မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်မှာ ကပစ ၁၄ကနေ ထွက်လာတဲ့ စစ်ကောင်စီကား၂စီးကို ငဖဲ-စေတုတ္ထရာလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ နှစ်ဖက်ထိတွေ့မှုဖြစ်ကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် ငဖဲမြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကိုလည်း ဒရုန်းဗုံးသီးကြဲ တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်(၈) တပ်ရင်း Wolf တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
ဇန်နဝါရီလ ၃ရက်၊ မနက်အစောပိုင်းက ငဖဲမြို့အခြေစိုက် အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံကနေ အင်အား ၅၀နီးပါးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သုံး ကား၂စီးကို ပဒါန်း-ငဖဲ-စေတုတ္ထရာလမ်းပိုင်း၊ ညောင်ကုန်းကျေးရွာနားအရောက်မှာ တော်လှန်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဲ့ဒီနောက် မိနစ်၂၀ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က နေရာတင် ၁ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ၆ယောက်ရှိခဲ့ပြီး ဆေးကုသနေရင်း ထပ်မံသေဆုံးသွားတာတွေလည်းရှိတယ်လို့ မင်းဘူးခရိုင် အမှတ်(၈) တပ်ရင်း Wolf တာဝန်ရှိသူက ပြောပါတယ်။
“ကပစ ၁၄ဘက်ကနေ စေတုတ္တရာဘက်ကို စစ်ကောင်စီတပ်သုံးယာဥ် ၂စီး ထွက်လာတယ်ဆိုတဲ့ သတင်းရတယ်ဗျ။ ရန်သူဘက်က ကားနှစ်စီးမှာ ရှေ့ဆုံးက ကားကို မိုင်းဆွဲလိုက်နိုင်တယ်။ မိုင်းဆွဲလိုက်တော့ ကားက မိုင်းဆွဲတဲ့နေရာနဲ့ မီတာ ၅၀လောက်ကို လိမ့်ပြီးရပ်သွားတယ်ဗျ။ ကားကတော့ မောင်းမရအောင် ပျက်စီးသွားပါတယ်။ ကားကိုမောင်းလာတဲ့ ကားသမားကတော့ နေရာတွင်ပွဲချင်းပြီး သေဆုံးသွားတယ်ဗျ။ နှစ်ဖက်ပစ်ခတ်မှုဖြစ်ရင်း စခဘက်က ထိခိုက်ဒဏ်ရာရတဲ့သူတွေလဲရှိခဲ့ပါတယ်။ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး.” လို့ မင်းဘူးခရိုင် အမှတ်(၈) တပ်ရင်း Wolf တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။
ဒီတိုက်ခိုက်မှုမှာ မင်းဘူးခရိုင် အမှတ်(၈) တပ်ရင်း Wolf နဲ့အတူ ချင်းကာကွယ်ရေးတပ် (CDF-Asho) နဲ့ ငဖဲမြို့နယ်ပကဖတို့က ပူးပေါင်းပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ ၁၆ရက်နေ့ကလည်း ငဖဲမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ မြို့မရဲစခန်းနဲ့ထွေအုပ်ရုံးတွေထဲ ဒရုန်းနဲ့ဗုံးသီး၃လုံးကြဲချ တိုက်ခိုက်ခဲ့သေးကြောင်း သိရပါတယ်။
“ထွေအုပ်ရုံးအဆောက်ဦးအပါဝင် ဆိုင်ကယ်နဲ့ကားအချို့ ထိခိုက်ပျက်စီးမှုရှိပါတယ်။ နောက်ပြီး လူထိခိုက်မှုတွေ ရှိတယ်လို့လည်း အတွင်းသတင်းတွေက ပြောတယ်ဗျ” လို့ မင်းဘူးခရိုင် အမှတ်(၈) တပ်ရင်း Wolf တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ မင်းဘူးခရိုင် အမှတ်(၈) တပ်ရင်း Wolf နဲ့အတူ ဒရုန်းလက်ရုံးတပ်ဖွဲ့ မင်းဘူးခရိုင်ပကဖ တို့ကလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
မကွေးတိုင်း၊ မင်းဘူးခရိုင်ထဲက ပဒါန်း၊ ငဖဲ ၊ စေတုတ္ထရာလမ်းပိုင်းဟာ စစ်ကောင်စီအားထားရတဲ့ မြို့နယ်ချင်းဆက်လမ်းပိုင်းဖြစ်ပြီး ကပစ စက်ရုံတွေ တည်ရှိတာကြောင့် ဒီလမ်းပိုင်းကတဆင့် တပ်ရွှေ့ပြောင်းတာ၊ အုပ်ချုပ်ထုတ်လုပ်မှုတွေ လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ လမ်းပိုင်းအသုံးပြုရာမှာ ပုံမှန်စစ်သုံးကားတွေထက် အရပ်သားကားတွေကို ချောဆွဲအသုံးပြုမှုတွေ များလာတယ်လို့လည်း သိရပါတယ်။
ပုံစာ- မင်းဘူးခရိုင် အမှတ် ၈တပ်ရင်း Wolf PDF တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

မုံရွာမြို့နယ်က တောပုပျူစောထီးရွာကို ၄ ရက်ဆက်တိုက် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာကို ၄ ရက် ဆက်တိုက် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Urban Hunter Force - UHF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဧရာ၀တီတိုင်းထဲက နေရာ ၇ခုကို မလိုအပ်ဘဲ ခရီးသွားလာခြင်း မလုပ်ဖို့ FCDO သတိပေး

ဧရာ၀တီတိုင်းထဲက နေရာ ၇ ခုကို မလိုအပ်ဘဲ ခရီးသွားလာခြင်း မလုပ်ကြဖို့  ဗြိတိန် နိုင်ငံခြားရေး၊ ဓနဿဟာရနှင့် ဖွံ့ဖြိုးရေးဌာန (FCDO) က ထုတ်ပြန်လိုက်ပါတယ်။
Read More

အင်းစိန် စီအိုင်ဒီရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၂ ယောက်သေပြီး ၁ ယောက်ဒဏ်ရာရ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က စီအိုင်ဒီ ရုံးအနောက်ပေါက်ဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ တာဝန်ကျရဲ ၂ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ Mother Son Yangon Force မြို့ပြ UG အဖွဲ့တာဝန်ခံ ဗိုလ်နိုင်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အနိမ့်ဆုံးလုပ်ခ တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ငွေကျပ် ၂၀၀၀၀ အထိ တိုးပေးရန် မေဒေးနေ့မှာ တောင်းဆို

အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခကို တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ငွေကျပ် ၂၀၀၀၀ အထိ တိုးပေးဖို့ ၁၃၅ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့မှာ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) အပါအဝင် အလုပ်သမားအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
Read More

မြိုင်မြို့နယ် နှောပင်ရွာတွင် စစ်ကော်မရှင် ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ပြည်သူ ၂ ဦး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ် နှောပင်ရွာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂ ယောက် သေဆုံးခဲ့ရကြောင်း မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။
Read More

ဖေဖော်ဝါရီလအတွင်း ဗိုလ်မှူးအပါ စစ်ကောင်စီတပ်သား ၆၄ ဦး ပြည်သူ့ရင်ခွင် ခိုလှုံ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ အရာရှိအဆင့် ဗိုလ်မှူး (၁) ယောက်အပါအဝင် တပ်သားနဲ့ရဲ (၆၄) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။