မကွေးတိုင်း၊ မြိုင်မြို့နယ်က နှမ်းဆီကန် ကျေးရွာကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာအတွင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်ကတည်းက အဆိုပါ စစ်တပ်စစ်ကြောင်းဟာ ပခုက္ကူမြို့နယ် ညောင်ချစ်ပင်ဘက်ကတဆင့် တွင်းမပျူစောထီးရွာကို ရောက်လာတာဖြစ်ပြီး ၅ ရက်နေ့မှာတော့ တွင်းမပျူရွာကနေ မြိုင်မြို့နယ်တောင်ပိုင်း နှမ်းဆီကန်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။
စစ်သားနဲ့ ပျူစောထီး အင်အား ၁၈၀ကျော်ပါတဲ့ အဆိုပါ စစ်တပ်စစ်ကြောင်းဟာ နှမ်းဆီကန်ကျေးရွာက နေအိမ်တွေကို နေ့လယ်ပိုင်းလောက်မှာ စတင်မီးရှို့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“အိမ်တွေကတော့ ဘယ်လောက်ရှို့ခံလိုက်ရလဲ ကျနော်တို့ အတည်မပြုနိုင်သေးပါဘူး…. အခုချိန်ထိ သူတို့ ရွာထဲမှာ ရှိနေတာကြောင့်လေ။ ဒီမနက်မှာ စစ်ကြောင်းက ဆက်ပြီး လှုပ်ရှားမယ့် သဘောရှိတယ်။ ဒါကြောင့်ပဲ လေကြောင်းနဲ့ ဗုံးကြဲချနေတာ” လို့ ဒေသခံပြည်သူတယောက်က မောင်းကို ပြောပါတယ်။
ဒီနေ့ နိုဝင်ဘာလ ၆ ရက် မနက် ၇နာရီဝန်းကျင်မှာ စစ်တပ်က နှမ်းဆီကန်ကျေးရွာ အနီးတဝိုက်ကို ဂျက်ဖိုက်တာနဲ့ ဗုံး ၆လုံးခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“တချို့တွေပြောတာတော့ ကလက်စတာဗုံးတွေလို့ပြောတယ်…. ကျနော်တို့လည်း ကလက်စတာလား ခါတိုင်းကြဲနေကျ ပေါင်ဗုံးပဲလားတော့ မသိဘူးပေါ့နော်” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။
အဲဒီလို ဗုံးကြဲတိုက်ခိုက်ပြီး နာရီဝက် ဝန်းကျင်အချိန်မှာပဲ ပုခုက္ကူတပ်မ ၁၀၁ ကနေလည်း ပါရာမော်တာ ၃စီးတက်လာကာ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ပြည်သူ ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
လက်ရှိ နှမ်းဆီကန်ကျေးရွာက ဒေသခံတွေကတော့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကြောင်းက မြိုင်စက်မှုဇုံကို ဆက်ရွေ့မလား၊ ဒါမှမဟုတ် နှမ်းဆီကန်ကျေးရွာနဲ့ ၄ မိုင်အကွာမှာရှိတဲ့ သရက်ကန် ပျူစောထီရွာကိုပဲ ဆက်လက် ရွေ့လျားမလားဆိုတာ စောင့်ကြည့်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
— Previous article
စစ်ဘေးသင့် မြန်မာပြည်သူများကို မမေ့ရန်နှင့် အကူအညီများ ပေးကြရန် ပုပ်ရဟန်းမင်းကြီး လီယို တိုက်တွန်း
Next article —