စစ်ကောင်စီက သူတို့ လေတပ်ကထုတ်လုပ်တဲ့ ကင်းထောက်လေယာဉ် အမျိုးအစားနှစ်ခုကို ထုတ်ဖော်ပြသလိုက်ပြီး လေကြောင်းစွမ်းအားကို စစ်ပွဲတွေမှာ ပိုမိုအသုံးပြုရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီရဲ့ လေတပ်က တီတွင်တယ်လို့ ပြောတဲ့ MTX-1A နဲ့  MTX-1B လေယာဉ်တွေကို မနေ့က ဒီဇင်ဘာ ၁၅ ရက်နေ့မှာ မင်းအောင်လှိုင်ကိုယ်တိုင် တပ်တော်ဝင်ပေးခဲ့တာဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အသုံးပြုသွားမယ့်သဘော ရှိနေပါတယ်။

“လေကြောင်းစွမ်းအား သာလွန်ကောင်းမွန်ရင် ရန်သူအပေါ် လွှမ်းမိုးထိန်းချုပ်ချေမှုန်းနိုင်ပြီး မိမိတပ်ဖွဲ့တွေရဲ့ စိတ်ဓာတ်နဲ့ တိုက်စွမ်းရည် ပိုမိုအား ကောင်း တိုးတက်စေတာကို သိသာထင်ရှားစွာ တွေ့မြင်နေရပါတယ်”လို့ မင်းအောင်လှိုင်က ဆိုပါတယ်။ 

MTX-1A လေယာဉ်ကို ၂၀၂၁ ခုနှစ်၊ မတ် ၂၅ ရက်မှာ အောင်မြင်စွာစမ်းသပ်ပျံသန်းနိုင်ခဲ့သလို MTX-1B ကို  ၂၀၂၄ ခုနှစ်၊ မတ်လမှာ စမ်းသပ်ပျံသန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တပ်မတော် (လေ) ၏ ဖွဲ့စည်းတည်ထောင်မှု (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားနှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားသို့ တက်ရောက်လာသည့် အကြမ်းဖက် မင်းအောင်လှိုင် (ဓာတ်ပုံ စကစ ပြန်ကြားရေး)

အာဏာသိမ်းစစ်တပ်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လေယာဉ်၊ ရဟတ်ယာဉ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေကြောင့် အမြောက်အမြားဆုံးရှုံးခဲ့ရပြီး ပြန်လည်ဖြည့်တင်းဝယ်ယူမှု တချို့ပြုလုပ်လျက်ရှိနေပါတယ်။

စစ်ကောင်စီဟာ ဖိုက်တာဂျက်လေယာဉ်တွေရဲ့ ကုန်ကျစရိတ်မြင့်မားမှုကြောင့် နောက်ပိုင်း တိုင်းရင်းသားဒေသတွေမှာ Y-8 လို ကုန်တင်လေယာဉ်တွေကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကရင်နီ၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ စစ်ကောင်စီလေတပ်ရဲ့ ရဟတ်ယာဉ်နဲ့ လေယာဉ်တချို့ ပစ်ခတ်ခံရလို့ ပျက်ကျမှုတွေလည်း အမြောက်အမြားရှိခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ချင်းပြည်နယ်မှာ AA တပ်ဖွဲ့ဝင်များ၏ ပစ်ချခံခဲ့ရသည့် စကစ ရဟတ်ယာဉ်နှင့် AA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ AA Info Desk)

တဆက်တည်းမှာပဲ စစ်ကောင်စီရဲ့ အမောင်းသင်လေယာဉ်တွေ၊ ထောက်ပို့လေယာဉ်တချို့ဟာ ရာသီဥတုဆိုးရွားမှု ၊ စက်ချို့ယွင်းမှုတွေကြောင့် မန္တလေးနဲ့ မကွေးတိုင်းဒေသတွေမှာ ပျက်ကျခဲ့မှု တချို့လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

စစ်ကောင်စီက ဒီဇင်ဘာ ၁၅ ရက် မနေ့က တပ်တော်ဝင်တဲ့ လေယာဉ်တွေထဲမှာ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ လေယာဉ်တွေ အတွက် ရဟတ်ယာဉ်၊ တိုက်ခိုက်ရေးနဲ့ ကုန်တင်လေယာဉ် အပါအဝင် စုစုပေါင်း ၈စီးကို ပြန်လည် အစားထိုးတပ်တော်ဝင်ခဲ့တယ်လို့ သိရပါတယ်။

ကိုယ်တိုင်ထုတ်လုပ်တဲ့ လေယာဉ်တွေအပြင် တခြားလေယာဉ်တွေဟာ တရုတ်နိုင်ငံကနေ အဓိက ဝယ်ယူတင်သွင်းလာတာလို့ စစ်ရေးအကဲခတ်တွေက ဆိုပါတယ်။

လတ်တလောမှာ စစ်ကောင်စီကို လေကြောင်းအတွက် အဓိက ပံ့ပိုးနေတဲ့ တရုတ်အစိုးရပိုင် AVIC ကို ဆန့်ကျင်သပိတ်မှောက်ဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက လှုပ်ရှားမှုတချို့ကို ဆက်တိုက်ပြုလုပ်နေကြပါတယ်။ 

ဒါအပြင် နိုင်ငံတကာကလည်း စစ်ကောင်စီကို လေယာဉ်ဆီတွေ မရောင်းချဖို့ တိုက်တွန်းပြောဆိုမှုတွေပြုလုပ်ထားပြီး အရေးယူပိတ်ဆို့မှုတွေလည်း ဆက်တိုက် လုပ်ဆောင်လျက်ရှိနေပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်နေ့တွင် Eurocopter-356 တစ်စီးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် ပူးပေါင်းတပ်ဖွဲ့များက ကရင်ပြည်နယ်တွင် ပစ်ချခဲ့စဉ် (ဓာတ်ပုံ Karen Information Center)
0 Shares:
You May Also Like
Read More

မြို့သစ်မြို့နယ်တွင် ခလရ ၂၂၈ တပ်ရင်းမှ အပတ်စဉ် ၁ စစ်မှုထမ်းဆင်း တပ်သားသစ် ၁ ဦး အလင်းဝင်…

မကွေးတိုင်း၊ မြို့သစ်မြို့နယ်မှာ ခလရ ၂၂၈ တပ်ရင်းက အပတ်စဉ် ၁ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၁ ယောက် အလင်းဝင်ရောက်လာခဲ့တယ်လို့ တမူးခရိုင် ၊ အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာရဲစခန်းအချုပ်မှာ LGBT နိုင်ကျဉ်း ၁ ယောက် ဆေးရုံတက်ရောက်ကုသခွင့်မရလို့ ရောဂါပြင်းထန်စွာနဲ့ ကျဆုံးခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မရဲစခန်းအချုပ်မှာ  LGBT လိင်စိတ်ခံယူထားသူ နိုင်ငံရေးအကျဉ်းသား ဘုံဘုံ ဟာ ကျောက်ကပ်ရောဂါနဲ့ အတွင်းအကြောတက်ခြင်းဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရပြီး ရဲစခန်းအချုပ်အတွင်းမှာပဲ ဒီဇင်ဘာလ(၂၅)ရက်မှာ ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
Read More

Simple Blogမြိုင်မှာ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် တော်လှန်ရေးရဲဘော်ရဲ့ စျာပနအခမ်းအနား

စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ မကွေးတိုင်းအခြေစိုက် Earthquake People's Defence Force ရဲ့ တပ်စိတ်မှုး ရဲဘော် အသေးလေး ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထီးလင်းမှာ အများပြည်သူ အိပ်မောကျနေချိန် စစ်ကောင်စီတပ် လေကြောင်းပစ်ခတ်တိုက်ခိုက်၊ ကျောင်းသူ ၂ ဦးအပါ ၄ ဦးသေဆုံး

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အလယ်ဘန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အများပြည်သူ အိပ်မောကျနေချိန်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ကျောင်းသူ ၂ ယောက်အပါအဝင် အရပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ အခုတစ်ပတ်အတွင်း စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ပွဲ ၁၄ ကြိမ် ဖြစ်ပွား၊ စစ်ကောင်စီတပ်သား (၇၃) ယောက် သေဆုံး…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ ၁၄ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား (၇၃) ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန PDF တပ်ရင်း (၈၀၈) မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်းအမှတ် (၈၀၈) က မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။