ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီး ဟန်ပြတားမြစ်မှုတွေ၊ သတိပေးမှုတွေ ရှိနေပေမယ့် မြေပြင်မှာတော့ ဒီရာဇဝတ်လုပ်ငန်းတွေဟာ အရှိန်ကောင်းကောင်းနဲ့ ဆက်လက်လည်ပတ်နေဆဲ ဖြစ်ပါတယ်။

လောင်းကစားမြို့တော်လို့ ခေါ်ကြတဲ့ ရွှေကုက္ကိုဒေသအပါအဝင် မြဝတီမြို့နယ်ထဲမှာ ငွေလိမ်ဂိုဏ်းတွေရဲ့ တိုက်တာအဆောက်အအုံတွေကလည်း နေ့စဉ်နဲ့အမျှ ထိုးထိုးထောင်ထောင် ပေါ်ထွက်လာနေပါတယ်။ မြဝတီမြို့ အနီးတဝိုက်နဲ့ BGF စိုးမိုးဒေသတွေမှာ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူတွေ ပိုင်ဆိုင်တဲ့မြေယာတွေကို ဈေးကောင်းပေးဝယ်ပြီး ကာစီနိုရုံတွေ အမြောက်အမြား ဆောက်လုပ်နေကြတယ်လို့ သိရပါတယ်။

မြန်မာပြည်တွင်းမှာ အာဏာသိမ်းစစ်ကောင်စီက တရားမဝင် ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေဟာ ကိုယ့်အရပ်ဒေသမှာ ဆက်လက်နေထိုင်လို့မရတော့ဘဲ နယ်စပ်ဒေသတွေကို တိမ်းရှောင်ရင်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ကာစီနိုရုံတွေဆီ ရောက်ကုန်တာမျိုးလည်း ရှိနေပါတယ်။ ဒါ့အပြင် ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကလည်း လူငယ်တွေကို ဒီလိုနေရာတွေဆီ ရောက်ဖို့ တွန်းပို့နေတာပါ။၏

အဲဒီဒေသတွေမှာ လောင်းကစားရုံတွေကို ပိတ်ခိုင်းတယ်လို့ အသံကောင်းလွှင့်တာတွေ ရှိပေမယ့် တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေက မြေယာတွေ ထပ်မံဝယ်ယူ တိုးချဲ့ဆောက်လုပ်တာတွေ များလာပြီး လုံခြုံရေးအထပ်ထပ်ချကာ လောင်းကစားအပြင် ကျားဖြန့်လို့ ခေါ်ကြတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကိုးကန့်ဘက်ကနေ မြဝတီဘက်ကို ပြေးလာတဲ့ ကျားဖြန့်ဂိုဏ်းတွေကို ကရင်နယ်ခြားစောင့်တပ် BGF တွေက လက်ခံပြီး အဆောက်အအုံသစ်တွေ ဆောက်လုပ်နေတယ်လို့ ကမ္ဘာ့မီဒီယာတချို့မှာ ဖော်ပြကြပါတယ်။

အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေတဲ့ ကျားဖြန့်သမားတွေ အခု ၂ဝ၂၄ ခုနှစ် မေလ ၁ရက်ကနေ အောက်တိုဘာ ၃၁ရက်အတွင်း နောက်ဆုံးထားပြီး မြဝတီမြို့ကနေ ထွက်သွားဖို့ စောချစ်သူဦးဆောင်တဲ့ BGF က အမိန့်ုထုတ်ပြန်ခဲ့ပေမယ့် မျက်မြင်ရလဒ်ကတော့ ငွေလိမ်ဂိုဏ်းအဆောက်အအုံတွေ ပိုမိုတိုးပွားလာနေတာပဲ ဖြစ်ပါတယ်။

“ကွန်ပျူတာကျွမ်းကျင်အဆင့်ရှိတဲ့ မြန်မာလူငယ်တွေကို အလုပ်မှ လစာကောင်းကောင်းပေး ခန့်တယ်။ အနိမ့်ဆုံးလစာ ထိုင်းဘတ်ငွေ ၈ထောင်ကျပ်ကနေ ထိုင်းဘတ်ငွေ ၂သောင်းကျော်အထိ လစာကောင်းကောင်းကို မက်လုံးပေးထားတယ်။ အိုဗာတိုင်ကြေးလည်း ကောင်းကောင်းပေးထားတယ်” လို့ ကာစီနိုရုံမှာ အလုပ်လုပ်ခဲ့ဖူးသူတစ်ယောက်က ပြောပါတယ်။

ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ ကျက်စားရာ ရွှေကုက္ကိုဒေသက အဆောက်အဦတချို့

အမေရိကန်အစိုးရ ကျောထောက်နောက်ခံ United States Institute of Peace (USIP) ရဲ့ ဖော်ပြချက်အရ BGF ခေါင်းဆောင် စောချစ်သူဟာ ကျားဖြန့်လုပ်ငန်းကနေ တစ်နှစ် ဒေါ်လာ ၁၉၂ သန်းရတယ်လို့ သိရပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေရဲ့ တစ်နှစ်ဝင်ငွေဟာ ဒေါ်လာ ၃ထရီလီယံ ရှိတယ်လို့လည်း ဆိုပါတယ်။

ကျားဖြန့်လုပ်ငန်းတွေနဲ့ တွဲလျက် ကာစီနိုလောင်းကစားရုံတွေထဲမှာ အလုပ်လုပ်ကိုင်သူတွေအတွက် အပျော်အပါးတွေ များစွာဖန်တီးပေးထားပြီး ရသမျှငွေဟာ အထဲမှာပဲ ပြန်ကုန်ရတယ်လို့ ကာစီနိုရုံမှာ အလုပ်လုပ်ဖူးသူတစ်ယောက်က ပြောပါတယ်။

“အနည်းဆုံးတော့ ၆လကနေ ၁နှစ်ပြည့်အောင် လုပ်ရတယ်။ အလုပ်ရုံထဲမှာ စားစရာသောက်စရာ အပြည့်အစုံနဲ့ ပျော်ရွှင်စရာ မက်မောစရာ အားလုံးရှိတယ်။ ကုန်ကုန်ပြောရရင် မိန်းမတောင် ယူစရာမလိုဘူး။ အလုပ်လာလုပ်တဲ့ လူငယ်အများစုကတော့ အပျော်အပါးမက်တာနဲ့ အလုပ်က ထွက်ခွင့်ရခဲ့ရင်တောင် လမ်းစရိတ်မကျန်ဖြစ်တာတွေ ရှိတယ်။ ပျော်ရွှင်စရာ အကုန်ရသလို ငွေကုန်စရာတွေကလည်း အရမ်းပေါလွန်းတယ်”

ဒီလို မက်မောစရာ အပျော်အပါး များစွာနဲ့ ဆွဲဆောင်ထားတဲ့ ဒုစရိုက်ရပ်ဝန်းကနေ ရုန်းထွက်ချင်တဲ့ လူငယ်တွေရှိပေမယ့် ငွေရေးကြေးရေး၊ လုံခြုံရေး စတဲ့ ချည်နှောင်ထားမှုများစွာနဲ့ အထဲမှာ နေနေရသူတွေလည်း ရှိနေပါတယ်။

“အလုပ်ဝင်ဖို့ အလွယ်တကူဝင်လို့ရတယ်။ အလုပ်ထွက်ဖို့ကတော့ အတော်လေးခက်ခဲတယ်။ ဖေဖော်ဝါရီ လလယ်ပိုင်းလောက်ကတော့ ကာစီနိုရုံတွေ ပိတ်ရမယ်ဆိုပြီး အသံတွေ ထွက်လာသေးတယ်။ အဲဒီအချိန်ကတော့ အလုပ်က အလွယ်တကူ ထွက်လို့ရခဲ့တယ်။ ဘာလို့လဲဆိုတော့ အစစ်အဆေးတွေ ရှိပြီး လူတွေကို ခဏဖျောက်ထားချင်တော့ ယောက်ျားလေးတချို့ အလုပ်ထွက်ရတာ ရှိတယ်။ မိန်းကလေးတွေကတော့ အခုထိ ထွက်လို့မရသေးဘူး။ အလုပ်က ထွက်ပြီဆိုတာနဲ့ ဖြတ်တာတောက်တာတွေနဲ့ ကုန်ရော..” လို့ အလုပ်ထွက်ခွင့်ရခဲ့တဲ့ လူငယ်တစ်ယောက်က ပြောပြပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့ ISP Myanmar ရဲ့ စုဆောင်းရရှိမှု အချက်အလက်တွေအရ ထိုင်းမြန်မာနယ်စပ်တလျှောက်မှာ ကျားဖြန့်လုပ်ငန်းပေါင်း ၅ဝ နီးပါးရှိနေပြီး မြဝတီမြို့မှာ လုပ်ငန်း ၂၅ ခုထက်မနည်း ရှိနေသလို မြန်မာမှာ ကျားဖြန့်လုပ်ငန်းတွေ အမြစ်ပြတ်မယ့်အလားအလာ မတွေ့သေးဘူးလို့ ဆိုထားပါတယ်။

ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ ကျက်စားရာ ရွှေကုက္ကိုဒေသက အဆောက်အဦတချို့

မြဝတီမှာ ကျားဖြန့်ဂိုဏ်းတွေ ရှိနေဆဲ ဖြစ်တယ်ဆိုတာကို ထိုင်းနိုင်ငံဘက်ကလာတဲ့ သတင်းတွေကလည်း အတည်ပြုပေးနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက မြဝတီမြို့မှာ နိုင်ငံ ၉နိုင်ငံက လူကုန်ကူးခံထားရသူ အယောက် ၁ဝဝ ကျော်ကို ကယ်တင်ပေးဖို့ လူကုန်ကူးခံရသူများ ကူညီစောင့်ရှောက်ရေးကွန်ရက်က ထိုင်းရဲတပ်ဖွဲ့ကို အကူအညီတောင်းခဲ့ပြီး အဲ့ဒီလူတွေကို တရုတ်မာဖီးယားဂိုဏ်းတစ်ခုက ဖြားယောင်းပြီး အွန်လိုင်းကျားဖြန့်လုပ်ငန်းတွေမှာ အတင်းအကြပ် ဖိအားပေးစေခိုင်းနေတယ်လို့ ကွန်ရက်က ဖော်ပြထားပါတယ်။

မြဝတီက ငွေလိမ်ဂိုဏ်းတွေနဲ့ လောင်းကစားရုံတွေဆီ StarLink အင်တာနက် ၁၉ ခု သွားပို့ မယ့် မြန်မာလူငယ် ၂ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က မဲဆောက်မှာ ဖမ်းမိခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့သလို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ရက်နေ့တုန်းကလည်း မြဝတီကို လူကုန်ကူးခံရနိုင်တဲ့ တရုတ်နိုင်ငံသား ၅ယောက်ကို မဲဆောက်မှာ ကယ်တင်နိုင်ခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောထားပါတယ်။

ရွှေကုက္ကိုဒေသအပါအဝင် မြဝတီမြို့နယ်မှာ ကျားဖြန့်လုပ်ငန်းတွေအပေါ် ဟန်ပြတားဆီးမှုတွေ ရှိနေပေမယ့် လက်တွေ့မှာ တရုတ်လုပ်ငန်းရှင်တွေက BGF တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး အဆောက်အဦးသစ်တွေ တိုးချဲ့ဆောက်လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံဘက်ခြမ်းမှာရှိနေတဲ့ ကျားဖြန့်လုပ်ငန်းတွေနဲ့ ကာစီနိုလောင်းကစားရုံတွေဟာ လူငယ်တွေအတွက် အလွယ်တကူ ပျက်စီးရာ လမ်းကြောင်းတစ်ခုဖြစ်တယ်လို့ အတွင်းကျကျ သိသူတွေက သတိပေးနေကြပါတယ်။

ဒါပေမယ့် တစ်ဖက်မှာလည်း အာဏာသိမ်းစစ်အုပ်စုရဲ့ ဖိနှိပ်မှုပေါင်းစုံကြောင့် ဒုက္ခရောက်လာတဲ့ လူငယ်လူရွယ်တွေကို မက်မောစရာ မျှော်လင့်ချက်တွေနဲ့ အမျိုးမျိုး ဖြားယောင်းထားတာကြောင့် ကျားဖြန့်နဲ့ ကာစီနိုလုပ်ငန်းခွင်တွေထဲမှာ လူအရေအတွက် တစ်သိန်းကျော်အထိ ရောက်ရှိနေပြီလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံတဝန်း စစ်ကော်မရှင် လက်အောက်ခံများ ပြန်ပေးသမားဆန်ဆန် ဆိုးဆိုးရွားရွား ပေါ်တာဆွဲနေ၊ အချို့နေရာများတွင် လူပြန်ရွေးချင်လျှင် သိန်းရာနှင့်ချီပြီး နေ့ချင်းပေးရ

မတရားစစ်မှုထမ်း အပတ်စဥ်(၁၇) ရောက်ရှိလာချိန်မှာ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီး၊ မြို့ငယ်တချို့မှာ အကြမ်းဖက်စစ်တပ်ကြောင့် လူငယ်လူရွယ် တော်တော်များများ ဆက်လက် ဖမ်းဆီးစုဆောင်းခံနေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ပြည်သူအပေါ် ယုတ်မာရက်စက် သတ်ဖြတ်ကာ လူမျိုးရေး အသုံးချ စစ်မီးမွှေးခဲ့သူ (သို့မဟုတ်) AA ဖမ်းမိလိုက်တဲ့ အကြီးစား ရာဇဝတ်သား စစ်သုံ့ပန်း

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ AA က လက်ရဖမ်းဆီးနိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်းဆိုသူဟာ ရခိုင်ပြည်နယ်မှာ လူမျိုးစုနှစ်ခုအကြား တင်းမာမှုတွေဖြစ်အောင် သွေးခွဲခဲ့သူဖြစ်ပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်သူတွေကို ရက်ရက်စက်စက် ဖမ်းဆီးညှင်းပန်းနှိပ်စက်သူအဖြစ် နာမည်ကြီးသူ ဖြစ်ပါတယ်။
Read More

ပျူစောထီးရွာတွေမှာ အငတ်ဘေးဆိုက်ကြသူများ

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ပြည်သူ့စစ် ကျေးရွာတချို့မှာ အခြေခံစားနပ်ရိက္ခာပြတ်လပ်မှုနဲ့အတူ ဆာလောင်မှုကို တောင့်မခံနိုင်တဲ့ အရပ်သားတွေဟာ တော်လှန်ရေးတပ်တွေရှိရာ နယ်မြေတွေဆီ အားကိုးတကြီးနဲ့ ထွက်ပြေးတိမ်းရှောင်လာနေကြပါတယ်။
Read More

မြန်မာစစ်တပ််က ကျူးလွန်သော ဝမ်းနည်းဖွယ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ

မြန်မာနိုင်ငံမှာ စစ်ကောင်စီက ကျူးလွန်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်မှု သတင်းတွေဟာ ထိတ်လန့်တုန်လှုပ်စရာကောင်းပေမဲ့လည်း အထူးတဆန်းတော့ မဟုတ်နေတော့ပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်း၊ ကုလသမဂ္ဂနဲ့ အာဆီယံတို့အနေနဲ့ ဒီအတွက် သင့်လျော်မယ့် အရေးယူတုံ့ပြန်မှုတွေ လုံးဝ မချမှတ်နိုင်သေးချိန်မှာ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်မဲ့ရုပ်အလောင်းတွေ တောင်လိုပုံလာနေပါတယ်။
Read More

မြန်မာပြည်အလယ်ပိုင်းနဲ့ ပဲခူးအနောက်ခြမ်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ မြို့သိမ်းတိုက်ပွဲများ

မြန်မာပြည်အလယ်ပိုင်းမှာ မြို့ပြအထိ အချိန်မရွေးတိုက်ပွဲတွေဖြစ်လာနိုင်ပြီး မြို့သိမ်းဆိုတဲ့ အခြေအနေအထိ ရှိလာနိုင်ကြောင်း တော်လှန်ရေးအင်အားစုတွေဘက်ကအခုရက်ပိုင်းအတွင်းပြောကြားမှု တွေများပြားလာပါတယ်။
Read More

ဒေါက်တာ တေဇာစန်း ဝေဖန်ထောက်ပြခဲ့သည့် ပကဖ ကိစ္စအပေါ် မြေပြင်တပ်ဖွဲ့ဝင်အချို့ ဘာပြောလဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ တော်လှန်ရေးကာလ ၄နှစ်ကျော်လာချိန်မှာ မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာစန်းက ထောက်ပြပြောဆိုခဲ့ပါတယ်။ လူမှုကွန်ရက်စာမျက်နှာကတဆင့် ဒေါက်တာ တေဇာစန်း ပြောဆိုခဲ့တဲ့ အချက်တွေထဲမှာ ပကဖ နဲ့ ပတ်သက်တဲ့ အချက်လည်း ပါဝင်ခဲ့ပါတယ်။