အာဏာသိမ်းပြီး ၄ နှစ်အတွင်း မြန်မာစစ်တပ်ဟာ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ မကြုံစဖူး အရှိန်မြှင့်လုပ်ဆောင်ခဲ့တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက သောကြာနေ့မှာ ပြောလိုက်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ကို ကိုးကားပြီး UNHRO ပြောရေးဆိုခွင့်ရှိသူ ဂျယ်ရမီ လော်ရန့်စ်က ၂၀၂၄ ခုနှစ်အတွင်း အမျိုးသမီး ၅၃၁ ဦးနဲ့ ကလေး ၂၄၈ ဦး အပါအဝင် အနည်းဆုံး လူပေါင်း ၁,၈၂၄ ဦး သေဆုံးခဲ့ကြောင်း၊ လူပေါင်း ၁,၆၃၉ ဦး သေဆုံးခဲ့တဲ့ ၂၀၂၃ ကထက် များစွာမြင့်တက်လာကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“လွန်ခဲ့တဲ့ လေးနှစ်အတွင်း စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၁,၁၄၄ ဦးနဲ့ ကလေး ၇၀၉ ဦး အပါအ၀င် အရပ်သား အနည်းဆုံး ၆,၂၃၁ ဦး သေဆုံးခဲ့တယ်”လို့ လော်ရန့်စ်က ပြောပါတယ်။
စစ်တပ်ကျူးလွန်တဲ့ ရက်စက်မှုတွေနဲ့ အကြမ်းဖက်မှုတွေဟာ “နယ်ပယ်နဲ့ ပြင်းထန်မှုက တိုးလာကြောင်း၊ တိုက်ခိုက်မှုတွေရဲ့ သဘောသဘာဝကလည်း လူထုကို ထိန်းချုပ်ဖို့၊ ခြိမ်းခြောက်ဖို့နဲ့ သိမ်းကြုံးအပြစ်ပေးဖို့” ရည်ရွယ်ချက်ရှိကြောင်း သူကဆိုပါတယ်။
၂၀၂၄ ခုနှစ်အတွင်း လူ့အခွင့်ရေးရုံးရဲ့ အသေးစိတ် ခွဲခြမ်းစိပ်ဖြာမှုအရ “ခေါင်းဖြတ်ခြင်း၊ မီးရှို့ခြင်း၊ ကိုယ်လက်အင်္ဂါ ဖြတ်တောက်ခြင်း၊ ကွပ်မျက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနဲ့ လူသားဒိုင်းအသုံးပြုခြင်း အပါအဝင် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေအားလုံးကို လုံးဝအပြစ်မဲ့တဲ့ပြည်သူတွေအပေါ်ကို ကျူးလွန်ခဲ့တယ်” လို့ သူကထပ်ပြောပါသေးတယ်။
“ရခိုင်ပြည်နယ်မှာလည်း ရိုဟင်ဂျာတွေဟာ အကာအကွယ်ရနိင်တဲ့ နေရာမရှိတော့ဘဲ စစ်ဖြစ်နေတဲ့ အာရက္ခတပ်တော်နဲ့ စစ်တပ်အကြား ပိတ်မိနေကြတယ်၊ သူတို့ရဲ့ရွာတွေ မီးရှို့ခံရတယ်၊ သူတို့ရဲ့လူငယ်တွေဟာ စစ်မှုထမ်းဖို့ ဖိအားပေးခံရတယ်၊ လုံခြုံမှုရရှိဖို့အရေး ထပ်ခါတလဲလဲ အဓမ္မနေရပ်စွန့်ခွာနေရချိန် လူသားချင်းစာနာမှုဆိုင် အကူအညီတွေ ဖြတ်တောက်ခံနေရတယ်” လို့ သူကဆိုပါသေးတယ်။
အစောပိုင်းမှာ လူ့အခွင့်အရေး မဟာမင်းကြီး ဗိုလ်ကာတာ့ခ်ကလည်း မြန်မာပြည်သူတွေရဲ့ အခြေအနေဟာ တနေ့တခြားဆိုးရွားလာတဲ့အပေါ် အလွန်စိတ်မကောင်းဖြစ်ရကြောင်း ၊ “စစ်တပ်ရဲ့ အာဏာ လျော့နည်းလာတာနဲ့အမျှ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်တဲ့ နယ်ပယ်နဲ့ ပြင်းထန်မှုက ကျယ်ပြန့်လာတယ်” လို့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
ဥရောပသမဂ္ဂ (EU) ကလည်း အာဏာသိမ်းပြီးနောက်ပိုင်း ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ခံမှု ရှိစေဖို့နဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ သောကြာနေ့မှာ တောင်းဆိုခဲ့ပါတယ်။
မြန်မာပြည်ကို နိုင်ငံရေး၊ စီးပွားရေးနဲ့ လူသားချင်းစာနာမှုအကျပ်အတည်းဆီ တွန်းပို့ခဲ့တဲ့ စစ်တပ်ရဲ့လုပ်ရပ်တွေကို EU က အပြင်းအထန် ရှုတ်ချပြီး သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် “နိုင်ထက်စီးနင်း” ဖမ်းဆီးခံထားရတဲ့ အကျဉ်းသားတွေအားလုံး အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
မြန်မာပြည်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ရဲ့ အခန်းကဏ္ဍကို မီးမောင်းထိုးပြထားပြီး တာဝန်ခံမှုရှိစေဖို့ လိုအပ်ကြောင်း အလေးပေးပြောဆိုထားပါတယ်။
ရိုဟင်ဂျာတွေနဲ့ အခြားလူနည်းစုတွေ အပါအဝင် အရပ်သားတွေကို စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေက အဓမ္မ စစ်မှုထမ်းစေခြင်းနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်းနဲ့ လွတ်လပ်တဲ့ လူသားချင်းစာနာမှုအဖွဲ့တွေကို အပြည့်အဝ ဘေးကင်းပြီး၊ အတားအဆီးမရှိ ကူညီခွင့်ပြုစေဖို့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို တိုက်တွန်းထားပါတယ်။
EU အနေနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေအပေါ် ပိတ်ဆို့မှုတွေ လုပ်ဆောင်နေကြောင်း၊ ပစ်မှတ်ထား ပိတ်ဆို့ဖို့လည်း အသင့်ဖြစ်ကြောင်းပြောဆိုထားပြီး မြန်မာကို လက်နက်ရောင်းချမှု၊ လွှဲပြောင်းမှုနဲ့ စစ်လက်နက်ပစ္စည်းများ လွှဲပြောင်းမှုတို့ကို ရပ်တန့်အောင် နိုင်ငံတကာအသိုင်းအဝိုင်းက တိုးမြှင့်လုပ်ဆောင်ဖို့လည်း တောင်းဆိုထားပါတယ်။
အာဆီယံရဲ့ ဘုံသဘောတူညီချက်ကို ထောက်ခံကြောင်း EU က ထပ်မံအတည်ပြုပြီး အာဆီယံနဲ့ ကုလသမဂ္ဂတို့ရဲ့ အထူးသံတမန်တွေနဲ့အတူ အကျပ်အတည်းဖြေရှင်းရေး၊ အားလုံးပါဝင်နိုင်စေမယ့် တွေ့ဆုံဆွေးနွေးနိုင်ရေး များအတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကူအညီကို တောင်းဆိုခဲ့ပါတယ်။
News- OHCHR/aa.com
0 Shares:
You May Also Like
Read More

စစ်ခေါင်းဆောင်ကို BIMSTEC အစည်းအဝေး တက်ရောက်ခွင့်ပြုမှုအပေါ် NUG ကန့်ကွက်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မြန်မာအရေးဆွေးနွေးဖို့ လူ့အခွင့်အရေးကိုယ်စားလှယ် ဩစတေးလျသွားမယ်

မြန်မာအရေးဆွေးနွေးမှုတွေ ပြုလုပ်ဖို့မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်ဟာ ဩစတေးလျကို ၁၀ ရက်ကြာ သွားရောက်မှာဖြစ်ကြောင်း လူ့အခွင့်အရေးမဟာမင်းကြီးရုံးက စက်တင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

မဏိပူရမှ မြန်မာဒုက္ခသည် ၅၀၀၀ ကျော် နေရပ်ပြန်

မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မဏိပူရပြည်နယ်အတွင်း ခိုလှုံနေခဲ့ကြတဲ့ မြန်မာဒုက္ခသည် ၅၀၀၀ ကျော်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက နေရပ်ပြန်သွားပြီဖြစ်ကြောင်း အိန္ဒိယ အရှေ့မြောက်ပိုင်းအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။
Read More

စစ်အုပ်စုနှင့် လက်ဝေခံများ ကျားဖြန့် ရပ်ဝန်းများ ကျယ်ပြန့်အောင် လုပ်ဆောင်ကာ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလတွင် တင်ပြ

အာဏာသိမ်း အကြမ်းဖက်စစ်တပ်နဲ့ သူ့ရဲ့ လက်ဝေခံတွေဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ပိုမိုကျယ်ပြန်အောင် လုပ်ဆောင်နေပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
Read More

မြန်မာငလျင်အတွက် ယူကေအစိုးရက စတာလင်ပေါင် ၁၀ သန်းနဲ့ အမေရိကန်အစိုးရက ကန်ဒေါ်လာ ၇ သန်း ထပ်တိုးကူညီ ..

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခဲ့တဲ့ အင်အားပြင့်ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ယူကေအစိုးရက စတာလင်ပေါင် ၁၀ သန်း ထပ်မံတိုးမြှင့်ထောက်ပံ့ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို လက်မခံကြောင်း တောင်ကိုရီးယားရောက် တော်လှန်ပြည်သူများ ဆန္ဒပြ

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း၊ ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြောင်း တောင်ကိုးရီးယားနိုင်ငံရောက် တော်လှန်ပြည်သူတွေက "နိုင်ငံလုံးဆိုင်ရာ ချီတက်ဆန္ဒပြပွဲ" အနေနဲ့ ဆန္ဒပြခဲ့ကြတယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထံက သိရပါတယ်။