ပဲခူးနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ အတုအယောင်ရွေးကောက်ပွဲအတွက် မဲပစ္စည်းတွေ ပို့ဆောင်တဲ့ စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ KNU တပ်မဟာ(၂) ၊ တပ်ရင်း(၅)၊ ကမ်းနီကြားဒေသ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
ဒါ့အပြင် စစ်အုပ်စု စစ်ကြောင်းဝင်ရောက်လာတိုင်း အရပ်သားတွေကို လူသားဒိုင်းလုပ် ဖမ်းဆီးပြီး လိုရာရောက်အောင်သွားတတ်တာကြောင့် အရပ်သားတွေ အထူးသတိပြု တိမ်းရှောင်စေချင်တယ်လို့ သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ရက်နေ့ မနက်အစောပိုင်းကစလို့ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အခြေစိုက်၊ ၆၀၄ တပ်ရင်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ တောင်ငူ-လိပ်သိုလမ်းပိုင်းအတိုင်း ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းက လိပ်သိုမြို့ဆီ မဲရုံပစ္စည်းတွေ သွားရောက်ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီစစ်ကြောင်းကို ၆၀၃ တပ်ရင်းက လာရောက်ကြိုဆိုခဲ့ပြီး မဲရုံပစ္စည်းတွေပို့ဆောင်ပြီးလို့ ပြန်ဆင်းလာချိန်မှာ ထုံးဘိုကြီးကျေးရွာအတွင်း တစ်ပက်ကြာနေထိုင်ရင်း ဆက်လက်ထွက်ခွာလာခဲ့ကြောင်း၊ အဲဒီနောက် လမ်းတလျှောက်ကျေးရွာတွေဖြစ်တဲ့ ထိုးဝချောင်း၊ မလွှကုန်း၊ မွန်ကုန်း စတဲ့ ကျေးရွာတွေမှာ ဖြတ်သန်းသွားလာတဲ့ အရပ်သား အမျိုးသား အမျိုးသမီးတွေကို လူသားဒိုင်းဖမ်းဆီးလာခဲ့ကြောင်း သိရပါတယ်။
အဲဒီနောက်မှာတော့ စစ်ကြောင်းဟာ ကျောက်လုံးကြီးစခန်းကို ရောက်ရှိခဲ့ပြီး တညအိပ်ကာ ဖမ်းဆီးထားတဲ့ လူသားဒိုင်း ဓားစာခံတွေပြန်လွှတ်ပေးရင်း ဆက်လက်ထွက်ခွာလာရာ ကမ်းနီဒေသ၊ ပိန္နဲပင်ရွာအနီးမှာ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။
“ဒိုင်းကာလုပ်ပြီးခေါ်လာတဲ့ ရွာသားတွေကို ကျောက်လုံးကြီးစခန်းမှာ ပြန်လွှတ်ပေးလို့ တော်သေးတယ် ပြောရမယ်။ လူသားဒိုင်းတွေမပါတော့ ကျနော်တို့ အေးအေးဆေးဆေး တိုက်ခိုက်နိုင်ခဲ့တယ်။ မိုင်းကွင်းထဲရောက်လာလို့ သူတို့ထိခိုက်သေဆုံးမှုရှိခဲ့တယ်။ ” လို့ KNU တပ်မဟာ(၂) ၊ တပ်ရင်း(၅)၊ ကမ်းနီကြားဒေသ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
အဲ့ဒီနောက်မှာတော့ စစ်အုပ်စုတွေဟာ ကမ်းနီကတဆင့် တောင်ငူကို ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။
တောင်ငူ-လိပ်သိုလမ်းပိုင်းကို စစ်အုပ်စုက ၁ပတ် အနည်းဆုံး ၂ကြိမ်လောက် စစ်ကြောင်းထိုးလေ့ရှိကြောင်းနဲ့ ဒေသခံရွာတွေထဲ ဝင်ရောက်ရင်း အရပ်သားတွေကို လူသားဒိုင်းလုပ် တပ်စွဲလေ့ရှိပါတယ်။
“စစ်ကြောင်းဝင်လာရင်ရှောင်တဲ့သူရှိသလို မရှောင်ကြတာတွေလည်းရှိတော့ သူတို့ကို ဟိုက ဓားစာခံလုပ်ခေါ်လာရင် ကျနော်တို့က ပစ်မရတော့ဘူး။ ကျနော်တို့ကတော့ ပြောတယ်။ မပစ်ချင်လို့။ ပစ်မရတာမဟုတ်ဘူးပေါ့။ အခုက စစ်ကြောင်းထိုးတာနဲ့ အမြဲတမ်း ရွာခံတွေပါလာတော့ အခက်တွေ့ရတယ်။ သတိပေးထားတာတောင် မရှောင်ကြတာတွေရှိတယ်” လို့ KNU တပ်မဟာ(၂) ၊ တပ်ရင်း(၅)၊ ကမ်းနီကြားဒေသ တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။