်ကြို့၊ ရွာသစ်၊ ညောင်ပင်၊ ကျော်ထင်ကုန်း၊ မထီး၊ အင်းမ၊ ငါးမြာလေး၊ လေးရာပြည့်၊ ဆင်မရဲ၊  ငါးဖယ်၊ ဟင်္သာ၊ အလယ်သောင်၊ အလယ်ကျောနဲ့ ဇီးပင်ကုန်းရွာတွေက အရပ်သား ၆ထောင်နီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့လည်း သိရပါတယ်။

ရေစကြိုတပ်ပေါင်းစု တပ်ဖွဲ့ဝင်များ အကြမ်းဖက်စစ်ကြောင်းကို ခုခံနေစဥ် (ဓာတ်ပုံ ရေစကြိုတပ်ပေါင်းစု)

0 Shares:
You May Also Like
Read More

စစ်ကိုင်းမှာ စစ်ကောင်စီ ရဲတပ်ကြပ်ကြီးကို PDF က နေအိမ်ထဲ ဝင်ရောက်ဖမ်းဆီး၊ ခဲယမ်းတွေပါ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကြီး ၁ ယောက်ကို နေအိမ်အထိ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ရတနာပုံတပ်ဦးက ဒီဇင်ဘာ ၉ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေး ၂ နှစ်ပြည့်ချိန် စစ်ကော်မရှင်နှင့် စစ်ရေးရပ်စဲမှုဟာ ဧကန် ငြိမ်းချမ်းရေး မဟုတ်သေးကြောင်း MNDAA စစ်ဦးစီးမှူးချုပ် ပြောကြား

အကြမ်းဖက် အာဏာသိမ်းစစ်တပ်ကို များစွာအထိနာစေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ ၂နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်အထူးဒေသ ၁ မှာ စစ်ကော်မရှင်နဲ့ သဘောတူညီထားတဲ့ စစ်ရေးရပ်စဲမှုဟာ နောက်ဆုံးဧကန် ငြိမ်းချမ်းရေး မဟုတ်သေးဘူးဆိုတာ အားလုံးသိထားရမယ်လို့ MNDAA စစ်ဦးစီးမှူးချုပ်က ပြောကြားခဲ့ကြောင်း MNDAA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးတွင် စစ်ကော်မရှင်တပ်နှင့် နီးစပ်သူကို WY စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လမ်းပိုင်းတစ်နေရာမှာ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ယောက်ကို မူးယစ်ဆေးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဘုရားသုံးဆူရှိ သတ္တုမိုင်းတွင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ မက္ကသာရွာအနီးမှာရှိတဲ့ သတ္တုမိုင်းတွင်းတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

စလင်းမှာ မုဒိန်းကျင့်၊ လူသတ်ပြီး ကိုယ်အင်္ဂါတွေ ဖြ​တ်​တောက်ခဲ့သူကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖမ်းဆီးအရေးယူထား

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အမျိုးသမီးတစ်ယောက်ကို မုဒိန်းကျင့်သတ်ဖြတ်ပြီး ကိုယ်အင်္ဂါအစိတ်ပိုင်းတွေဖြတ်တောက်ခဲ့သူကို ဖမ်းဆီးအရေးယူထားကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုနှင့် စဉ့်ကူးကို ဆက်သွယ်ထားသည့် ရတနာသိင်္ခ ဧရာဝတီမြစ်ကူးတံတား ဖောက်ခွဲခံရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူး ရတနာသိင်္ခတံတား မိုင်းခွဲခံရမှုကြောင့် ကျိုးကျပျက်စီးသွားကြောင်း ဒေသခံတွေထံက သိရပါတယ်။