KIA နဲ့ တော်လှန်ရေးအင်အားစုတွေဟာ  တော်လှန်ရေးအတွက် ပထဝီအနေအထားအရ အရေးပါတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို သိမ်းတိုက်ပွဲ ဆင်နွှဲလာတာ ၂ လကျော်ကြာမြင့်လာပြီ ဖြစ်ပါတယ်။

၂၀၂၄ ဒီဇင်ဘာလက စတင်လာတဲ့ တိုက်ပွဲတွေဟာ လက်ရှိအချိန်အထိ နေ့စဉ် တိုက်ပွဲပြင်းထန်နေပြီး ယခင်မြေပြင်မှာ ထိတွေ့တိုက်ပွဲတွေကနေ စစ်ကောင်စီဟာ တဖြည်းဖြည်းချင်း လေကြောင်းကနေ အားပြုတိုက်ခိုက်နေရတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ ဗန်းမော်မှာရှိတဲ့ စကခ ၂၁ တပ်စခန်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။

လက်ရှိ KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဗန်းမော်မြို့က ဗန်းမော်အမြောက်တပ် ၇၀၀၆ တပ်စခန်းကို ဇန်နဝါရီလ ၂၅ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့သလို ဇန်နဝါရီလ ၂၆ ရက်မှာတော့ လေတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 

စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း ၃၆၆ ကို ဖေဖော်ဝါရီလ ၂ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး၊ ၃ ရက်နေ့မှာတော့ ကန်တော်စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို သိမ်းပိုက်ထားနိုင်တယ်လို့ KIA ရဲ့ သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

KIA ပူးပေါင်းအဖွဲ့တွေအနေနဲ့ ဗန်းမော်မြို့အနီးက မံစီမြို့ကိုတော့ ၂၀၂၄ ဒီဇင်ဘာလ ၄ ရက်ကနေ ၂၀၂၅ ဇန်နဝါရီလ ၈ ရက်အထိ တစ်လတာ ထိုးစစ်ဆင်ခဲ့ပြီး ကျန်ရှိနေတဲ့ မံစီအခြေစိုက် စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ခမရ ၃၁၉၊ ၆၀၁၊ ၃၅၂(အမြောက်တပ်ရင်း)တို့ကိုလည်း အပြီးသတ် သိမ်းပိုက်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးအင်အားစုတွေ စတင်ဆင်နွှဲခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး ဒီနေ့ ဖေ‌ဖော်ဝါရီလ ၂၀ ရက်အထိ တိုက်ပွဲကာလ ၂လကျော်ရှိပြီဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေဟာ ဗန်းမော်မြို့တွင်း အခြေစိုက်ထားတဲ့  စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းတွေကို သိမ်းပိုက်ရရှိထားပါတယ်။ 

ဗန်းမော်မြို့မှာ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)အပြင် ခြေလျင်တပ်ရင်းတွေဖြစ်တဲ့ ခလရ (၂၃၆)၊ ခလရ (၄၇)၊ အမြောက်တပ်တွေဖြစ်တဲ့ အမတ(၃၃၆)၊ (၃၀၄)၊ အမှတ် ၇၀၀၆ သံချပ်ကာတပ်၊ အမှတ် ၅၀၁၄ တင့်ကားတပ်နဲ့ လက်ရုံးတပ်ရင်း ၅ ရင်းခန့်အခြေစိုက်ထားတာဖြစ်ပါတယ်။

နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ တော်လှန်ရေးတပ်ဖွဲ့တွေက ဗန်းမော်အကျဉ်းထောင်ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလို့ ရှေ့တန်းစစ်ရေး သတင်းအရင်းအမြစ်တွေက ပြောကြားထားပေမယ့် KIA ဘက်ကတော့ အတည်ပြုထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

ဒါ့အပြင် ဖေဖော်ဝါရီလ ၂၀ ရက် ဒီနေ့ နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ KIA ပူးပေါင်းတော်လှန်ရေးတပ်တွေက  စစ်တပ်ရဲ့ ခလရ (၂၃၆ )ကို အလုံးစုံ သိမ်းပိုက်ရရှိထားတယ်လို့ လည်း သတင်းတွေထွက်နေပါတယ်။

KIA ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှု ပြင်းထန်နေတာကြောင့် တံတားဦး၊ မြစ်ကြီးနားလေတပ်စခန်းတွေက ဂျက်ဖိုက်တာလေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကလည်း နေ့စဉ်မြင့်တက်လျက်ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

၂ လတာ ဗန်းမော်က စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲတွေအတွင်း  လက်နက်ခဲယမ်းတွေရရှိထားသလို စစ်ကောင်စီရဲ့ ထိပ်ပိုင်းအရာရှိတွေ အပါအဝင် စစ်သုံ့ပန်း ၄၀ ထက်မနည်း ဖမ်းဆီးရရှိထားကြောင်း သိရပါတယ်။

စစ်ကောင်စီထံက မြို့တွေသိမ်းပိုက်ထားတဲ့ မြောက်ပိုင်းညီနောင် မဟာမိတ်တပ်ဖွဲ့တွေကတော့ လတ်တလောမှာ တရုတ်ရဲ့ ဖိအားကြောင့် စစ်ကောင်စီနဲ့ တရုတ်နိုင်ငံမှာ ဆွေးနွေးမှုအချိုရှိခဲ့ပေမယ့် KIA ကတော့ လတ်တလောအထိ စစ်ကောင်စီနဲ့ ဆွေးနွေးညှိုနှိုင်းမှုပြုလုပ်ဖို့ အလားအလာမရှိနိုင်ဘူးလို့ စစ်ရေးလေ့လာ သုံးသပ်သူတွေက ဆိုပါတယ်။

KIA ဟာ ကချင်ပြည်နယ်က မြို့တွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကနေ မြို့ပေါင်း ၁၃ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ နယ်မြေထိန်းချုပ်မှုအောက်မှာ ၁၄၄ မြို့နယ်ရှိနေပြီး အဲ့ဒီထဲက  ၉၅ မြို့ ကို အပြီးသတ်သိမ်းပိုက်ထားကာ ၇၉ မြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

အဖိုးတန် ဂီတတွေ ချန်ရစ်ကာ နိုင်မြန်မာ နှုတ်ဆက်ခဲ့ပြီ

'ကမ္ဘာမကြေဘူး' သီချင်း ဖန်တီးရေးသားသူ တေးရေးနိုင်မြန်မာရဲ့ စျာပနကို ဒီနေ့ ဖေဖော်ဝါရီ ၉ရက်၊ ရေဝေးသုသာန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

အလုပ်သမားအခွင့်အရေးလှုပ်ရှားသူ STUM အဖွဲ့ဝင် ၁၁ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား

မြန်မာနိုင်ငံက အလုပ်သမားတွေ အခွင့်အရေးအပြည့်အဝရရှိရေး ဆောင်ရွက်နေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) အဖွဲ့ရဲ့ ခေါင်းဆောင် ဒေါ်မျိုးမျိုးအေး အပါအဝင် အဖွဲ့ဝင် ၁၁ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီးနောက် အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကိုပါ ဖမ်းဆီးထားတယ်လို့ STUM ရဲ့ လူမှုကွန်ရက်ကနေ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်မှာ ထိခိုက်ဒဏ်ရာရလျှင် ရဲဘော်အချင်းချင်း အရေးပေါ်ပြုစု ကုသပေးနိုင်ရန် လက်တွေ့ သင်ကြား ပို့ချ

ပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်ရှိ ရှေ့တန်းစစ်မြေပြင်ရောက် တောကျီးကန်း (၇) ကောင်တပ်ရင်းက ရဲဘော်တွေ စစ်မြေပြင်မှာ ထိခိုက်ဒဏ်ရာရရှိရင် ရဲဘော်အချင်းချင်း အရေးပေါ်ပြုစု ကုသပေးနိုင်အောင် လက်တွေ့ သင်ကြားပို့ချခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ယင်းမာပင်ခရိုင် ပကဖ ရဲဘော်တွေရဲ့ သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ကုသိုလ်ယူနေတဲ့ ပုံရိပ်များ (ဓာတ်ပုံသတင်း)

အောက်တိုဘာ ၁၇ ရက် မနေ့က ကျရောက်တဲ့ သီတင်းကျွတ်လပြည့် ဗုဒ္ဓအခါသမယနေ့မှာ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေရဲ့ ဆီမီးပူဇော်ကုသိုလ်ယူနေတဲ့ ပုံရိပ်တွေကို ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ဘုတလင်မှာ မဝင်းမော်ဦး ကျဆုံးခြင်း (၃၆) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဓာတ်ပုံပြပွဲနဲ့ ဆွေးနွေးပွဲပြုလုပ် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ( တကသများ-ရန်ကုန် ) နဲ့ ကျောင်းသားလက်ရုံးတပ်တော်က မဝင်းမော်ဦး ကျဆုံးခြင်း (၃၆) နှစ်ပြည့်အဖြစ် ၈ လေးလုံး အရေးတော်ပုံ အထိမ်းအမှတ်သမိုင်းကြောင်း ဓာတ်ပုံပြပွဲနဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။