ကချင်လွတ်လပ်ရေးတပ် KIA နဲ့ တအာင်းတပ်ဖြစ်တဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ TNLA တို့အကြား မြေပြင်မှာ  သဘောထားကွဲလွဲပွတ်တိုက်မှုတွေကို နှစ်ဖက်ထိပ်သီးခေါင်းဆောင်တွေအနေနဲ့  အခက်အခဲမရှိ ဖြေရှင်း ပြေလည်နိုင်မယ်လို့ ယုံကြည်ကြောင်း အမျိုးသားညီညွတ်အစိုးရ (NUG) က မတ်လ ၁၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၏ သဘောထားထုတ်ပြန်ချက်နှင့် မေတ္တာရပ်ခံပန်ကြားချက် ဟု ဆိုကာ လတ်တလော KIA နဲ့ TNLA တို့ရဲ့ မြေပြင်မှာ ထိတွေ့ပွတ်တိုက်မှု အခြေအနေနဲ့ ပတ်သတ်ပြီး NUG  က ထုတ်ပြန်လိုက်တာပါ။

လတ်တလော ပေါ်ပေါက်နေတဲ့ အောက်ခြေပွတ်တိုက်မှုတွေဟာ  လူမျိုးရေးအမုန်းတရားဆီ ကျယ်ပြန့်မသွားစေဖို့ နှစ်ဖက်အဖွဲ့ အစည်းခေါင်းဆောင်တွေအနေနဲ့ ထိန်းကျောင်းဆောင်ရွက်သွားမယ်ဆိုတာ ယုံကြည်ကြောင်း NUG က ဆိုပါတယ်။  

၁၉၇၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့တို့ဟာ ညီညွတ်ရေးမဟာမိတ်စာချုပ်ကို ချုပ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ကချင်အမျိုးသားများ နဲ့ ပလောင်အမျိုးသားတွေဟာ  နယ်မြေချင်းကပ်လျက် အေးအတူပူအမျှ အတူတကွ နေထိုင်လုပ်ကိုင် စားသောက်လာခဲ့ကြသလို နိုင်ငံရေးခံယူချက်ချင်း တူညီကြတာ ဖြစ်ပါတယ်။

ညီညွတ်ရေးမဟာစာချုပ်အတွင်း “အဖွဲ့အစည်းနှစ်ဖွဲ့ကြား ဖြစ်ပေါ်လာတတ်သည့် မည်သည့် ပဋိပက္ခမျိုးကိုမဆို မိတ်ဖက်ပဋိပက္ခ ဖြေရှင်းနည်းဖြင့်သာ ဖြေရှင်းသွားမည်” ဆိုတဲ့ အချက်ပါဝင်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ချင်းညီနောင်အဖွဲ့တို့ ပူးတွဲထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာလည်း  “တော်လှန်ရေးအင်အားစုများ အချင်းအချင်းကြား ဖြစ်ပွားသော မည်သည့်အငြင်းပွားမှုကိုမဆို မိတ်ဖက်ပဋိပက္ခများအဖြစ် မှတ်ယူ၍ ငြိမ်းချမ်းသောနည်းလမ်းများဖြင့်သာ ဖြေရှင်း ဆောင်ရွက်သွားကြမည်” လို့ ပါရှိတာကြောင့် လက်ရှိအခြေအနေကိုလည်း မိတ်ဖက်ပဋိပက္ခတွေအဖြစ် ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ NUG က တိုက်တွန်းပါတယ်။

လက်ရှိမှာ TNLA နဲ့ KIA တို့ရဲ့  မြေပြင်အငြင်းပွါးမှုတွေအပေါ် ဒေသခံပြည်သူတွေသာမက နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ ပြည်သူလူထုတစ်ရပ်လုံးကပါ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်လျက်ရှိနေပါတယ်။ 

ပြည်သူတွေရဲ့ စိုးရိမ်သောကတွေ လျော့ကျစေရေး အတွက် နှစ်ဖက်အဖွဲ့အစည်း ခေါင်းဆောင်တွေက မိတ်ဖက်ပဋိပက္ခတွေအဖြစ်သာ လက်ခံပြီး  နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းမယ်ဆိုတဲ့  သတင်းစကားအတွက်လည်း အထူးကြိုဆိုတယ်လို့ ဆိုပါတယ်။ 

လက်ရှိ တော်လှန်ရေးဟာ စစ်အာဏာရှင်သာ ဘုံရန်သူဖြစ်ပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးကို ဘုံရည်မှန်းချက်အဖြစ် တော်လှန်ရေးအင်အားစုတွေအကြား လက်ခံတည်ဆောက်သွားဖို့ အရေးကြီးဆုံး ဖြစ်ပါတယ်။

လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေရဲ့ ကြိုးပမ်းမှုကြောင့် စစ်ကောင်စီကင်းစင်နယ်မြေတွေ ရှိနေပြီဖြစ်ပြီး တနိုင်ငံလုံးလွတ်မြောက်ဖို့ လက်တစ်ကမ်းသာ လိုတော့တယ်လို့ NUG က ဆိုပါတယ်။ 

ဒါ့ကြောင့်  ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပန်းတိုင်ကို အရောက်ချီတက်နိုင်ဖို့ နိုင်ငံရေးကိစ္စတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်ကြဖို့၊ NUG အနေနဲ့လည်း လိုအပ်သလို ကူညီဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့အတွင်းကို ကချင်တပ်မတော် KIA က ရာနဲ့ချီတဲ့ စစ်သားတွေ ဝင်ရောက်လာမှုကနေမြေပြင်မှာ တပ်ဖွဲ့ဝင်အချင်းချင်း ပွတ်တိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။

KIA နဲ့ TNLA ဟာ နယ်မြေကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး  ကွတ်ခိုင်အပြင် နမ္မတူ၊ နမ့်ခမ်း၊ မန်တုံမြို့တွေမှာလည်း အကြာခဏ ထိတွေ့ပွတ်တိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ နှစ်ဖက်ခေါင်းဆောင်တွေကတော့ အခြေအနေတွေကို အကောင်းဆုံးထိန်းသိမ်းသွားမှာဖြစ်ပြီး နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသွားဖို့ ရှိတယ်လို့ အသီးသီးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စဉ့်ကူးမြို့အနီး ရစ်ချ်တာစကေး ၄.၁ အဆင့် အင်အားရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်

မန္တလေးတိုင်းစဉ့်ကူးမြို့အနီးမှာ ရစ်ချ်တာစကေး ၄.၁ အဆင့် အင်အားရှိ ငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကန်ပိုက်တီးမြို့အနီးက အမှတ် ၁၀၀၃ BGF နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကုန်းကို KIA က တိုက်ခိုက်သိမ်းပိုက်၊ ပန်ဝါမြို့သိမ်းတိုက်ပွဲကနေ လက်နက်ကြီးငယ် ၅၀၀ ကျော်နဲ့ ခဲယမ်းများစွာ ရရှိ

ကချင်ပြည်နယ်၊ ကန်ပိုက်တီးမြို့အနီးက အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

PDF စခန်းကို လမ်းပြဒလန် လုပ်ခဲ့သူ ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာ၊ ရွှေကြီးမြင့်ရပ်ကွက်မှာနေထိုင်တဲ့ စစ်ကောင်စီရဲ့ လမ်းပြ သတင်းပေးဖြစ်သူ စန်းဌေးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) က သတင်းထုတ်ပြန်ပါတယ်။
Read More

မင်္ဂလာဒုံ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ လေတပ်ဝန်းထဲကို မစ်ဇိုင်းဒုံး ၃ လုံး ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ လေတပ်ဝန်းထဲကို မစ်ဇိုင်းဒုံးတွေ ပစ်ခတ်တိုက်ခိုက်တာဟာ ပြည်ပထွက်ခွာမယ့် လူငယ်တွေကို နည်းမျိုးစုံနဲ့ ငွေညှစ်မှု ပိတ်ပင်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီကို တုံ့ပြန်တာဖြစ်တယ်လို့ Shawdow SAF အဖွဲ့က ပြောပါတယ်။
Read More

မိုးဗြဲမြို့မှာ ၄ ရက်ဆက် တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီတပ်က လေကြောင်းပါ အသုံးပြုတိုက်ခိုက်နေ

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ဇန်နဝါရီ ၁၉ ရက်ကစလို့ ဒီနေ့အထိ ၄ ရက်ဆက် တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ်-၂ က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်း ပကဖ စစ်ဆင်ရေးဆိုင်ရာ အစည်းအဝေး ပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ စစ်ဆင်ရေးဆိုင်ရာ အစည်းအဝေးကို ပြီးခဲ့တဲ့ ဩဂုတ်လ (၂၆) ရက်က လွတ်မြောက်ဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။