နီပေါမှာ လူမှုကွန်ရက်ပိတ်ပင်မှုကြောင့် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်ပြိုခွဲမှုတွေကြောင့် လူ ၁၉ ယောက် သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

လူထိခိုက်သေဆုံးမှု များပြားခဲ့တဲ့ မနေ့က ဆန္ဒပြပွဲတွေအပြီး စက်တင်ဘာလ ၉ ရက်နေ့မှာတော့ အဂတိလိုက်စားမှု ဆန့်ကျင်ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ် K.P. Sharma Oli အစိုးရကို ဆန့်ကျင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြပွဲတွေကို ဖြိုခွင်းရာမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေ အသုံးပြုခဲ့တာကြောင့် လူ ၁၉ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ရာက အကြမ်းဖက်မှုအသွင်ဆောင်လာပြီး အစိုးရလည်း လူမှုကွန်ရက်ပိတ်ပင်မှုကို ရုတ်သိမ်းခဲ့ရပါတယ်။

ဒါပေမယ့် အင်္ဂါနေ့မှာတော့ လူထုရဲ့ အစိုးရအပေါ် ဒေါသတွေ ပြေလျော့ခြင်းမရှိဘဲ အာဏာပိုင်တွေရဲ့ ကာဖျူးအမိန့်ကို ဆန့်ကျင်ပြီး လွှတ်တော်အရှေ့နဲ့ ခတ္တမန်ဒူမြို့တော်ရဲ့ နေရာအတော်များများမှာ နည်းမျိုးစုံနဲ့ ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။

နိုင်ငံအနှံ့က မြို့တွေကို ပျံ့နှံ့သွားတဲ့ ဆန္ဒပြပွဲတွေဟာ အဂတိလိုက်စားမှုကို ဖြေရှင်းဖို့နဲ့ စီးပွားရေးအခွင့်အလမ်းတွေကို မြှင့်တင်ဖို့ အစိုးရရဲ့ အရေးယူဆောင်ရွက်မှု အားနည်းတာကြောင့် လူငယ်တွေရဲ့ စိတ်ပျက်မှုကနေ ဖြစ်ပွားလာတာဖြစ်ပြီး “Gen Z မျိုးဆက်မှ ဆန္ဒပြမှုများ” လို့လည်း ခေါ်ကြပါတယ်။

၂၀၀၈ ခုနှစ်မှာ ဘုရင်စနစ်ကို ဖျက်သိမ်းပြီးနောက်ပိုင်း အသက် ၇၃ နှစ်ရှိ အိုလီဟာ နီပေါနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ သူ့ရဲ့အစိုးရအဖွဲ့ဝင်နှစ်ယောက်ကတော့ ကိုယ်ကျင့်တရားအရ ဆက်လက်မလုပ်ကိုင်လိုတော့ကြောင်း ပြောဆိုပြီး တနင်္လာနေ့နှောင်းပိုင်းမှာ ရာထူးကနေ နှုတ်ထွက်ခဲ့ကြပါတယ်။

နီပေါရွှေ့ပြောင်းအလုပ်သမား ထောင်ပေါင်းများစွာ နေထိုင်တဲ့ အိမ်နီးချင်းအိန္ဒိယကတော့ အခြေအနေတွေကို “အနီးကပ် စောင့်ကြည့်နေတယ်” လို့ ဆိုပါတယ်။

“ရင်းနှီးတဲ့ မိတ်ဆွေနဲ့ အိမ်နီးချင်းတဦးအနေနဲ့ သက်ဆိုင်သူတွေအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြပြီး ဘယ်ကိစ္စမဆို ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ဆွေးနွေးမှုတွေကတဆင့် ဖြေရှင်းဖို့ မျှော်လင့်တယ်” လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်က အစိုးရဟာ ဖေ့စ်ဘွတ်နဲ့ X တို့အပါအဝင် လူမှုကွန်ရက်ပလက်ဖောင်းအချို့ကို ပိတ်ပင်ခဲ့ကြောင်း၊ အဆိုပါ ပလက်ဖောင်းတွေဟာ အစိုးရဆီမှာ မှတ်ပုံတင်ဖို့ ပျက်ကွက်ခဲ့ကြောင်း ပြောဆိုပါတယ်။

“ကျနော်တို့ လူမှုကွန်ရက်တွေ ပိတ်ထားတာကို ပြန်ရုပ်သိမ်းလိုက်ပါပြီ။ အခု အားလုံး အသုံးပြုလို့ရနေပါပြီ” လို့ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး Prithvi Subba Gurung က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ခတ္တမန်ဒူမြို့ဧရိယာအတွင်းမှာတော့ ကာဗျူးအမိန့်ကို ထုတ်ပြန်ထားပါတယ်။

“ကာဖျူးကာလအတွင်း ဆန္ဒပြမှုတွေ၊ လူစုလူဝေးစုရုံးတာ၊ တွေ့ဆုံမှု သို့မဟုတ် လူထုစုရုံးမှုတွေ ပြုလုပ်ခွင့်မပြုဘူး” လို့ ခတ္တမန်ဒူခရိုင် အုပ်ချုပ်ရေးမှူး Chhabilal Rijal က အသိပေးစာတစောင်မှာ ပြောကြားခဲ့ပါတယ်။

ဆန္ဒပြသူတွေကတော့ တနင်္လာနေ့က ဆန္ဒပြပွဲတွေအတွင်း သေဆုံးခဲ့သူတွေကို ရည်စူးပြီး ဝမ်းနည်းခြင်း အခမ်းအနားတွေမှာ ပါဝင်ကြဖို့ လူထုကို တောင်းဆိုထားပါတယ်။

အိမ်နီးချင်း Lalitpur ခရိုင်မှာလည်း အာဏာပိုင်တွေဟာ သန်းခေါင်ယံအချိန်ကာဖျူးကို အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဝန်ကြီးချုပ် Oli ကတော့ “အမျိုးမျိုးသော တကိုယ်ကောင်းဆန်တဲ့အဖွဲ့အစည်းတွေက ထိုးဖောက်ဝင်ရောက်လာတာကြောင့်” အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာလို့ ပြောဆိုကာ ဝမ်းနည်းကြောင်း ပြောပါတယ်။

အစိုးရအနေနဲ့ သေဆုံးသူတွေရဲ့ မိသားစုတွေကို ထောက်ပံ့ကြေးပေးမှာဖြစ်ပြီး ဒဏ်ရာရရှိသူတွေကို အခမဲ့ ကုသပေးမယ်လို့လည်း သူက ထပ်ပြောပါတယ်။

“အနာဂတ်မှာ ဒီလိုဖြစ်ရပ်မျိုး ထပ်မဖြစ်စေဖို့ အကြောင်းအရင်းတွေကို ရှာဖွေဖို့၊ ဆုံးရှုံးမှုတွေကို အကဲဖြတ်ဖို့နဲ့ အကြံပြုချက်တွေ ပေးဖို့အတွက် ၁၅ ရက်အတွင်း စုံစမ်းစစ်ဆေးရေးအဖွဲ့တဖွဲ့ကို ဖွဲ့စည်းသွားပါမယ်” လို့ ဝန်ကြီးချုပ်က တနင်္လာနေ့ ညနှောင်းပိုင်း ထုတ်ပြန်ချက်မှာ ပြောပါတယ်။

မူရင်းသတင်း – Nineteen killed in Nepal in ‘Gen Z’ protest over social media ban, corruption

0 Shares:
You May Also Like
Read More

ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကို ရာထူးတာဝန်မှ ဆိုင်းငံ့

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ နယ်စပ်အရေး ဖုန်းပြောဆိုတဲ့ အသံဖိုင် ပေါက်ကြားပြီးနောက် ထိုင်းလွှတ်တော်အမတ်တွေရဲ့ တောင်းဆိုချက်အရ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကို ရာထူးတာဝန်ကနေ ယာယီဆိုင်းငံ့ထားတယ်လို့ ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။
Read More

တရားရုံး ရက်ချိန်းမတိုင်မီ သက်ဆင် ထိုင်းပြန်ရောက်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ ၎င်းရဲ့ အငြင်းပွားဖွယ် ဆေးရုံတက်မှုအတွက် တရားရုံးဆုံးဖြတ်ချက်ချမယ့် ရက်ချိန်းမတိုင်မတိုင်မီ စက်တင်ဘာလ ၈ ရက် မွန်းလွဲပိုင်းမှာ စင်္ကာပူကနေ ဘန်ကောက်ကို ပြန်ရောက်လာပါတယ်။
Read More

လူမျိုးတုံး သတ်ဖြတ်မှုအတွက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC အစိုးရရှေ့နေ တောင်းဆို

ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် အကြမ်းဖက်စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) ရဲ့ အစိုးရရှေ့နေချုပ်က တရားသူကြီးတွေကို ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုလိုက်ပါတယ်။
Read More

သေ့ဘောဘိုး စခန်းသိမ်းတိုက်ပွဲကြောင့် ထိုင်းတိုက်လေယာဉ်နှစ်စင်း နယ်စပ်ကင်းလှည့်

မြန်မာစစ်တပ်နဲ့ ကရင်တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတဖန် ပြန်လည်ပြင်းထန်နေတာကြောင့် ထိုင်းလေတပ်က နယ်စပ်ကင်းလှည့်နေကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

EU က မြန်မာကို ယူရို ၃၃သန်းကျော် ထောက်ပံ့ကူညီမယ်

မြန်မာပြည်တွင်းက တိုက်ပွဲတွေ၊ ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားရတဲ့ ဒုက္ခသည်တွေကို ယူရို ၃၃ သန်းကျော် ထောက်ပံ့ပေးအပ်သွားမယ်လို့  ဥရောပသမဂ္ဂ  EU က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေညီလာခံ သဘာပတိဖြစ်သူနဲ့ တွေ့ဆုံခဲ့

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက (၇၉) ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိအဖြစ် ဆောင်ရွက်မယ့် Philemon Yang နဲ့ စက်တင်ဘာ ၁၆ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။