စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ပြည်သူတွေ သီတင်းကျွတ်လပြည့်ည မီးထွန်းပွဲ ပြုလုပ်နေချိန် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကို လုံးဝလက်မခံ ရှုတ်ချကြောင်း ဗြိတိသျှ၊ ဩစတြေးလျနဲ့ ဆွစ်ဇာလန်သံရုံးတို့က အသီးသီး ထုတ်ပြန်လိုက်ပါတယ်။
ဗြိတိသျှသံရုံး (ရန်ကုန်) ရဲ့ အကြီးအကဲဖြစ်သူ Andrew Jackson က “စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့မှာ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ပွဲတော်ရက်အတွင်း ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများ သေဆုံးခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှုသတင်းတွေ ကြားသိရတာ အင်မတန်မှ တုန်လှုပ်ဖွယ်ကောင်းပါတယ်။ အခုလို တိုက်ခိုက်မှုမျိုးအတွက် လက်ခံနိုင်ဖွယ်အကြောင်းပြချက် လုံးဝ မရှိပါဘူး” လို့ ဆိုပါတယ်။
မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်ကို ယူကေအစိုးရအနေနဲ့ ရှုတ်ချကြောင်း၊ မြန်မာစစ်တပ်အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေ အားလုံးကိုလည်း အရပ်သားပြည်သူတွေ အထူးသဖြင့် ကလေးငယ်တွေကို အကာအကွယ်ပေးဖို့ သူက တိုက်တွန်းထားပါတယ်။
သြစတြေးလျသံရုံးကလည်း “သြစတြေးလျသည် ဗုဒ္ဓဘာသာဝင်တို့၏ မီးထွန်းပွဲတော် ကျင်းပနေစဉ်ကာလအတွင်း တိုက်ခိုက်ခံရမှုများ အပါအဝင် ပြည်သူလူထုအပေါ် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ ဆက်လက်တိုက်ခိုက်နေမှုများကို ရှုတ်ချပါသည်” လို့ လူမှုကွန်ရက်က တဆင့် အသိပေးလာပါတယ်။
အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အတားအဆီးမရှိ ဘေးကင်းလုံခြုံစွာ ပေးအပ်နိုင်ဖို့ ၊ မတရားထိန်းသိမ်းခံထားရတဲ့ အကျဥ်းသားတွေကို လွှတ်ပေးဖို့နဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေကို လုပ်ဆောင်ဖို့ တောင်းဆိုလိုက်ပြီး သြစတြေးလျသံရုံးအနေနဲ့ မြန်မာပြည်သူတွေနဲ့ အတူတကွ ဆက်လက်ရပ်တည်လျက်ရှိကြောင်း အသိပေးထားပါတယ်။
ဆွစ်ဇာလန်သံရုံးကလည်း ဘာသာရေးပွဲတော်အတွင်း ကလေးငယ်တွေအပါအဝင် ဒါဇင်နဲ့ချီတဲ့ အရပ်သားတွေကို သေဆုံးစေခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ရှုတ်ချကြောင်း ဖော်ပြခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာမှာ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆီမီးသပိတ်ပြုလုပ်နေချိန် မုံရွာ နမခ က တက်လာတဲ့ ပါရာမော်တာ (စက်တပ်လေထီး) နဲ့ ၁၂၀မမ ဗုံးသီး ၂လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေ အပါဝင် အယောက် ၃၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း အယောက် ၅၀ ခန့် ရှိခဲ့ပါတယ်။