မွန်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်ကြတဲ့ မွန်ပြည် လွတ်မြောက်ရေးတပ် (MLA)၊ မွန်ပြည် ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည် တော်လှန်ရေးတပ် (MSRF) နဲ့ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA-AD) တို့ဟာ ဒီဇင်ဘာလ ၁၈ ရက်က လွတ်မြောက်နယ်မြေ တစ်နေရာမှာ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြပြီး မွန်တော်လှန်ရေးတပ်တွေ အားလုံးပါဝင်တဲ့ တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းလာရေး အကောင်အထည်ဖော်ဖို့ သဘောတူခဲ့ကြပါတယ်။ 

ကနဦးအနေနဲ့ တပ်ဖွဲ့ (၄) ဖွဲ့ကနေစတင်ပြီး စစ်ရေး ပူးတွဲလှုပ်ရှားမှုတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဒီဇင်ဘာလ ၁၉ ရက်မှာ ပူးတွဲထုတ်ပြန်ခဲ့ကြပါတယ်။ 

အခုလို ပေါင်းစည်းမှုနဲ့ပတ်သက်ပြီး တစ်ခုတည်းသော မွန်တပ်တော်ပေါ်ထွန်းလာရေး အကောင်အထည်ဖော် ဆောင်ရွက်မှုတွေ၊ စိန်ခေါ်ချက်တွေ၊ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ မျှော်မှန်းချက်တွေအကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ အုပ်ချုပ်ရေးကော်မတီ၊ ကာကွယ်ရေးဌာနမှူး ၊နာဲဍေန်ပၠဟံသာ (နိုင်ဒင်းပလဟံသာ) နဲ့ မောင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ 

မောင်း။      မွန်တပ်တော်အဖြစ် ပေါင်းစည်းဖို့ မွန်အဖွဲ့ ၄ဖွဲ့ သဘောတူညီမှု ဘယ်လိုရခဲ့တာလဲ။ 

နိုင်ဒင်းပလဟံသာ။     မွန်တပ်တော်တစ်ခုတည်းဖြစ်ပေါ်လာတာက မွန်ပြည်သစ်ပါတီ-အေဒီ၊ MLA၊ MSRF နဲ့ MSDF က တပ်မှူးတွေနဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့တွေက ပူးပေါင်းပြီးတော့ လွန်ခဲ့တဲ့ ၁၈ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာမှာ ဆွေးနွေးခဲ့ကြတယ်။ အဲဒီဆွေးနွေးပွဲက ထွက်ပေါ်လာတဲ့ ရလဒ်ဖြစ်ပါတယ်။ 

မောင်း။       သဘောတူညီမှုရထားတဲ့ မွန်တော်လှန်ရေးတပ်တွေက ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားမှာလဲ။

နိုင်ဒင်းပလဟံသာ။     ပူးပေါင်းဆောင်ရွက်မှုကတော့ ကျနော်တို့ လုပ်နိုင်ရင် လုပ်နိုင်သလောက် အများကြီးလုပ်နိုင်ပါတယ်။ အထူးသဖြင့် တစ်ခုတည်းသော မွန်တပ်တော်ဖြစ်လာဖို့က ကျနော်တို့ Process (လုပ်ငန်းစဉ်) တစ်ခုတော့ ဖြတ်ကျော်ရမယ်လို့ ယူဆတယ်။ ဒါကြောင့်မို့ စစ်ပိုင်းဆိုင်ရာ ပူးပေါင်းဆိုင်ရွက်မှုတွေ လုပ်သွားမယ်။ အထူးသဖြင့်ပေါ့။ မဟာမိတ်ပုံစံ၊ တပ်ပေါင်းစုပုံစံ၊ စစ်ကြောင်းတွေ ဖွဲ့ပြီး ရန်သူကို တိုက်သွားရင်းနဲ့ ကျနော်တို့ စစ်ရေးအရ ပူးပေါင်းသွားမယ်။ 

နောက်တစ်ပိုင်းက သင်တန်းတွေပေါ့၊ စစ်သင်တန်းတွေ အတူတကွ ပူးပေါင်းပြုလုပ်ဖို့ရှိတယ်။ နောက်ပြီး သတင်းတွေဖလှယ်ဖို့၊ အထူးသဖြင့် ထောက်လှမ်းရေးသတင်းတွေ ဖလှယ်ဖို့ရှိတယ်။ နောက်ပြီး တပ်မှူးငယ်သင်တန်းတို့၊ အဲ့လိုမျိုးတွေ အတူတူ တက်ကြပြီး နောက်ပိုင်း ပိုမိုနီးစပ်အောင်လုပ်ကြမယ်။ အဲလိုမျိုး အများကြီး ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်။ အခြား ဒရုန်းပိုင်း ပူးပေါင်းဆောင်ရွက်မှုတွေ၊ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး ရှိလာလိမ့်မယ်။ ဒါပေမယ့် လောလောဆယ် အဓိကကတော့ စစ်ရေးဆိုင်ရာ အထူးသဖြင့် တိုက်ခိုက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပထမဆုံး အရင်လုပ်ဖို့ စီစဉ်ထားပါတယ်။ 

မောင်း။      အခုက မွန်တပ်တော်အဖြစ် ပေါင်းစည်းဖို့ အချိန်တန်ပြီလို့ ဘာကြောင့် ဆုံးဖြတ်ခဲ့ကြတာလဲ။ 

နိုင်ဒင်းပလဟံသာ။     အမှန်မှာက အချိန်တန်နေတာက ကြာပါပြီ။ ဒါပေမယ့် သူ့နည်းသူ့ဟန်နဲ့ ပေါ်ပေါက်လာတဲ့ မွန်တပ်တွေက သူ့ပုံစံနဲ့၊ သူ့အတွေးအခေါ် အမြော်အမြင်နဲ့၊ သူ့အယူအဆနဲ့ တိုက်ပွဲဝင်နေတဲ့အခါကျတော့ သူ့နည်းသူ့ဟန်နဲ့ အောင်မြင်နေကြတာတွေ ရှိပါတယ်။ 

နောက်တစ်ခုက အခြေအနေ အကြောင်းကြောင်းကြောင့် ပူးပေါင်းဆောင်ရွက်ချင်ပေမယ့် ပူးပေါင်းဆောင်ရွက်ခွင့်မရတာ၊ ပူးပေါင်းဆောင်ရွက်ခွင့်မရှိသေးတာပေါ့။ နားလည်မှုတွေ၊ ယုံကြည်မှုတွေ နည်းပါးတာလည်း ရှိတာပေါ့။ ဒါပေမယ့် ကြာလာတော့ ဘာပြဿနာဖြစ်လဲဆိုတော့ ဖိအားတွေများလာတယ်၊ အထူးသဖြင့် ပြည်သူလူထုဆီကနေ ဖိအားတွေ များလာတာပေါ့။ ခင်ဗျားတို့ ကွဲကွဲပြားပြားဖြစ်နေတယ်၊ ဘာလို့ ကွဲနေရသလဲပေါ့။ 

နောက်တစ်ခုက ရှင်းရှင်းပြောရရင် အားနည်းနေတဲ့ ရန်သူကို စစ်ရေးအရ သူများတွေလို အမြတ်မထုတ်နိုင်ဘူး။ ဖြစ်ပေါ်လာတဲ့ အခွင့်အရေးကို အမိအရ မဖမ်းဆုတ်နိုင်ဘူး။ ကိုယ်လိုချင်တဲ့ အခြေအနေကို မဖန်တီးနိုင်ဘူးပေါ့။ 

နောက်တစ်ခုကလည်း ဒီလို ကွဲပြားနေတာက အထူးသဖြင့် မွန်တော်လှန်ရေးကို အထောက်အကူမပြုဘူးဆိုတာပေါ့၊ တော်လှန်ရေး မအောင်မြင်ရခြင်းအကြောင်းအရင်းက တော်လှန်ရေးအဖွဲ့အစည်းတွေ ကွဲပြားနေလို့၊ တစ်ခုတည်းသော အလံတော်အောက်မှာ အလုပ်မလုပ်နိုင်ကြလို့ပေါ့၊ ဒါတွေကို တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံးက နားလည်လာကြတယ်။ တစ်နှစ်၊ နှစ်နှစ်အတွင်း သိလာကြတယ်။

နောက်ပြီး ဒီလိုမျိုးဆက်သွားနေရင် မွန်ပြည်သူတွေလိုလားတဲ့ တော်လှန်ရေး အတိုင်းအတာတစ်ခုအထိ ဖန်တီးနိုင်မှာမဟုတ်ဘူး၊ ပြည်သူ့ထောက်ခံအား ကျဆင်းသွားနိုင်တယ်၊ ရန်သူကိုလည်း အနိုင်မတိုက်နိုင်ဘူးပေါ့။ အထူးသဖြင့် ခေါင်းဆောင်ပိုင်းကလည်း ပူးပေါင်းဆောင်ရွက်မှရမယ်ဆိုတဲ့ အမြင်တွေက ဝင်လာတော့ ပူးပေါင်းဆောင်ရွက်တဲ့ အချိန်က တန်သွားတာပေါ့။ အမှန်က အချိန်တန်တာကြာပါပြီ၊ နောက်လည်းကျနေပြီ၊ ဒါပေမယ့် နောက်ကျတာက မဖြစ်တာထက်စာရင် ပိုကောင်းတယ်လို့ ကျနော်ယူဆတယ်။ 

မွန်ပြည်ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာနမှူး နိုင်ဒင်းပလဟံသာ (ဓာတ်ပုံ MSTV)

မောင်း။      အရင်က မွန်တပ်တော်အဖြစ် ဘာလို့ မပေါင်းစည်းနိုင်ခဲ့ကြတာလဲ။

နိုင်ဒင်းပလဟံသာ။     အဓိကအကြောင်းအရင်းကိုပြောရရင် နွေဦးတော်လှန်ရေးဖြစ်လာတော့ နွေဦးတော်လှန်ရေးကို သဘောတူလက်ခံ၊ အခွင့်အလမ်းတစ်ခုလို ယူဆတဲ့အဖွဲ့ကတော့ သူ့နည်းသူ့ဟန်နဲ့ သူ့လမ်းကြောင်း သူ့လမ်းစဉ်နဲ့ သူ့ဟာသူ စုစည်းပြီးတော့ ရန်သူကို ပြန်လည်တိုက်ရမယ်ဆိုပြီး အဲဒီလိုပုံစံနဲ့ ထွက်လာတယ်။ အဲဒီအခါကျတော့ သူ့တပ်ရယ်၊ သူ့ပုံစံရယ်၊ သူ့စနစ်ရယ်၊ သူ့ဟာသူဖြစ်လာတဲ့အခါကျတော့ တစ်ခါတည်းနဲ့ အချိန်တိုအတွင်း တစ်ခုတည်းလုပ်ဖို့ လက်တွေ့မှာ မဖြစ်နိုင်ဘူး။ 

အများစုက၊ အားလုံးက မွန်တပ်တစ်ခုတည်းဖြစ်လာဖို့ မူအရ လက်ခံထားပြီးသားဖြစ်တယ်။ ဒါပေမယ့် လက်တွေ့အကောင်အထည်ဖော်မှု အပိုင်းမှာတော့ အခြေအနေ အကြောင်းကြောင်းကြောင့်ပေါ့၊ နေရာဒေသဖြစ်ဖြစ်၊ အသွားအလာဖြစ်ဖြစ်၊ နောက်ပြီး အတူတူလုပ်မှ ဖြစ်မယ်၊ အောင်မြင်မယ်ဆိုတဲ့ သဘောထားလေးတွေလည်း ရှိဖို့လိုတယ်။ ဒါကြောင့် အရင်ကတည်းက တစ်ခုတည်းဖြစ်ဖို့ မလုပ်နိုင်ခဲ့တာပါ။ 

မောင်း။      မွန်တပ်တွေ မပေါင်းစည်းနိုင်ခဲ့တဲ့အတွက် မွန်လူထုအတွက် ဘယ်လိုသက်ရောက်မှု ရှိခဲ့သလဲ။

နိုင်ဒင်းပလဟံသာ။     ဒီလိုမပေါင်းစည်းနိုင်တော့ ဘယ်လိုသက်ရောက်မှုရှိသလဲဆိုရင် အထူးသဖြင့် အခြားသော ကရင်လူထု၊ ချင်းလူထုတို့ မျှော်မှန်းသလို မွန်လူထုကလည်း မွန်တော်လှန်ရေးတပ်တွေက စစ်တပ်ကို၊ စကစကို အနိုင်ယူနိုင်မယ်၊ ချေမှုန်းနိုင်မယ်၊ မွန်ပြည်နယ်ကနေ တိုက်ထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတော့ ဒါတွေ မအောင်မြင်ခဲ့ဘူးပေါ့။ အဓိကက စစ်ရေးအရ အားနည်းနေတဲ့ရန်သူကို အမြတ်မထုတ်နိုင်ဘူးပေါ့။ ဒီအပေါ် မွန်ပြည်သူတွေက အားမလိုအားမရဖြစ်တယ်။ စိတ်ဓာတ်တွေလည်း ကျဆင်းလာတဲ့သဘောရှိတယ်။ ထောက်ပံ့မှုတွေကလည်း နည်းလာတာပေါ့။ 

နောက်တစ်ခုက မွန်တော်လှန်ရေးတပ်တွေကို ထောက်ပို့နေတဲ့ ပြည်သူတွေကြားမှာ ရှုပ်ထွေးမှုတွေဖြစ်စေတာပေါ့။ အဖွဲ့ကများတော့ ဘယ်အဖွဲ့ကို ဘယ်လိုထောက်ရမလဲ၊ ဘယ်လောက် ထောက်ပံ့ရမလဲပေါ့။ Fundraising (ရန်ပုံငွေရှာ) တဲ့အခါကျတော့ တချို့လူတွေက ခင်ဗျားတို့လူတွေအများကြီးပဲ၊ ခင်ဗျားတို့မစုမချင်း ကျုပ်တို့မထောက်ပံ့ဘူးဆိုပြီး အဲလိုဆင်ခြေပေးတာမျိုးရှိတာပေါ့။ အဲဒါမျိုး ယထာဘူတကျတဲ့ ဆင်ခြေလည်းဖြစ်တာပေါ့။ နောက်ပြီး ထောက်ပို့အချင်းချင်းကြားလည်း သူ့ထောက်ပို့၊ ငါ့ထောက်ပို့ဆိုပြီး အားပြိုင်မှုတွေ၊ ယှဉ်ပြိုင်မှုတွေ ဖြစ်လာတယ်။ ဒါကြောင့် အထူးသဖြင့် မွန်ပြည်သူတွေ လိုလားတဲ့ စစ်အာဏာရှင်ကိုမွန်ပြည်ကနေတိုက်ထုတ်ဖို့ ဆိုတာကို မဖန်တီးနိုင်တာက အဓိကသက်ရောက်မှုလို့ ကျနော်တို့ ယူဆပါတယ်။ 

မောင်း။       မွန်တပ်တော် ပေါ်ထွက်လာဖို့ သဘောတူညီမှုက ရပြီးပြီဆိုတော့ ဘယ်တော့လောက် အကောင်အထည် ပေါ်နိုင်မယ်လို့ မျှော်လင့်မိလဲ၊ အကောင်အထည်ဖော်ဖို့ ဘာစိန်ခေါ်မှုတွေ ရှိလာနိုင်ဦးမလဲ။

နိုင်ဒင်းပလဟံသာ။     တစ်ခုတည်းသော မွန်တပ်တော် ပေါက်ပေါက်လာဖို့ ဘယ်အချိန်ဖြစ်လာမလဲဆိုတာက ပြောရတော့ နည်းနည်းခက်တယ်။ သေချာတာတော့ တစ်ခုတည်းသော မွန်တပ်တော် ပေါ်ကိုပေါ်ရမယ်ပေါ့နော်။ ဒါပေမယ့် အဲလိုပေါ်လာဖို့က သိတဲ့အတိုင်း သူ့အဖွဲ့အစည်းနဲ့သူ၊ သူ့တံဆိပ် သူ့အမှတ်အသား၊ သူ့အောင်မြင်မှု၊ သူ့ရပ်တည်မှုနဲ့ သူ့သဘောထားနဲ့ ရှိနေကြတယ်။ တစ်ဖက်ကလည်း ဘုံရည်မှန်းချက်က တူနေတယ်ဆိုတော့ ကျနော့်အမြင်အရ အခုလောလောဆယ်တော့ ဘယ်အချိန်ပေါ်မလဲ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် မဝေးတော့တဲ့ အနာဂတ်မှာ တစ်ခုတည်းသော မွန်တပ်တော် ဖြစ်လာဖို့ရှိပါတယ်။ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုက တစ်ခုတည်းဖြစ်လာဖို့ ကျနော်တို့ စပြီးလုပ်ပါပြီ။ ဒါကို ပထမဆုံးပြောချင်ပါတယ်။ 

ပူးပေါင်းဆောင်ရွက်ရာမှာ အဓိကစိန်ခေါ်မှုက ပူးပေါင်းဆောင်ရွက်မှု အားကြီးလာတဲ့အခါ ဘယ်လိုဆက်လက်ထောက်ပို့မလဲပေါ့၊ ရန်ပုံငွေတောင့်တင်းဖို့တော့ ကျနော်တို့ ကြိုးစားရပါလိမ့်မယ်။ ဒါက ပထမတစ်ခုပေါ့။ 

ဒုတိယတစ်ချက်က လက်နက်အင်အားပေါ့။ လက်နက်တွေ၊ ကျည်တွေ ဖြည့်ဆည်းဖို့လိုအပ်တယ်၊ နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းကိရိယာတွေ ထောင်သွားဖို့ပေါ့၊ ထိရောက်တဲ့ တိုက်ခိုက်ရေးတပ်တစ်ခု ဖြစ်ဖို့ဆိုတာက။ 

နောက်ထပ်စိန်ခေါ်မှုက စစ်ဦးစီးအဖွဲ့ပေါ့။ ဒါလည်း စိန်ခေါ်မှုတစ်ခုပါပဲ။ 

ဒါပေမယ့် အကောင်းဘက်က တွေးမိတာက ကျနော်တို့မွန်တပ်တွေက တစ်ခုတည်းသော မွန်တပ်တော် ဖြစ်လာရင် မွန်ပြည်သူတွေက ကျနော်တို့နောက်မှာ မားမားမတ်မတ် ရပ်တည်လာလိမ့်မယ်။ အဲဒီအခါ နည်းပညာပိုင်းဆိုင်ရာ ပညာသည်တွေ၊ ကျောင်းသား ပညာတတ်တွေ အထူးသဖြင့် ပညာရှင်တွေပေါ့၊ ပြီးတော့ ငွေကြေးတတ်နိုင်တဲ့ မွန်သူဌေးတွေလည်း ကျနော်တို့ကို ပူးပေါင်းဆောင်ရွက်ဖို့ ဝန်မလေးတော့ဘူးလို့ ကျနော်တို့ယူဆပါတယ်။ 

ဒါပေမဲ့ အဲဒီစိန်ခေါ်မှုက အများကြီးဖြစ်လာပါလိမ့်မယ်။ ဘာလို့လဲဆို တော်လှန်ရေးဟာ ဖြောင့်ဖြူးတယ်ဆိုတာ ရှားပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ဘက်က အတတ်နိုင်ဆုံး အင်အားတောင့်တင်းခိုင်မာတဲ့ မွန်တပ်တော်တစ်ခုဖြစ်လာဖို့ ဆက်ပြီးကြိုးစားသွားမယ်။ သန္နိဋ္ဌာန်လည်း ချထားပါတယ်။ အခက်အခဲဆိုတာက၊ စိန်ခေါ်မှုဆိုတာက တခါတလေကျရင် အခွင့်အရေးနဲ့အတူ တခါတည်းပါပြီးသား ဖြစ်ပါတယ်။ စိန်ခေါ်မှုတစ်ခုကို ကျနော်တို့ ကျော်လွှားနိုင်ရင် အဖြေကောင်းတစ်ခု ထွက်လာမှာပါ။ အဲဒီအဖြေကနေ ကျနော်တို့ ဆက်ပြီး ကူသွားရင်းနဲ့ လုပ်သွားရင်း၊ လုပ်သွားရင်းနဲ့ လေ့လာသွားမယ်၊ လေ့လာရင်းနဲ့ ကောင်းအောင် လုပ်သွားကြမယ်။ အဲလိုမျိုး စေတနာပါပါနဲ့ လုပ်သွားကြရင်တော့ တစ်ခုတည်းသော မွန်တပ်တော် ပေါ်လာဖို့ စိန်ခေါ်မှုတွေကို ကျနော်တို့ ကျော်ဖြတ်နိုင်မယ်လို့ ယူဆပါတယ်။ 

မောင်း။      မွန်တော်လှန်ရေးအဖွဲ့တွေ တပ်တော်တစ်ခုတည်းအဖြစ် စုစည်းပြီး လက်တွဲလုပ်ဆောင်ကြရင် တော်လှန်ရေးအတွက်၊ မွန်လူထုအတွက် ဘယ်လိုအကျိုးရလဒ်တွေ ထွက်လာနိုင်မယ်လို့ မျှော်လင့်မိပါသလဲ။

နိုင်ဒင်းပလဟံသာ။    တကယ်လို့ မွန်တော်လှန်ရေးတပ်တွေရဲ့ တစ်ခုတည်းသော မွန်တပ်တော်ဖြစ်လာရင် မွန်လူထု ဘယ်လို အကျိုးရလဒ်ရနိုင်မလဲဆိုတော့ ကျနော် မျှော်လင့်တာပေါ့နော်။ ကျနော်တို့ မွန်လူထုတွေလည်း  မျှော်လင့်တယ်။ တခြားရခိုင်လူထုတွေလည်း သူတို့ တပ်တော်တွေ အောင်မြင်လာတယ်။  ချင်းတွေလည်း အောင်မြင်နေတယ်။ ကရင်တွေလည်း အောင်မြင်နေတယ်။ ကချင်ဘက်တွေ၊ တအာင်း၊ ပလောင်ဘက်တွေလည်း အောင်မြင်နေတယ်။ KNU၊ KIA ဘက်ကလည်း အတော်လေးကို အောင်မြင်နေတယ်ဆိုတော့ ကျနော်တို့ ပြည်သူတွေကလည်း ကျနော်တို့အပေါ်ကို အများကြီး မျှော်လင့်ထားတယ်ပေါ့နော်။  

ကျနော်လည်း ပြည်သူလူထုတွေနဲ့ ထိတွေ့၊ စည်းရုံးရေးဆင်းတော့ ပြည်သူတွေလည်း ကျနော်တို့ကို မေးပါတယ်။ ကျနော်တို့ သူများတွေလိုမျိုး ဘယ်တော့လုပ်နိုင်မလဲ ဆိုတာ၊ သူများတွေလို ဘယ်တော့ အောင်မြင်ကြမလဲ ဆိုတာကို မေးကြတယ်။  ပြည်သူကမျှော်လင့်တာကတော့ သူများတွေလို 

လုပ်နိုင်သလောက် လုပ်နိုင်ဖို့ပေါ့နော်။ အဲ့ဒါ သူတို့ရဲ့ မျှော်လင့်ချက်ပါပဲ။ 

ကျနော်တို့ကလည်း မျှော်လင့်တာတွေ၊ လုပ်ချင်တာတွေ အများကြီးပါ။ အခြေအနေတွေ အကြောင်းကြောင်းကြောင့် မလုပ်နိုင်ခဲ့ဘူး။ တစ်ခုတည်းသော တပ်တော်ဖြစ်လာမှ ကျနော်တို့ မွန်ပြည်သူတွေ လိုလားနေတဲ့ အထူးသဖြင့် မွန်ပြည်သူတွေကို ဒုက္ခပေးနေတဲ့ စကစနဲ့ အပေါင်းအပါတွေကို ကျနော်တို့ မွန်ပြည်နယ်ကနေ တိုက်ထုတ်နိုင်ဖို့  အလားအလာ ပိုကောင်းလာမယ်။ 

နောက်တစ်ခုအနေနဲ့ တောင့်တင်းခိုင်မာတဲ့ မွန်တပ်တော်တစ်ခုဖြစ်လာရင် တခြားတော်လှန်ရေးတပ်တွေ နည်းတူ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေကို ပေါ်လာဖို့ရှိတယ်။ ဒါပေမယ့် လောလောဆယ်က ထင်သလောက်တော့ မလွယ်ပါဘူး။ ကျနော်တို့ လုပ်စရာ အများကြီးရှိပါတယ်။ မွန်ပြည်သူ လူထုတွေလည်း ကျနော်တို့ကို တတ်နိုင်သလောက် ကူညီကြပါ။ ပြည်သူထောက်ခံမှုမရှိတဲ့ တော်လှန်ရေး.. ဘယ်တော်လှန်ရေးမှ မအောင်မြင်ပါဘူး။ ဒါကြောင့် ကျနော်တို့ဘက်က တပ်တော်တစ်ခု ဖြစ်လာသည့်တိုင်အောင် တကယ်လို့ ပြည်သူတွေက မထောက်ခံရင် ကျနော်တို့ အောင်မြင်ဖို့ အရမ်းခဲယဉ်းပါတယ်။ ပြည်သူလူထုနဲ့ တစ်ခုတည်းသော မွန်တပ်တော်တို့ ပူးပေါင်းပြီးတော့ လက်တွဲကူညီရင်း၊ ချိတ်ဆက်ပြီးတော့ အတိုင်အဖောက်ညီညီ ကြိုးစားလုပ်ဆောင်ကြရင်တော့ ကျနော်တို့ မွန်လူထုတွေ လိုလားနေတဲ့ အကျိုးရလဒ်တွေ အများကြီး ပေါ်လာလိမ့်မယ်လို့ ကျနော်ကတော့ ယူဆပါတယ်။

0 Shares:
You May Also Like
Read More

၁၆ ပေါင်ခန့်လေးသည့် စနိုက်ပါကို ထမ်းပြီး အမျိုးသားများနှင့်တန်းတူ တိုက်ပွဲဝင်နေသည့် ရဲဘော် မိကောက် (ရုပ်/သံ)

၁၆ ပေါင်ခန့်လေးတဲ့ စနိုက်ပါထမ်းပြီး ယောက်ျားလေးတွေနဲ့ တန်းတူတိုက်ပွဲဝင်နေတဲ့ ရဲဘော် မိကောက်ရဲ့ လူငယ်ဘဝကို စွန့်ပြီး တောထဲ ဖြတ်သန်းနေရတဲ့ ဘဝတစ်စိတ်တစ်ပိုင်းအကြောင်းကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ မှာ မှတ်တမ်းရုပ်သံအဖြစ် ထုတ်ပြန်ခဲ့ပါတယ်။
Read More

ကရင်ပြည်နယ်၊ ဗျူဟာစခန်းသိမ်းတိုက်ပွဲတစ်ခုမှာ လက်နက်ချခဲ့တဲ့ ဦးစီးအရာရှိ တတိယတန်း (G-3) တပ်​ထောက် ဗိုလ်ကြီး ရှိုင်းထက်​အောင် (ရုပ်/သံ)

''လက်နက်ချအညံ့ခံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကနေ ကျနော်တို့ ဒီလိုလုပ်ခဲ့တဲ့ လုပ်ရပ်ကို တပ်မတော်အပေါ် သစ္စာဖောက်တယ်လို့ သတ်မှတ်တယ်ပေါ့။ ကျနော်တို့ အဓိက သစ္စာစောင့်သိရမှာက ကျနော်တို့ ပြည်သူလူထုရဲ့အပေါ်ကိုပဲ သစ္စာစောင့်သိရမှာပေါ့နော်။ ကျနော်တို့ ဒီလိုလက်နက်ချအညံ့ခံပြီးတဲ့နောက်မှာ ကျနော်တို့ ဒီဘက်က ပြည်သူလူထုကလည်း နွေးထွေးစွာ ကြိုဆိုတယ်။ အဲ့အတွက်ကြောင့်မို့လို ကျနော်တို့ ဒီလိုလုပ်ခဲ့တဲ့ ရွေးခဲ့တဲ့ လမ်းကတော့ ကျနော့်အနေနဲ့ကတော့ မမှားဘူးလို့ ထင်ပါတယ်''
Read More

အမ်း-ပဒါန်း စစ်မြေပြင်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ အာရက္ခတပ်တော်ထံသို့ အလင်းဝင်ရောက်လာသည့် ကိုယ်ပိုင်အမှတ် – ပစ/၁၃၄၉၈၁ တပ်သား နေလင်းအောင်၏ ထွက်ဆိုချက်ရုပ်သံဖိုင် ထုတ်ပြန်ချက်

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ်တွေကို ရှေ့တန်းမှာ အဓိက တိုက်ခိုက်ခိုင်းပြီး နောက်ပြန်ဆုတ်ရင် အရာရှိတွေက ပစ်သတ်တဲ့အကြောင်း ပစတပ်သား နေလင်းအောင်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 
Read More

ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများ ပြောပြသည့် တပ်တွင်းအခြေအနေအများ (ရုပ်/သံ)

“(တပ်ထဲမှာ) အထက်အရာရှိတွေက အောက်လက်ကို သိပ်မကြည့်ကြဘူး။ သူတို့အတွက်ပဲ သူတို့ ကြည့်နေတယ်။ သူတို့ရ ပြီးရော၊ သူတို့ စားရပြီးရော။ လစာထဲကနေ ဘယ်လိုဖြတ်ရမလဲ။ ဘယ်လိုတောက်ရမလဲ။ ဘယ်လိုခေါင်းစဥ်နဲ့ ဘယ်လိုတပ်ပြီး ဘယ်လိုဖြတ်ရမလဲပဲ စဥ်းစားနေကြတယ်၊ သူတို့ခေါင်းထဲ ရိုက်သွင်းထားတဲ့ ပုံစံနဲ့ အခုလက်ရှိ ကျနော် တွေ့ကြုံရတဲ့ပုံစံနဲ့ ကွာဟမှုဖြစ်နေတယ်”
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- ဇင်မျိုးအောင်၏ ပြောကြားချက် (ရုပ်သံ)

''လွတ်လပ်ချင်လို့၊ လက်နက်ကိုင်မဖြစ်ချင်လို့။ တစ်ယောက်နဲ့ တစ်ယောက်ပစ်ခတ်တိုက်ခိုက်နေတာ မလုပ်ချင်လို့ပေါ့။ အလင်းဝင်ခဲ့တာပါ''
Read More

ဓမ္မကို လိုချင်လို့ လက်နက်စွဲကိုင်နေတဲ့ အမျိုးသမီး သို့မဟုတ် ရဲဘော် မိုင်းမိုင်း (ရုပ်/သံ)

နွေဦးတော်လှန်ရေးမှာ အမျိုးသမီးထုရဲ့ အခန်းကဏ္ဍကလည်း အရေးပါတဲ့နေရာမှာ ရှိနေပါတယ်။ နောက်တန်းကနေ အားဖြည့်ပေးသူတွေရှိသလို ရှေ့တန်းအထိ တက်တိုက်နေတဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။