ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူသွားတဲ့ Mi 17 ရဟက်ယာဉ် ၃စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပစ်ချခဲ့ရာမှာ ရဟက်ယာဉ် တစ်စီး မီးလောင်ပျက်ကျပြီး တစ်စီးကတော့ အရေးပေါ် ဆင်းသက်ခဲ့တယ်လို့ ရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

စစ်ကောင်စီကတော့ ထုံးစံအတိုင်းသူတို့ရဲ့ ရဟတ်ယာဉ် ပစ်ချခံရတယ်ဆိုတာကို ဝန်မခံဘဲ လေယာဉ်စက်ချို့ယွင်းချက်ကြောင့် ပျက်ကျသွားတယ်လို့ လိမ်လည်ပြီး သတင်းထုတ်ပြန်လာခဲ့ပါတယ်။ 

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဗန်းမော်မြို့ရဲ့ ရှေ့တန်းစခန်းကို ထောက်ပို့ ပစ္စည်းတွေ သွားရောက်ပို့ဆောင်ပြီး ပြန်လည်ထွက်ခွာလာစဉ် ဗန်းမော်မြို့ရဲ့ အနောက်တောင်ဘက် မီတာ ၁၄၀၀၀ ခန့်အကွာမှာ ရဟတ်ယာဉ်က  ရုတ်တရက် စက်ချို့ယွင်းတာကြောင့် ပျက်ကျသွားတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

ဒါပေမယ့် စစ်ကောင်စီပြောသလို စစ်ချို့ယွင်းမှုကြောင့်မဟုတ်ဘဲ ရဟတ်ယာဉ် ပစ်ချခံလိုက်ရပြီး ပျက်ကျသွားတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့တာကြောင့် စစ်ကောင်စီ ဝေဖန်ခံနေရတာပါ။ 

အဲဒီဗီဒီယိုဖိုင်ထဲမှာ ရဟတ်ယာဉ်မီးလောင်ပျက်စီးနေတာကို ရှင်းရှင်းလင်းလင်းတွေ့မြင်ရပြီး ရဟတ်ယာဉ်ပေါ်မှာ ပါလာတဲ့ စစ်ကောင်စီတပ်သားတွေလို့ ယူဆရတဲ့ အလောင်းတွေကိုလည်း တွေ့မြင်ရပါတယ်။ 

စစ်ကောင်စီထံကနေ သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်တွေရဲ့ အသုံးဝင်ပုံနဲ့ ဆက်စပ်အကြောင်းအရာတွေကို မျှဝေလေ့ရှိတဲ့  Tactical Raptor 2.0 ကလည်း- “ဗီဒီယိုတွေထဲမှာ မြေပြင်ကို ပျက်ကျသွားတဲ့ အထိ မမြင်ရတဲ့အတွက် နည်းနည်းတော့ ပြောရခက်သွားပါတယ်။ ဒရုန်း ဗီဒီယိုထဲမှာ ရဟတ်ယာဉ် ပျံနိုင်ဖို့ အရေးကြီးနေရာဖြစ်တဲ့ ပင်မပန်ကာဒလက် main rotor နားမှာ လက်နက်ထိမှန်ပြီး ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့တာ တွေ့ရတယ်။ ဒါကြောင့် ရဟတ်ယာဉ်က ချက်ချင်း ပျက်မကျပေမယ့် ဆက်လက်ပျံသန်းရင်း ပျက်ကျတာ ဖြစ်နိုင်ပါတယ်။ သေချာတာတော့ သူ့ဘာသူတော့ စက်ချို့ယွင်းတာမဟုတ်ဘဲ ဒီဘက်က တစ်ခုခုနဲ့ ပစ်လိုက်တာ ထိသွားလို့ မီးလောင် ပျက်စီးတာမျိုးလို့ပဲ ယူဆပါတယ်” လို့ မောင်းကို ပြောပါတယ်။

ဒါ့အပြင် KIA မှ ဗိုလ်မှူးကြီးနော်ဘူကလည်း ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့တာ အမှန်ဖြစ်ကြောင်းကို သတင်းဌာနတွေကို အတည်ပြု ဖြေကြားထားပါတယ်။ 

Tactical Raptor 2.0 က ဆက်လက်ပြီး “KIA ဘက်ကတော့ လေထဲမှာ မီးလောင်ပြီး ပျက်ကျတယ်လို့ ပြောထားတယ် ထင်တယ်။ ဒါပေမယ့် ပျက်ကျပြီး မြေပြင်နဲ့ ထိမှ မီးလောင်ပေါက်ကွဲတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ၂၀၂၄ တုန်းကတော့ ပခုံးထမ်းလေယာဉ်ပစ် MANPADS နဲ့ ပစ်တာကနေ ထိတဲ့ အထိ မြင်ရတဲ့အတွက် သေချာ ပြောနိုင်တယ်။ အခု ဗန်းမော် ဖြစ်ရပ်ကတော့ ပခုံးထမ်းလေယာဉ်ပစ်မျိုး ထိမှန်တာ မဟုတ်ဘဲ ဒရုန်းဗုံးသီး၊ သံချက်ကာဖောက် စနိုက်ပါ စသဖြင့ လက်နက်တစ်ခုခုထိ မှန်ခဲ့ပုံရတယ်။ လက်နက်ပြင်းအားနည်းတာကြောင့် ချက်ချင်းပျက်မကျတာမျိုး ဖြစ်နိုင်ပါတယ်” လို့ သူ့ရဲ့ယူဆချက်ကို ပြောပြပါတယ်။ 

စစ်ကောင်စီအနေနဲ့ ရဟတ်ယာဉ် စက်ချို့ယွင်းတာကြောင့် ပျက်ကျတာပါလို့ ဘယ်လိုပဲငြင်းဆိုနေပေမယ့် ရဟတ်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ထိမှန်သွားချိန် နောက်ထပ် ရဟတ်ယာဉ်တစ်စီးက ကြောက်လန့်တကြား ထွက်ပြေးဖို့ ကြိုးစားတာကြောင့် စစ်ကောင်စီတပ်သားတွေ ပြုတ်ကျကျန်ခဲ့တာကိုလည်း အဆိုပါဗီဒီယိုဖိုင်ထဲမှာ တွေ့မြင်ရပါတယ်။

ဗန်းမော်မြို့ကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေခဲ့တာဖြစ်ပြီး လက်ရှိမှာ စစ်ကောင်စီတပ်တွေရဲ့ ရိက္ခာပို့လမ်းကြောင်း၊ စစ်ကူလမ်းကြောင်းတွေကို ပိတ်ဆို့ထားတာကြောင့် ရဟတ်ယာဉ်တွေကို စစ်ကောင်စီက အသုံးပြုနေရတာ ဖြစ်တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Tactical Raptor 2.0)

0 Shares:
You May Also Like
Read More

ရေဦးနှင့် ဒီပဲယင်းကိုတက်မည့် စစ်တပ်စစ်ကြောင်း ဘုတလင်တွင် ရက် ၂၀ ကြာ ပိတ်မိပြီး နမခကို ပြန်ဆုတ်သွား

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ရက် ၂၀ကြာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်း ထိခိုက်သေဆုံးများပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်းမှူး ကိုကြွက်ကလေးက မောင်းကို ပြောပါတယ်။
Read More

သီပေါမြို့ကို အကြမ်းဖက်စစ်တပ် ထပ်မံဗုံးကြဲလို့ အမျိုးသား တစ်ဦး ဒဏ်ရာရ တစ်လနီးပါးအတွင်း သီပေါမြို့နယ်ကို စစ်ကောင်စီ ၆ ကြိမ် ဗုံးကြဲခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီတပ်က ဒီနေ့ ညနေပိုင်းမှာ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ပျက်စီးပြီး အမျိုးသားတစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်ဖြူနှင့် စစ်တွေတွင် အရပ်သား နေအိမ်များကို စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲမှု အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နဲ့ စစ်တွေမြို့နယ်မှာ အရပ်သားတွေ နေထိုင်ရာ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ရခိုင်ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုနဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နွေဦးတော်လှန်ရေးလှိုင်းလုံးဟာ နိုင်ငံရဲ့ တော်လှန်ရေးသမိုင်းတွေထဲမှာ အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံး တော်လှန်ရေးလှိုင်းလုံးကြီးဖြစ်တယ်လို့ NUG ယာယီသမ္မတ ပြော

လက်ရှိနွေဦးတော်လှန်ရေးလှိုင်းလုံးဟာ မြန်မာနိုင်ငံရဲ့ တော်လှန်ရေး သမိုင်းတွေထဲမှာ အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံး တော်လှန်ရေး လှိုင်းလုံးကြီးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃၀ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ပျူရွာကို လေယာဥ်နဲ့ချပေးတဲ့ ရိက္ခာတချို့ တော်လှန်ရေးရဲဘော်တွေရရှိပြီး ရိက္ခာထုပ်ထဲက ဆန်တွေ လုံးဝစားလို့မရအောင် ပိုးထိုးနေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာက ပျူစောထီးတွေဆီ အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ချလာပေးတဲ့ ရိက္ခာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ပုံတောင်တိုက်ဂါး PDF တပ်ဖွဲ့နဲ့ Eagle Wings Drone Force တပ်ဖွဲ့တို့က ရရှိခဲ့ကြောင်း သိရပါတယ်။
Read More

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး လှုပ်ရှားနယ်မြေအတွင်းရှိ ပြည်သူလူထုနှင့် စစ်ရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေး

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)/ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) က လှုပ်ရှားနယ်မြေအတွင်းရှိ ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။