တိုက်ပွဲတွေနဲ့ နီးကပ်လာနေတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူစီမံကိန်းကနေ အာဏာသိမ်း စစ်ကောင်စီဟာ နှစ်စဉ် အကျိုးအမြတ်များစွာ ရရှိနေဆဲ ဖြစ်တယ်လို့ ရခိုင် ရေနံစောင့်ကြည့်ရေးအဖွဲ့ (Arakan Oil Watch) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
စစ်ကောင်စီဟာ ရွှေသဘာ၀ဓာတ်ငွေ့ရောင်းချခြင်းနဲ့ တရုတ်နိုင်ငံထံ ရေနံပိုက်လိုင်းကတဆင့် ရေနံစိမ်းဖြတ်သန်းတင်ပို့ခတွေကို ရရှိနေတယ်လို့ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကို စောင့်ကြည့်လေ့လာနေတဲ့ Arakan Oil Watch အဖွဲ့ရဲ့ “တောက်လောင်နေသည့် ကျောက်ဖြူ၏ ပဋိပက္ခများ အစီရင်ခံစာ” မှာ ဆိုပါတယ်။
စစ်ကောင်စီဟာ ရွှေသဘာဝဓာတ်ငွေ့ရောင်းရခြင်းကနေ နှစ်စဉ်ခန့်မှန်းခြေ ဒေါ်လာ ၅၅၀ မီလီယံနဲ့ ကျောက်ဖြူမှ တရုတ်သို့ ရေနံပိုက်လိုင်းကတဆင့် ရေနံစိမ်းဖြတ်သန်းတင်ပို့ခအဖြစ် နှစ်စဉ်ဒေါ်လာ ၂၅ မီလီယံခန့် ရရှိနေကြောင်း ဆိုထားပါတယ်။
နှစ်စဉ် အမေရိကန်ဒေါ်လာ ၅၇၅ သန်းကျော်ရှိတဲ့ နိုင်ငံခြားငွေအရင်းအမြစ်တွေကို ရရှိနေတာကြောင့် စစ်ကောင်စီကို အထောက်အပံ့ဖြစ်စေပြီးသက်ဆိုးရှည်စေခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံကို ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းရှိ ပင်လယ်ရေနက်ဆိပ်ကမ်းက ရေနံပို့ဆောင်မှုတွေနဲ့ ပိုက်လိုင်းတွေကနေ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချမှုတွေဟာ နှစ်စဉ်တန်ဖိုးအားဖြင့် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၇ ဘီလီယံ အထိ ရှိခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှုတွေ ရှိနေပေမယ့် ကျောက်ဖြူမြို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းတွေဟာ ယခင်အတိုင်း တရုတ်နိုင်ငံကို တင်ပို့လျက်ရှိနေပါတယ်။
စီမံကိန်းအတွင်းက ပြည်တွင်းပြည်ပ ဝန်ထမ်းတွေဟာ ရဟတ်ယာဉ်၊ သင်္ဘောတွေနဲ့ ကျောက်ဖြူကနေ ပင်လယ်ပြင်ထဲ သွားရောက်လုပ်ကိုင်မှုတွေရှိနေပြီး တရုတ်ရေနံတင်သင်္ဘောတွေဟာ မဒေးကျွန်းကို တစ်လ အနည်းဆုံး ၂ ကြိမ် ၃ ကြိမ်အထိ လာရောက် သယ်ဆောင်မှုတွေရှိနေတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
စစ်ကောင်စီအနေနဲ့ အဆိုပါ စီမံကိန်းတွေကို ထိန်းချုပ်နိုင်ခြင်းမရှိရင် လက်ရှိဝင်ငွေစီးကြောင်း ပြတ်တောက်သွားသလို ဖြစ်နိုင်ကြောင်း အစီရင်ခံစာက ဆိုပါတယ်။
တဆက်တည်းမှာပဲ တောင်ကိုးရီးယားနဲ့ အိန္ဒိယကုမ္ပဏီတွေ ပါဝင်ပတ်သက်နေတဲ့ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း အပါအဝင် ကျောက်ဖြူမြို့နယ်ရှိ အခြားစီမံကိန်းတွေကို စစ်ကောင်စီအနေနဲ့ လက်လွှတ်ဆုံးရှုံးရနိုင်တယ်လို့ ဆိုထားပါတယ်။