စစ်ကောင်စီက သူ့ရဲ့ အစိုးရအဖွဲ့ဝင်တွေကို ကျန်ရှိနေသေးတဲ့ စစ်တွေမြို့ကို စေလွှတ်ပြီး စစ်ကောင်စီတပ်တွေနဲ့ Non-CDM ဝန်ထမ်းတွေ စိတ်ဓာတ်မကျအောင် စည်းရုံးရေး လုပ်ဆောင်နေမှုတွေကို စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။  

ရခိုင်ပြည်နယ်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီဟာ သူ့အစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားတွေကို ချိန်သားကိုက်စေလွှတ်ပြီး စည်းရုံးရေးဆင်းခိုင်းတာလည်း ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီ အကြံပေးအဖွဲ့ဝင်ဖြစ်တဲ့  ယခင် ရခိုင်အမျိုးသားပါတီ ANP ထိပ်ပိုင်းခေါင်းဟောင်းဖြစ်သူ ဒေါ်အေးနုစိန် အပါအဝင်  ပြည်ထောင်စု ဒုဝန်ကြီးတွေဖြစ်တဲ့ ဦးဇော်အေးမောင်နဲ့ ဒေါ်နုမြဇံတို့ စစ်တွေမြို့ကို ရောက်လာပြီး စစ်ကောင်စီထိန်းချုပ်ရာ ဌာနဆိုင်ရာတွေအထိ သွားရောက်အားပေး နှစ်သိမ့်မှုတချို့ ပြုလုပ်လျက်ရှိပါတယ်။

စစ်တွေကိုရောက်ရှိနေတဲ့ စစ်ကောင်စီ အစိုးရအဖွဲ့ဝင်တွေဟာ ရခိုင်တိုင်းရင်းသားအများစုဖြစ်ပြီး ရခိုင်တိုင်းရင်းသားအချင်းချင်း ပြန်လည်စည်းရုံးဖို့ စစ်ကောင်စီဘက်က အားထုတ်လုပ်ဆောင်လာတာပါ။

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေကို ဆက်လက်ထိန်းချုပ်နိုင်ဖို့ ဝန်ထမ်းတွေနဲ့ လုံခြုံရေးတာဝန်ရှိသူတွေကို အဓိက စည်းရုံးဖို့ စေလွှတ်တာဖြစ်ပြီး စစ်တွေမြို့ဟာ AA ရဲ့ဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်မှုတွေနဲ့လည်း ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

Non-CDM ဝန်ထမ်းတွေနဲ့ စကစဝန်ကြီးတွေ လာရောက်တွေ့ဆုံစဉ် (ဓာတ်ပုံ စကစဝန်ကြီးဌာန)

စစ်တွေမြို့က ငွေကြေးပြည့်စုံသူတချို့ကတော့  ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက စစ်ရိပ်စစ်ငွေ့သန်းနေတာကြောင့် မြို့ကိုစွန့်ခွာပြီး ရန်ကုန်နဲ့ မန္တလေးလိုနေရာတွေကို ကြိုတင်စစ်ဘေးရှောင်ထားကြပြီ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အစိုးရအဖွဲ့ဝင်တွေဟာ စစ်ကောင်စီတပ်ဖွဲ့နဲ့ အစိုးရဝန်ထမ်းတွေအပြင် ရခိုင်တိုင်းရင်းသားယဉ်ကျေးမှုနဲ့ စာပေအဖွဲ့အစည်းတွေ၊ မြို့ခံလူမှုရေးအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံကာ စည်းရုံးမှုတချို့ ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ် မောင်တောဒေသက ခံစစ် အကြီးအကျယ်ပြင်ဆင်ထားတဲ့ နမခ-၅ တိုက်ပွဲမှာ စစ်ကောင်စီဟာ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီး ရာနဲ့ချီသေဆုံးခဲ့မှုတွေကြောင့် ကျန်ရှိနေသေးတဲ့ စစ်တွေနဲ့ ကျောက်ဖြူဒေသက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အကြီးအကျယ်တုန်လှုပ်နေတယ်လို့ တပ်တွင်းသတင်းတွေကို အခြေခံပြီး CDM ဗိုလ်ကြီးတချို့က ပြောကြားထားပါတယ်။

တဆက်တည်းမှာပဲ ရခိုင်ပြည်နယ်နဲ့  ပဲခူးတိုင်းအနောက်ခြမ်း နယ်စပ်မြို့ဖြစ်တဲ့ တောင်ကုတ်မြို့ က တပ်စခန်းတွေကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ Non-CDM ဝန်ထမ်းတွေဟာ ကြောက်ရွံ့တုန်လှုပ်မှုတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။

ဒါ့ကြောင့် စိတ်ဓာတ် ပျက်ပြားနေပြီး  ကြောက်လန့်နေတဲ့ စစ်တွေမြို့က ဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီက စိတ်ဓာတ်စစ်ဆင်ရေးပုံစံမျိုးနဲ့ လုပ်ဆောင်လာခြင်း ဖြစ်ပါတယ်။  

ရခိုင်ပြည်နယ် မောင်တောဒေသက အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ – ၅) ကို ဒီဇင်ဘာ ၈ ရက်နေ့မှာ AA က အပြီးသတ်သိမ်းပိုက်ပြီး အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း အပါအဝင် စစ်သုံ့ပန်း အများအပြားကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

AA ရုပ်သံမှာ တွေ့ရတဲ့ မီးလောင်ကျွမ်းနေတဲ့ အမ်း နပခ အဆောက်အအုံ

နခခ (၅) သိမ်းပိုက်ခံရပြီး စစ်ကောင်စီတပ်သား အများအပြားဖမ်းဆီးခံရသလို ရာနဲ့ချီသေဆုံးမှုတွေ ရှိခဲ့တာကြောင့်   တယ်လီဂရမ်လူမှုကွန်ရက်ပေါ်မှာ စစ်ခေါင်းဆောင်ကို ဝေဖန်ပြစ်တင်ရေးသားမှုတွေ အထိတပ်ထောက်ခံသူတွေဘက်က ရေးသားမှုတွေရှိခဲ့တာပါ။ 

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့က အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ လက်ရှိကြုံနေရတဲ့ အခြေအနေတွေကို ဘယ်လိုထိန်းချုပ်မလဲဆိုတာကို စောင့်ကြည့်ဖို့ လိုတယ်လို့ လက်ရှိရခိုင့်အရေးနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။

တဆက်တည်းမှာပဲ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားပြီး  နပခ ကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA အနေနဲ့ သိမ်းပိုက်ရရှိသွားမယ်ဆိုရင် စစ်ကောင်စီဟာ ရှမ်းမြောက် လားရှိုးက စစ်ဌာနချုပ်အပြီး ဒုတိယမြောက် လက်လွှတ်လိုက်ရတဲ့ စစ်ဌာနချုပ်အဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်း AA က အမ်းမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင်၊ လက်နက်ချတဲ့ ရုပ်သံတွေကို ဆက်တိုက်ထုတ်ပြန်နေပြီး ရုပ်သံတွေထဲမှာ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ အဆောက်အအုံတချို့  မီးလောင်ပျက်စီးနေတဲ့ မှတ်တမ်းတွေကိုလည်း ထုတ်ပြန်လာပါတယ်။

AA ရုပ်သံမှတ်တမ်းမှာ တွေ့ရတဲ့ အလံဖြူထောင် သုံ့ပန်းများ

ဒီလိုရုပ်သံမှတ်တမ်းတွေကို ဆက်တိုက်ထုတ်ပြန်နေခြင်းက AA တိုက်ခိုက်သိမ်းပိုက်ဖို့ ကျန်ရှိနေတဲ့ ကျောက်ဖြူနဲ့ စစ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သတင်းစကားပေးဖို့ ရည်ရွယ်တာလို့လည်း စစ်ရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ AA ဟာ ရည်ရွယ်ချက်ရှိရှိ ရုပ်သံမှတ်တမ်းတွေကို ထုတ်ပြန်နေတာဖြစ်ပြီး မြို့တော် စစ်တွေနဲ့ ကျောက်ဖြူ မကျဖို့ စစ်ကောင်စီမှာ ခိုင်မာသေချာတဲ့ အစီအစဉ်တွေ မရှိသေးဘူးလို့ ဝေဖန်ထားပါတယ်။

မောင်တောနဲ့ အမ်းမှာ တိုင်းစစ်ဦးစီးချုပ်နဲ့ ဗိုလ်မှူးအဆင့်တွေ သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတာ၊ သေဆုံးမှုတွေ အပါအဝင် တောင်ကုတ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တောလမ်းအတိုင်း ထွက်ပြေးတိမ်းရှောင်နေရတာကြောင့်  စစ်တွေနဲ့ ကျောက်ဖြူက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ  အထက်က ညွှန်ကြားနေတဲ့ စစ်ကောင်စီ လူကြီးတွေကို အယုံအကြည်မရှိတော့ဘူးလို့လည်း ဝေဖန်ပြောဆိုမှုတွေ ရှိနေပါပြီ။

ရခိုင့်တပ်တော် AA ဟာ ချင်းပြည်နယ်က ပလက်၀ဒေသ အပါအဝင် မြို့ပေါင်း ၁၇မြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားပြီး ဂွမြို့နဲ့ အမ်းက အနောက်ပိုင်းစစ်ဌာနချုပ်ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

မတ္တရာ၊ စဥ့်ကူးနှင့် သပိတ်ကျင်းတွင် တနေ့တခြား စစ်ရေး ပိုမိုပြင်းထန်လာသည့်အတွက် ပြည်သူများ သတိပြုရန် MDY PDF အသိပေး

မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေဟာ အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ဖို့ လျာထားတဲ့ မြို့နယ်စာရင်းထဲမှာ ပါဝင်နေတဲ့အတွက် စစ်ကော်မရှင်တပ်က အဆိုပါ မြို့နယ်တွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။
Read More

မွန်တော်လှန်ရေးတပ်များ ပါဝင်သည့် ရာမညပူးတွဲစစ်ကြောင်း ရုတ်သိမ်းထား

မွန်လက်ကိုင်တော်လှန်ရေး ၄ဖွဲ့ပူးပေါင်းပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမယ်လို့ ကြေညာခဲ့တဲ့ ရာမညပူးတွဲစစ်ကြောင်းဟာ ၄လ သက်တမ်းကုန်ပြီးတဲ့နောက် ပူးတွဲစစ်ကြောင်းကို ခေတ္တ ရုတ်သိမ်းထားတယ်လို့ မွန်တော်လှန်ရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။ 
Read More

မြန်မာနိုင်ငံဆိုင်ရာ သက်ဆိုင်သူအားလုံး ပါဝင်သည့် အစည်းအဝေး NLD  တက်ရောက်မည် မဟုတ်၊ အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု မပါဘဲ ပြေလည်ရေးလမ်းစ မရရှိနိုင်ဟု ဆို

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ သြဂုတ်လ ၄ ရက်ကနေ ၇ ရက်နေ့အထိ မြန်မာနိုင်ငံဆိုင်ရာ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ အစည်းအဝေး (STAKEHOLDERS ENGAGEMENT MEETING ON MYANMAR- SEM) ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) က တက်ရောက်မှာ မဟုတ်သလို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမပါဝင်ဘဲ ပြေလည်ရေးလမ်းစ မရရှိနိုင်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
Read More

အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ် နောင်ချိုမြို့နယ်၊ နောင်တောကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ပြည်သူလူထု နေထိုင်ရာ နောင်တောကျေးရွာအတွင်း စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)/ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နတ်ရေကန် ဗျူဟာကုန်း ကာကင်းစခန်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော်၏ စျာပန အမိန့်ပြန်တမ်း CDF-Asho ထုတ်ပြန်

မကွေးတိုင်း၊ ငဖဲမြို့နယ်အနောက်ခြမ်းက နတ်ရေကန် ကာကင်းစခန်းတိုက်ပွဲမှာ တပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့ကြောင်း Chin Defense Force (Asho) က အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ပွဲ အခမ်းအနား

PEOPLE'S LIBERATION FORCE ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၂ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။