လာအိုမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေအတွင်း မြန်မာ့အရေးပြဿနာဟာ ခေါင်းစဉ်ကြီးတရပ်ဖြစ်ခဲ့တဲ့အလျှောက် စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် မြန်မာနဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်ဖို့ ထိုင်းဝန်ကြီးချုပ်က ထိပ်သီးအစည်းအဝေးဖွင့်ပွဲနေ့မှာ တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံအနေနဲ့ မြန်မာအရေးအကျပ်အတည်းကို ဖြေရှင်းရေး နည်းလမ်းရှာဖွေဖို့ အာဆီယံ အလွတ်သဘောဆွေးနွေးပွဲတရပ်ကိုလည်း လာမယ့် ဒီဇင်ဘာလမှာ လက်ခံကျင်းပဖို့ ကမ်းလှမ်းထားပါသေးတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ တိုးပွားလာခဲ့ပြီး နိုင်ငံပြည်သူရဲ့ ၃ ပုံ ၁ ပုံခန့်ဟာ လူသားချင်းစာနာမှု အကူအညီတွေ အပူတပြင်းလိုအပ်လျက်ရှိပါတယ်။ အာဏာသိမ်းစစ်ကောင်စီကတော့ တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖက်သမားတွေအဖြစ် သမုတ်ပြီး တွေ့ဆုံဆွေးနွေးဖို့ ငြင်းဆိုထားပါတယ်။
“(မြန်မာပြဿနာကို) စစ်ရေးအရ ဖြေရှင်းလို့မရဘူး ဆိုတဲ့အကြောင်း သက်ဆိုင်သူအားလုံးထံကို အာဆီယံအနေနဲ့ ပူးတွဲသဝဏ်လွှာတခု ပေးပို့သင့်တယ်။ ဆွေးနွေးမှုတွေ စဖို့ အချိန်တန်ပြီ” “ထိုင်းက ကူညီဖို့ အဆင်သင့်ပဲ” လို့ ထိုင်းဝန်ကြီးချုပ် ပတွန်တန် ရှင်နာဝပ်ထရာက အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှာ ပြောပါတယ်။
စစ်ကောင်စီဟာ နိုင်ငံအနှံ့ စစ်ရေးရှုံးနိမ့်မှုတွေ အကြီးအကျယ် ရင်ဆိုင်နေရပြီး ထိန်းချုပ်နယ်မြေတွေ လက်လွတ်နေရတဲ့တိုင် လာမဲ့နှစ်မှာ ရွေးကောက်ပွဲကျင်းပဖို့ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူနေပါတယ်။
အာဆီယံအနေနဲ့ စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အခုအချိန်အထိ ထုတ်ဖော်ပြောဆိုခြင်း အနည်းငယ်သာရှိပါတယ်။ စစ်ကောင်စီဟာ ယခင်အနိုင်ရပါတီ NLD အပါအဝင် ဒါဇင်နဲ့ချီတဲ့ နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်ခြင်း မပြုဘဲ ဖျက်သိမ်ကြောင်း ကြေညာခဲ့သလို အတိုက်အခံတွေနဲ့ နိုင်ငံရေးအကဲခတ်တွေကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို တရားမဝင် အတုအယောင်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် သရော်ထားကြပါတယ်။
ဒါပေမဲ့ ပတွန်တန်ကတော့ “မြန်မာပြည်ဟာ ရွေးကောက်ပွဲနဲ့ ရှေ့ဆက်တိုးလာတာနဲ့အမျှ ပါတီတွေအကြား ဆွေနွေးမှုတွေနဲ့ နိုင်ငံရေးနေရာပေးမှုတွေက ပိုပြီးအရေးကြီးလာတယ်” လို့ ထိုင်းရဲ့ စစ်ကောင်စီရွေးကောက်ပွဲအပေါ် ထောက်ခံမှုကို အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။
အာဆီယံထဲမှာတော့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ၎င်းရဲ့ငြိမ်းချမ်းရေးအစီအစဉ်ဟာ တိုးတက်မှုနည်းနေပြီး၊ အဖွဲ့ဝင်နိုင်ငံတွေထဲမှာလည်း စစ်ကောင်စီကို ဒီထက်ပိုပြီး အကောင်အထည်ဖော်ဆောင်မှုတွေ လုပ်ဆောင်စေလိုသူတွေနဲ့ စစ်ဖြစ်နေတဲ့အဖွဲ့တွေအကြား ဆွေးနွေးပွဲတွေ လုပ်ကြဖို့ တောင်းဆိုသူတွေဆိုပြီး ကွဲပြားနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က ပြောပါတယ်။
“မြန်မာအနေနဲ့ ဘက်ပေါင်းစုံအကြား ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိသင့်တယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ပြီးတော့ အဲဒါကို အားပေးတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ပါပဲ” လို့ Nikorndej က ထိပ်သီးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အာဆီယံထိပ်သီးဆွေးနွေးပွဲကို တက်ရောက်သူတွေထဲမှာ အမေရိကန်နိုင်ငံခြားရေး အန်တိုနီ ဘလင်ကန်ဟာလည်း တဦးအပါအဝင်ဖြစ်ပြီး ၎င်းရဲ့ ခရီးစဉ်မတိုင်မီက အရှေ့အာရှဆိုင်ရာ အမေရိကန်ထိပ်တန်းသံတမန် Daniel Kritenbrink က စစ်ကောင်စီဟာ အကြမ်းဖက်မှုလျှော့ချရေး၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီအတိုက်အခံတွေနဲ့ စကားပြောဆိုဖို့ ကြိုးပမ်းမှုတွေမှာ လုံးဝတိုးတက်မှုမရှိခဲ့ကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ခြင်းမရှိတဲ့ စစ်ဗိုလ်ချုပ်တွေကို အာဆီယံက ၎င်းရဲ့ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ခွင့်တားမြစ်ထားတာကြောင့် စစ်ကောင်စီဟာ ၎င်းရဲ့နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိတဦးကို လာအိုအစည်းအဝေးကို တက်ရောက်ဖို့ စေလွှတ်ခဲ့ပါတယ်။
ယင်းအခြေအနေများအကြား တဖက်သတ်ရွေးကောက်ပွဲ ဖော်ဆောင်ဖို့ စစ်ကောင်စီရဲ့ ကိုယ်ပိုင်လမ်းပြမြေပုံ ၅ရပ် ကို အသိအမှတ်ပြုခြင်း အပါအဝင် အာဆီယံအနေနဲ့ စစ်ကောင်စီရဲ့ တောင်းဆိုချက်တွေကို လိုက်လျောညီထွေ လိုက်လုပ်ဆောင်ဖို့ မသင့်ကြောင်း ထိုင်းသံတမန်ဟောင်း Korbsak Chutikul က သတိပေးထားပါတယ်။
“တရားဝင်မှု” ပုံရိပ်မျိုးဖန်တီးဖို့ နောက်နှစ်မှာ ရွေးကောက်ပွဲကျင်းပလိုတဲ့ မြန်မာ(စစ်ကောင်စီ) ရဲ့ ကိုယ်ပိုင်အစီအစဉ် လမ်းပြမြေပုံငါးရပ်အတိုင်း (အာဆီယံအနေနဲ့) အလိုက်သင့် လိုက်ပါမသွားဖို့ ဂရုတစိုက်ဆောင်ရွက်ရမှာ ဖြစ်တယ်” လို့လည်း Korbsak က ဆက်ပြောပါတယ်။
