စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ပြည်သူ့စစ် ကျေးရွာတချို့မှာ အခြေခံစားနပ်ရိက္ခာပြတ်လပ်မှုနဲ့အတူ ဆာလောင်မှုကို တောင့်မခံနိုင်တဲ့ အရပ်သားတွေဟာ တော်လှန်ရေးတပ်တွေရှိရာ နယ်မြေတွေဆီ အားကိုးတကြီးနဲ့ ထွက်ပြေးတိမ်းရှောင်လာနေကြပါတယ်။
ဒါဟာ စစ်ကောင်စီက သူတို့ကိုထောက်ခံနေတဲ့ ပြည်သူ့စစ်ရွာတွေကိုတောင် လိုအပ်တဲ့ အခြေခံ စားနပ်ရိက္ခာတွေ ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ခြင်းမရှိတာကို ဖော်ပြနေတာပါ။
တော်လှန်ရေးတပ်တွေကလည်း အခုလိုမျိုးထွက်ပြေးခိုလှုံလာသူတွေကို ကိုယ်တိုင်ကိုယ်ကျ ရန်သူ့နယ်မြေတွေထဲအထိ သွားရောက်ခေါ်ဆောင်ပေးရင်း လိုအပ်တဲ့ စားသောက်နေထိုင်ရေး စီစဥ်ပေးမှု၊ ဆေးဝါးပြုစုစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးကြပါတယ်။
ဆွေမျိုးသားချင်း၊ သားနဲ့မအေ၊ အစ်ကိုနဲ့အစ်မ၊ ညီအစ်ကိုချင်း လက်ဆွဲပြီး ထွက်ပြေးလာသူတွေဟာ မွေးဖွားကြီးပြင်းရာ ဇာတိချက်မြှုပ်ရွာတွေကနေ စွန့်ခွါထွက်ပြေးလာကြရတဲ့အခါမှာ ကိုယ့်အသိုက်အမြုံဆီ ဘယ်အချိန်ပြန်ပြီး နေထိုင်ရမယ်ဆိုတာ မတွေးထားနိုင်ကြသေးပါဘူး။
အထက်အညာဒေသမှာ တစ်နှစ်ထက်တစ်နှစ် ထိုးစစ်အရှိန်မြှင့်လာနိုင်တဲ့ တော်လှန်ရေးအင်အားစုတွေကြောင့် ပြည်သူ့စစ်တွေရဲ့နယ်မြေတွေ တစထက်တစ ကျဥ်းမြောင်းလာပြီး အပြင်လောကနဲ့ အဆက်အသွယ်ပြတ်တောက်တာမျိုးတွေတောင် ရှိလာတယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေ အားကောင်းရာနယ်မြေတွေမှာ ပျူစောထီးရွာကို ပို့ဆောင်မယ့်ယာဥ်တန်းတွေ မကြာခဏ ဖြတ်တောက်တိုက်ခိုက်ခံရတာမျိုး ရှိတတ်သလို ကျေးရွာပတ်ပတ်လည်ကို ပိတ်ဆို့ဝန်းရံထားတာကြောင့် စစ်အုပ်စုအတွက် ရိက္ခာစီးဆင်းမှု မရှိသလောက်ဖြစ်သွားပြီး အရေးပေါ် လေကြောင်းကိုပဲ အဓိကအားပြုရတော့တယ်လို့ သိရပါတယ်။
ဒီလိုမျိုး လေကြောင်းကနေ ရဟတ်ယာဥ်နဲ့ ရိက္ခာပို့ဆောင်ရာမှာတောင် တစ်ခါတစ်ခါ နေရာမှားချမိလို့ တော်လှန်ရေးတပ်တွေက ရိက္ခာထုပ်တွေ ရရှိတာမျိုး ရှိတတ်ပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက သရက်ကန်၊ ဝက်ပုတ်၊ သရက်ကွ၊ ကန်နီ စတဲ့ ပျုစောထီး အခြေစိုက် ရွာတွေဟာလည်း အငတ်ဘေးပြဿနာကြုံခဲ့ကြတဲ့အတွက် အဲ့ဒီက ရွာသားတွေဟာ ဒေသတွင်းတော်လှန်ရေးတပ်တွေဆီ ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။
အထူးသဖြင့် ပြည်သူ့စစ်ခေါ် ပျူစောထီးရွာတွေမှာ ဒေသတွင်း စစ်ရေးအခြေအနေတွေကြောင့် ထမင်းချက်ဖို့ ဆန်ကိုတောင် အလွယ်တကူမရရှိနိုင်တော့ဘဲ ဆီ၊ ဆား၊ ငပိနဲ့ ဆေးဝါးတွေလည်း ပြတ်တောက်ကုန်တယ်လို့ သိရပါတယ်။
သန်သန်မာမာနဲ့ ထွက်ပြေးတိမ်းရှောင်နိုင်တဲ့အခြေအနေရှိသူတွေကတော့ စစ်ရေးမတင်းမာခင်ကတည်းက ကျေးရွာကို စွန့်ခွာပြီး စစ်မက်ငြိမ်းအေးရာအရပ်တွေဆီ ထွက်ပြေးသွားကြပေမယ့် သက်ကြီးရွယ်အိုတွေနဲ့ ထွက်ခွာလို့ အဆင်မပြေသူတွေကတော့ လက်နက်ကိုင်ပျူစောထီးတွေနဲ့ပဲကျန်ရစ်ခဲ့ကြရပါတယ်။
ကျေးရွာတာဝန်ရှိ ပြည်သူ့စစ်ခေါင်းဆောင် ဆိုသူတွေကလည်း အရပ်သားတွေကို ဖိနှိပ်တာမျိုးတွေရှိတတ်ပြီး အဆိုးဆုံးအဖြစ် မြိုင်မြို့နယ်၊ ကန်နီရွာ ပျူခေါင်းဆောင် ကျော်ဆန်းဝင်းဟာ ဒေသခံတွေကိုကျေးရွာအတွင်းမှာ ငွေကြေးအစားထိုး ငွေစက္ကူမိတ္တူကို သုံးစွဲခိုင်းခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ ဆွေမျိုးသားချင်းတွေဆီကနေ ဝင်တဲ့ ငွေကြေးတွေကို Wave ၊ Kpay စတဲ့ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုတွေကနေ လက်ခံရယူပြီးကျေးရွာအတွင်းမှာတော့ သူ့နာမည်ပါ တံဆပ်တုံးထုထားတဲ့ ငွေစက္ကူမိတ္တူကို သုံးစွဲစရာ ငွေကြေး ပိုက်ဆံအဖြစ် အသုံးပြုခိုင်းတာလို့ ဆိုပါတယ်။
မြိုင်ဒေသ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်ကတော့ ပျူစောထီးတွေဟာ အရပ်သားတွေနဲ့ လက်အောက်ငယ်သားတွေကို စားနပ်ရိက္ခာ အခက်အခဲဖြစ်အောင် ကန့်သတ်လုပ်ဆောင်တတ်ကြပြီး ခေါင်းဆောင်ပိုင်းတွေကတော့ အခြေခံစားသောက်ကုန်တွေ မပြတ်လပ်စေရဘူးလို့ ဆိုပါတယ်။
“ကျနော်တို့ ပျူရွာတစ်ခုကို သိမ်းတုန်းကဆို သူတို့ကသာ လိုင်းပေါ်ငတ်ပြတ်နေပြီဆိုပြီး တင်ထားတာ၊ ဆန်တွေ၊ ဆီတွေအပြည့်ပါပဲ။ သေချာတာက အရပ်သားတွေနဲ့ လက်အောက်ငယ်သားတွေကိုပဲမျှဝေမပေးတာဖြစ်လိမ့်မယ်” လို့ မောင်းကိုပြောပါတယ်။
လက်ရှိမှာ မြိုင်မြို့နယ်အတွင်း ပျူတွေဝက်ပုတ်နဲ့ သရက်ကွရွာတွေကို တော်လှန်ရေးတပ်တွေကအပြီးသတ်သိမ်းပိုက်ထားနိုင်တာဖြစ်ပါတယ်။
“ပျူစောထီးရွာတွေကို မတိုက်ခင် အရပ်သားတွေ၊ လက်နက်ကိုင်တွေ အလင်းဝင်လာဖို့ တိုက်တွန်းတယ်။ အရပ်သားတွေလည်း အုပ်စုလိုက်ရှောင်လာကြပါတယ်။ ကျနော်တို့တွေလည်း ရသလောက်ကယ်ထုတ်ထားနိုင်တယ်ဆိုပေမယ့် မထွက်ပြေးနိုင်တဲ့ အရပ်သားတွေ အခုထိရှိနေဆဲပါ။” လို့ မြိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာလည်း အငတ်ဘေးကြုံနေကြတဲ့ တည်သီးတောပျူစောထီးရွာက ရွာခံ ၇ယောက်ဟာ ဆာလောင်မှုဒဏ်ကို ရက် ၂၀ ကျော်ကြာ တောင့်ခံပြီးတဲ့နောက် ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ ခိုလှုံလာတယ်လို့ သိရပါတယ်။
ထမင်းအစား ရေလုံပြုတ်ပဲကိုသာ စားခဲ့ကြရပြီး မျှော်လင့်စရာမရှိတော့တဲ့နောက် ဆွေမျိုးသားချင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို ချိတ်ဆက်ခိုင်းပြီး ထွက်ပြေးလာခဲ့တာလို့လည်း သွားရောက်ခေါ်ဆောင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်၁ယောက်က ပြောပါတယ်။
“အခုလာတဲ့သူတွေထဲ မျက်စိမမြင်တဲ့ အမေကြီး၊ အဘကြီးတွေရောပါတယ်။ အသက် ၈၀ ကျော်၊ ၉၀ ကျော်အထိပါတယ်။ သူတို့ထွက်လာတော့ လက်နက်ကိုင်တွေကလည်း ဘာမှမပြောဘူးတဲ့။ ဟိုမှာ ဆန်တောင်မမြင်ရတော့တာ ကြာပြီပြောတယ်။ အဲ့ဒါ အဘိုးတစ်ယောက်ဆို လမ်းမလျှောက်နိုင်လို့ ထမ်းခေါ်ခဲ့ရပါတယ်။” လို့ ဆိုပါတယ်။
တည်သီးတော၊ ညောင်ကိုင်း၊ ပန်းရံ၊ ဇီးဖြူကုန်း၊ မြင်းစီး၊ သီလုံးစတဲ့ ပြည်သူ့စစ်ရွာတွေဟာ စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက လက်နက်ကိုင် ပြည်သူ့စစ်လုပ်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ အလင်းဝင်ရောက်ဖို့ဆိုတာ မလွယ်ကူဘူးလို့ သိရပါတယ်။
ဇီးဖြူကုန်း၊ သီလုံး၊ ပန်းရံစတဲ့ ကျေးရွာတွေဟာ ရွှေဘိုမြို့နယ်မှာ ပျူစောထီးအားကောင်းရာ ကျေးရွာတွေဖြစ်ပြီး ရွှေဘိုမြို့နယ်နဲ့ သွားလာရလွယ်ကူတာကြောင့် စစ်တပ်စိုးမိုးထားနိုင်တာလို့လည်း သိရပါတယ်။
ကူးတို့ဆိပ်၊ မြင်းစီးပျူရွာတွေကိုလည်း ပြီးခဲ့တဲ့နှစ်အတွင်း တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားနိုင်တာဖြစ်ပါတယ်။
“တည်သီးတောနဲ့ ညောင်ကိုင်းကတော့ စစ်သားနဲ့ ပျူစောထီးအပြင် ရဲတွေပါရှိပေမယ့် ကျနော်တို့တိုက်တာကို ခုခံနိုင်တဲ့အခြေအနေပဲ ရှိပါတော့တယ်။” လို့ ရွှေဘိုမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်၁ယောက်က မောင်းကိုပြောပါတယ်။
ဒီလိုမျိုးတော်လှန်ရေးတပ်တွေရဲ့ပိတ်ဆို့ဝန်းရံမှုတွေရှိပေမယ့်လည်း အလင်းဝင်ရောက်ဖို့ထက် အင်အားကြီးသူတွေနဲ့သာ ပူးပေါင်းဖို့ ပျူစောထီးတွေကစိတ်ဝင်စားကြတယ်လို့လည်း သိရပါတယ်။
“ကျနော်တို့ပိတ်ဆို့ထားတဲ့ ပျူရွာတွေက ပျူတွေဆို လက်နက်ချအလင်းဝင်ဖို့ဆိုတာထက် အင်အားကောင်းတဲ့ အခြားပျူရွာတွေကို သွားပေါင်းချင်ကြတာ များတယ်။ ရွာထဲကနေ ထွက်ချင်တယ်။ ဒီထက်ပိုစားလို့သောက်လို့လွယ်တဲ့ နေရာမျိုးရောက်ချင်တယ်ပေါ့။ အလင်းဝင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” လို့ ရွှေဘိုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။
စစ်ဘောင်ကျယ်လာတာနဲ့အမျှ အညာဒေသက အရပ်သားတွေဟာ စစ်ရဲ့ဆိုးကျိုးတွေဖြစ်တဲ့ နေစရာအိမ်တွေ မီးရှို့ခံရတာ၊ စစ်ကြောင်းကြောင့် အိမ်အတည်တကျမရှိဘဲ ရွှေ့ပြောင်းနေထိုင်ရတာတွေနဲ့ အခြေခံစားသောက်နေထိုင်မှု အခက်အခဲတွေကြုံလာကြရပါတယ်။
စစ်အာဏာရှင်တွေကို ဖြုတ်ချဖို့ ဆင်နွှဲကြတဲ့ နွေဦးတော်လှန်ရေးမှာ အညာဒေသက ပြည်သူတွေရဲ့ စွန့်လွှတ်ပေးဆပ်ရမှုတွေဟာ များပြားလွန်းတယ်ဆိုတာကတော့ အားလုံးအသိပဲ ဖြစ်ပါတယ်။